စစ်ပွဲများနှင့် ငွေကြေးဖောင်းပွမှုများကြောင့် စစ်ကောင်စီအပေါ် ယုံကြည်မှု ပိုကျဆင်းလာချိန် ယနေ့ အမေရိကန် ၁ ဒေါ်လာ မှာ ၅၄၀၀ ကျပ်၊ အကယ်ဒမီ အခေါက်ရွှေ ၁ကျပ်သားမှာ ၆၆ သိန်းကျော် ဖြစ်လာကြောင်း သိရသည်။
အမေရိကန်ဒေါ်လာသည် ဇူလိုင်လဆန်း က ၁ ဒေါ်လာ ၄၈၀၀ ကျပ်ဝန်းကျင်ရှိရာမှ ယခု ကျပ် ၅၄၀၀ ကျော်အထိ မြင့်လာ ပြီး ထိုင်းဘတ်ငွေလဲနှုန်းမှာလည်း ကျပ် ၁ သိန်းလျှင် ၇၀၅ ဘတ်ရှိသည့်အတွက် ၁ ဘတ်လျှင် ၁၄၁ ကျပ်နှုန်းဖြစ်လာကာ တရုတ်ယွမ်ငွေမှာလည်း ၇၀၀ ကျပ်ကျော်ထိ ရှိလာသည်။
ရန်ကုန်မြို့ရှိ ဒေါ်လာရောင်းဝယ်နေသူ တဦးက “စစ်ရိပ်စစ်ငွေ့ မကင်းတာ၊ စစ်ကောင်စီကို အယုံအကြည်မရှိတာ၊ ငွေကြေး ဖောင်းပွမှု ကြီးလာတာတွေကြောင့် ရွှေပဲ လူတွေက စုတော့ ရွှေဈေးပေါ်မှာလိုက်ပြီးတော့ အကုန်လုံး စုပြုံတက် ကြတာ ပေါ့။ နောက်ပြီး စားရေရိက္ခာကအစ ဝယ်ရပြုရ ခက်ခဲတော့ အကုန်လုံး ဝယ်ကြ ခြမ်းကြ ရောင်းကြဆို တဲ့ အနေအထား မျိုးမှာ မတည်မငြိမ်ဖြစ်နေတော့ အကုန်လုံးက ကြိုက်ရောင်းကြိုက်ဝယ်တွေ ဖြစ်ကုန်တာ”ဟု ဧရာဝတီ သို့ပြောသည်။
လက်ရှိရွှေဈေးမှာလည်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၆၆ သိန်း ဝန်းကျင်အထိ ရောက်ရှိနေသည်။
စစ်ကောင်စီက လာမည့် ဩဂုတ်လမှ စ၍ ဝန်ထမ်းများကို ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် တိုးပေးဦးမည် ဖြစ်ရာ ကျပ်ငွေ တန်ဖိုးပိုမိုကျ၍ ကုန်ဈေးနှုန်းတက်လာမည့် အစဉ်အလာလည်း ရှိနေသဖြင့် ဈေးကွက်အပေါ် သက်ရောက်မှုရှိကြောင်း လုပ်ငန်းရှင်များထံကသိရသည်။
လုပ်ငန်းရှင်တဦးက “ဝန်ထမ်းလစာတိုးပြီဆိုထဲက သူတို့က ငွေကြေးကို ရိုက်ထုတ်ပြီလေ။ အဲဒါနဲ့ ပေးမှာဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှုဖြစ်မယ်။ ဒီတော့ မယုံသင်္ကာမှုနဲ့ ဈေးက တက်ဦးမှာပေါ့”ဟု ပြောသည်။
လက်ရှိ စစ်ကောင်စီနှင့် ၎င်းတို့ လုပ်ဆောင်နေသော စီးပွားရေးစီမံခန့်ခွဲမှုအပေါ် ယုံကြည်မှု ကျလာသဖြင့် ပြည်ပနိုင်ငံများ သို့ ပြောင်းရွှေ့ရန်လုပ်ဆောင်လာသူများလည်း ရှိနေသောကြောင့် ဒေါ်လာနှင့် ရွှေဈေးကွက်မှာ လှုပ်ခတ်နေကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောသည်။
“ဈေးကွက်က နိုင်ငံရေးအရွေ့ တွေနဲ့ နည်းနည်းလေး ရော ဦးမယ်။ ငွေဈေးက လှုပ်နေဦးမယ်။ အလုပ်လုပ်လို့တော့ ကောင်း မှာ မဟုတ်ဘူး။ နောက်တခုက လာရှိုးမှာ စစ်တပ်နဲ့ MNDAAနဲ့ ဖြစ်နေတဲ့အပေါ် တရုတ်က ဘယ်လို စီမံခန့်ခွဲမှုတွေ ရှိမလဲ။ ဒါတွေလည်း ရှိနေတယ်။ စစ်ရိပ်စစ်ငွေ့တွေက ရှိတယ်။ စကစ ပေါ်လစီအပြောင်းအလဲပေါ်လည်း မူတည်တယ်။ ပြောင်းလို့ ရှိရင် အကျဘက်ကို မျှော်တာပေါ့ ဒါပေမယ့် လက်ရှိ အနေအထားရတော့ ဆက်တက်ဖို့က များနေတယ်”ဟု ပြောသည်။
ထို့ကြောင့် ဈေးကွက်အတွင်းရှိလုပ်ငန်းရှင်များက ငွေဈေးမှာ ဆက်တက်နိုင်သည့် အလားလာများရှိနေပြီး ဈေးကျလျှင် လည်း သိသာမည့်အခြေအနေမရှိကြောင်း သုံးသပ်ပြောဆိုသည်။
ရန်ကုန်မြို့ရှိရွှေဆိုင်ပိုင်ရှင်တဦးက “ထုံးစံအတိုင်း အဖမ်းအဆီးတွေတော့ ရှိလာနိုင်တော့ ဈေးကွက်ကတော့ မှောင်ခိုပဲ ဖြစ်နေကြတာပေါ့။ ဒီတော့ ရွှေဆိုင်တွေအကုန်လုံးက အရောင်းအဝယ် ခက်နေကြတယ်။ အထည်သေးတွေပဲ ရောင်းနေ ကြတာပေါ့နော်။ သူတို့ဈေး စသတ်မှတ်လိုက်တုန်းက အခေါက်ရောင်းတဲ့ ဆိုင်တွေဆိုရင် တယောက် ရွှေတပဲသား ရောင်းပေးတယ်။ အခု အဲဒီတပဲတောင် ရောင်းပေးရဲ့လားမသိဘူး။ ပြောသံတောင် မကြားတော့ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီ၏ လက်အောက်ခံ စသုံးလုံးမှ ရွှေကုန်သည်နှင့် လုပ်ငန်းရှင်များကို ခေါ်ယူပြီး ဈေးတင်မရောင်းရန်အတွက် လက်မှတ်ထိုးခိုင်းခြင်းများလည်း ပြုလုပ်ခဲ့သေးကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။
အမည်မဖော်လိုသည့် ရွှေလုပ်ငန်းရှင်တဦးက “ခေါ်ယူစစ်ဆေးတာတွေ လုပ်တယ်။ ပြီးရင် ပြန်လွှတ်တယ်။ ဒါပေမယ့် အခုလို ဈေးတက်ရင်တော့ လုပ်ငန်းရှင်တွေကို ခေါ်ခေါ်ပြီးတော့ လက်မှတ်ထိုးခိုင်းတာ ရှိတယ်။ စသုံးလုံးကပဲ တိုက်ရိုက် တန်းခေါ် လုပ်တာ”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ၏ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA) က ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့မှစတင်ပြီး အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၄၆ သိန်း ကျပ် ဝန်းကျင်ဖြင့်သာ ရောင်းဝယ်ကြရန်နှင့် သတ်မှတ်ဈေးထက်ပို၍ ဈေးနှုန်းတင်ရောင်းချပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုသည်။
You may also like these stories:
ငွေအလွယ်အကူ ထုတ်ယူနိုင်ကြောင်း ဘဏ်များကြေညာ
ရွှေကို သတ်မှတ်ဈေးဖြင့် မရောင်းပါက ဆိုင်ပိတ်ခံရမည်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR














