ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာသုံးမှု ရာဇသတ်ကြီး ပုဒ်မ ၁၃၀(က)ဖြင့် စစ်ကောင်စီက တရားစွဲထားသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ယမန်နေ့က ရန်ကုန်မြို့ ဒဂုံမြို့နယ် တရားရုံးမှ ဒဏ်ငွေ ကျပ်တသိန်း ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
တရားရုံးနှင့် နီးစပ်သူ တဦးက “ကျပ် ၁ သိန်းပဲ ချလိုက်တာ။ ပုဒ်မ ၁၃၀ (က) နဲ့ ။ ကျန်တဲ့အမှုတွေကို မဆွဲတော့ဘဲ ဒီ ၁ မှုပဲ ငွေဒဏ်ဆောင်ပြီး လွှတ်လိုက်တယ်လို့ သိရတယ်။ လွတ်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) သည် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီးများနှင့် ဝန်ကြီး ချုပ်များလည်း ယင်းပုဒ်မ – ၁၃၀(က) ဖြင့် စွဲဆိုခံရကာ ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ရသော်လည်း ဦးဖြိုးမင်းသိန်းက ဒဏ်ငွေ ကျပ်တစ်သိန်းဖြင့် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဦးဖြိုးမင်းသိန်းသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အဖမ်းခံရကာ စစ်ကြောရေးသို့ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့်သာ နေခဲ့ရသည်။
ထို့နောက် ၂၀၂၁ ခုနှစ်ထဲတွင် စစ်ကောင်စီဘက်က တရားလိုပြ သက်သေအနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီ အခေါက်ရွှေ ၇ ပိဿာနှင့် အမေရိကန်ဒေါ်လာ ၆ သိန်းပေးခဲ့ကြောင်း ထွက်ဆိုထားသည်။
ထိုကဲ့သို့ စစ်ကောင်စီဘက်ကို လိုက်လျောမှုကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်လျှော့ပေါ့ခံရခြင်း ဖြစ်သည်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။
အမည်မဖော်လိုသူ ရှေ့နေတဦးက “ဒီပုဒ်မနဲ့ ဒါနဲ့ပဲ စွဲမယ်၊ ကျန်တာတွေ မစွဲဘူးဆိုတာက တရားစွဲ အဖွဲ့အစည်းရဲ့ သဘော ပါပဲ။ ဥပဒေရဲ့ သဘောကတော့ တရားစွဲ အဖွဲ့အစည်းက တရားစွဲပြီး တရားရုံးကို တင်ပို့မှ တရားရုံးက ဆုံးဖြတ်ပေးရ တာ ကိုး။ အဲဒီတော့ တရားစွဲ အဖွဲ့အစည်း ဆိုတာကလည်း စကစ ရဲ့ လက်အောက်က စကစ ညွှန်ကြားချက်နဲ့ လုပ်ကြတာ ဆိုတော့ ဒါက သိပ်ဆန်းတော့ မဆန်းပါဘူး” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဦးဖြိုးမင်းသိန်းနှင့်အတူ ဖမ်းဆီးခံရသည့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနှင့် ဒေါ်လာများ ပေးခဲ့သည်ဆိုသည့် အဂတိအမှုတွင် သက်သေတဦးအဖြစ် စစ်ကောင်စီ ဘက်မှ ထွက်ဆိုခဲ့သည်။
ဆက်လက်ပြီး အထက်ပါရှေ့နေ့က “သူ (ဦးဖြိုးမင်းသိန်း) က ဒေါ်အောင်ဆန်းစုကြည့်တို့ သမ္မတကြီး ဦးဝင်းမြင့်တို့ အဂတိမှုတွေမှာ တရားလိုပြ သက်သေအဖြစ်နဲ့ လိုက်ပါပြီး ဆောင်ရွက်ထားတယ် ဆိုတော့ ဒါကိုပြန်ပြီး စောင့်ရှောက်ပေး တဲ့ သဘောလို့ပဲ ထင်ပါတယ်” ဟု ဆိုသည်။
ဦးဖြိုးမင်းသိန်းသည် ၈၈၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သည့် အတွက် စစ်အာဏာရှင်များက ထောင်ဒဏ်ချမှတ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ၁ ဦး ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် ထောင်မှ လွတ်မြောက်ခဲ့သည်။
ဦးဖြိုးမင်းသိန်းသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီ ပါတီကို တည်ထောင်ခဲ့သူတဦးလည်းဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်သူ့ဒီမိုကရေစီပါတီကို စတင်တည်ထောင်ပြီးနောက် ဦးရွှေအုန်း၏ ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်နှင့် ပူးပေါင်းကာ ပြည်ထောင်စုဒီမိုကရေစီပါတီ အဖြစ် ဖွဲ့လိုက်သော်လည်း ထိုနေရာမှလည်း နှုတ်ထွက်ခဲ့ပြန်သည်။
ထို့နောက်တွင် ဦးဖြိုးမင်းသိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၀ တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်မှစ၍ ၎င်းအုပ်ချုပ်မှု သက်တမ်း ၅ နှစ်နီးပါးတွင် ရန်ကုန်လူထု၏ ထောက်ခံမှု လက်ခုပ်သံများသာမက ဝေဖန်စွပ်စွဲပြစ်တင်မှုများကိုပါ တပြိုင်တည်း ရသည့် နိုင်ငံရေးသမားတဦးလည်း ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဦးဖြိုးမင်းသိန်း ထွက်ချက်ပေးတဲ့အခါ
ဦးဖြိုးမင်းသိန်း ထွက်ဆိုချက် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို
ဦးဖြိုးမင်းသိန်း၏ နိုင်ငံရေး အချိုးအကွေ့ အတက်အကျများ
ဦးဖြိုးမင်းသိန်း၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှု ဧပြီ ၂၆ ရက် အမိန့်ချမည်
လာဘ်ပေးခဲ့ကြောင်း ဦးဖြိုးမင်းသိန်း စွပ်စွဲချက် ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် စစ်ဆေး