အင်ဒိုနီးရှားနိုင်ငံ၏ ရူပီးယားငွေတန်ဖိုးသည် ဆယ်စုနှစ် ၂ ခုအတွင်း အင်အား အချည့်နဲ့ဆုံးအဆင့်အထိ ကျဆင်းပြီး အင်္ဂါနေ့တွင် အမေရိကန် တဒေါ်လာလျှင် ၁၆၆၄၂ ရူပီးယားအထိကျဆင်းကာ ၁၉၉၈ ခုနှစ် ဇွန်လနောက်ပိုင်း တန်ဖိုးအနိမ့်ဆုံးဖြစ်သွားသည်။
ထိုငွေကြေးသည် ယခုနှစ်တွင် ၃ ရာခိုင်နှုန်း ချည့်နဲ့သွားကာ ထွန်းသစ်စဈေးကွက်ငွေကြေးများတွင် စွမ်းဆောင်ရည်အနည်းဆုံး ငွေကြေးများအနက်တခု ဖြစ်လာသည်။
ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် အင်ဒိုနီးရှား ဗဟိုဘဏ် (BI) က နိုင်ငံခြားငွေကြေးနှင့် ငွေတိုက်စာချုပ်ဈေးကွက်များကို စွက်ဖက်ပြီး ရူပီးယားကို တည်ငြိမ်စေရန်နှင့် ပြည်တွင်းဈေးကွက်တွင် ယုံကြည်မှုပြန်လည်ရယူရန် ကြိုးစားသည်။
ရူပီးယားငွေကို ထောက်ကူရန် အင်ဒိုနီးရှားဗဟိုဘဏ်ကြိုးစား
ငွေကြေးနှင့် ပိုင်ဆိုင်မှု စီမံခန့်ခွဲမှု ဒါရိုက်တာ ဖီထရာဂျပ်စ်ဒီမင်က အင်ဒိုနီးရှား ဗဟိုဘဏ်သည် ငွေကြေးတန်ဖိုးကျဆင်းခြင်းကို ကာကွယ်ရန် “ရဲရင့်ပြီး ချိန်ချိန်ဆဆ” လုပ်နေကြောင်း အတည်ပြုသည်။
ထိုအစီအမံများသည် နိုင်ငံခြားငွေ ရောင်းလိုအားနှင့် ဝယ်လိုအားကို ချိန်ညှိနေပြီး ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကို တည်ငြိမ်အောင်လုပ်ရန် ရည်ရွယ်သည်။ ရူပီးယားငွေတည်ငြိမ်ရေးအတွက် အင်ဒိုနီးရှား ဗဟိုဘဏ်သည် လက်ငင်းငွေချေ နိုင်ငံခြားငွေဈေးကွက်၊ ပြည်တွင်း ကြိုတင်သတ်မှတ် ငွေကြေးဈေးနှုန်းနှင့် လက်ငင်းဈေးကွက်အကြား ချိန်ညှိမှုနှင့် ငွေတိုက်စာချုပ်ဈေးကွက်များကို ဝင်ရောက်စွက်ဖက်သည်။
ရူပီးယားငွေသည် တဒေါ်လာလျှင် ဝ. ၅ ရာခိုင်နှုန်းအထိ ကျဆင်းကာ ၁၉၉၈ ခုနှစ် ငွေကြေးအကျပ်အတည်းနောက်ပိုင်း အနိမ့်ဆုံးသို့ ထိုးစိုက်ကျဆင်းပြီးနောက် ထိုသို့စွက်ဖက်ခြင်းဖြစ်သည်။ ကြားဝင်စွက်ဖက်မှုနောက်ပိုင်းတွင် တန်ဖိုးကျဆင်းမှု နည်းလာသော်လည်း အင်ဒိုနီးရှားစီးပွားရေး ထိခိုက်လွယ်မှုအတွက် စိုးရိမ်ပူပန်မှု မြင့်မားနေဆဲဖြစ်သည်။
အမေရိကန် သမ္မတ၏ အခွန်တိုးကောက်ခြင်းများနှင့် တင်းမာသော အမေရိကန် ဗဟိုဘဏ်အပါအဝင် ကမ္ဘာ့မရေရာမှုများကလည်း အင်ဒိုနီးရှား ရူပီးယားငွေ အင်အား ချည့်နဲ့ခြင်းကို ဖြစ်စေသည်။
ကမ္ဘာ့မရေရာမှုများနှင့် အင်ဒိုနီးရှားစီးပွားရေး ထိခိုက်လွယ်မှုများ
ရူပီးယားငွေတန်ဖိုး ကျဆင်းခြင်းသည် ကမ္ဘာ့ဈေးကွက် မတည်ငြိမ်မှုနှင့်လည်း ဆက်စပ်နေသည်။ ကုန်သွယ်ရေး မူဝါဒများနှင့် နိုင်ငံခြားအတိုးနှုန်း မြှင့်တင်ခြင်းအပါအဝင် ကမ္ဘာ့မရေရာမှုများသည် အင်ဒိုနီးရှားငွေကြေးအပေါ် ဖိအားကို ပိုမိုဆိုးရွားစေသည်။
တခါက ဒေသတွင်းတွင် ဆွဲဆောင်မှုအရှိဆုံး ဈေးကွက်များအနက်တခုဟု မြင်ခဲ့ကြသည့် အင်ဒိုနီးရှားသည် ယခုအခါ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ဆုံးရှုံးလာချိန်တွင် ထိုသို့ဖြစ်လာသည်။
အင်ဒိုနီးရှား စီးပွားရေးမူဝါဒများ ရေရှည်တည်တံ့မှု အထူးသဖြင့် သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ လူများကြိုက် အစီအစဉ်အောက်မှ စီးပွားရေးမူဝါဒများ အပေါ် စိုးရိမ်ပူပန်မှုများ မြင့်မားနေသည်။ အစိုးရ၏ ဘဏ္ဍာရေးမူဝါဒများသည် အသုံးစရိတ်လိုငွေ ကျယ်ပြန့်လာခြင်းကြောင့် သတိထားစရာ ဖြစ်လာသည်။ အသုံးစရိတ်လိုငွေသည် တရားဝင် ကန့်သတ်ချက်ဖြစ်သည့် GDP ၏ ၃ ရာခိုင်နှုန်းနီးပါး ရောက်လာနေသည်။
ထို့အပြင် အစိုးရက နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို တိုးချဲ့ခြင်းသည် စိုးရိမ်ပူပန်မှုများကို ပိုမိုဆိုးရွားစေပြီး ဆူဟာတိုခေတ်လွန် အခွင့်အရေးအချို့ကို ပြန်လည်ရုပ်သိမ်းနေသည်။
ဈေးကွက်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှု
ကြီးထွားနေသည့် ဘဏ္ဍာရေး စိုးရိမ်မှုများနှင့် နိုင်ငံခြား ရင်းနှီးမြှှုပ်နှံမှု ဆုတ်ခွာခြင်းက ရူပီးယားငွေ တန်ဖိုးကျဆင်းခြင်းကို ပိုမိုဆိုးရွားစေသည်။ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားအရန်ငွေသည် ဇန်နဝါရီလက ဒေါ်လာ ၁၅၆ ဘီလီယံမှ ဖေဖေါ်ဝါရီလတွင် ဒေါ်လာ ၁၅၄.၅ ဘီလီယံသို့ ကျဆင်းပြီး အင်ဒိုနီးရှား ဗဟိုဘဏ်၏ စွက်ဖက်မှုကြောင့် တစိတ်တပိုင်းပါဝင်သည်။
အင်ဒိုနီးရှားနိုင်ငံသည် စတော့များ ပြန်လည်ရောင်းချမှုများကို ရင်ဆိုင်ရပြီး ဂျကာတာ စတော့အိတ်ချိန်းအညွန်းကိန်းသည် ဖေဖေါ်ဝါရီလတွင် ထုတ်ရောင်းသည့် ဈေးကွက်ဖြစ်လာသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ယခုနှစ်တွင် ဒေါ်လာ ၂ ဘီလီယံဖိုး ပြန်လည်ထုတ်ယူပြီး ဈေးကွက်တည်ငြိမ်မှုကို ထပ်မံထိခိုက်စေသည်။
ဘဏ္ဍာရေး စိုးရိမ်ပူပန်မှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အမြတ်အစွန်း ပုံမှန် ပြန်လည်ပေးပို့ခြင်းသည် ရူပီးယားငွေကို ဆက်လက် အကြီးအကျယ် ဖိစီးနေဖွယ်ရှိသည်ဟု စင်္ကာပူဘဏ်မှ သေနင်္ဂဗျူဟာ ပညာရှင် မို့ဆီရောင်ဆင်းမ် ပြောသည်။
အင်ဒိုနီးရှား ဗဟိုဘဏ်က ငွေကြေး အလွန်အမင်း မတည်ငြိမ်မှုကို ထိန်းချုပ်ရန် ဆက်လက် စွက်ဖက်မည်ဖြစ်ပြီး အထူးသဖြင့် ဧပြီလတွင်ကြေညာမည့် အမေရိကန်အခွန်များအပါအဝင် အလားအလာရှိသော မူဝါဒအပြောင်းအလဲများကို ကမ္ဘာက ရင်ဆိုင်နေရချိန်တွင် ဆက်လက် စွက်ဖက်နေမည်ဖြစ်သည်။
ကိုးကား။ ။ www.travelandtourworld.com/ သတင်း Indonesian Rupiah Plunges to Crisis-Lowest Levels Since 1998
You may also like these stories:
မြန်မာတွင် တရုတ် BYD လျှပ်စစ်ကားထုတ်ရန် ခရိုနီများ စီစဉ်နေ
နိုင်ငံခြားသားပိုင် တရားမဝင်လုပ်ငန်းများနှိမ်နင်းရန် ထိုင်းလုပ်ငန်းရှင်များ တောင်းဆို
ထရမ့်၏ အခွန်အပေါ် စိုးရိမ်မှုကြောင့် အမေရိကနှင့် အာရှတွင် စတော့ရှယ်ယာဈေးကျ
ထားဝယ်စီမံကိန်းကို ရုရှားနဲ့ လုပ်မယ်ဆိုပါလား
သောင်ရင်းမြစ်လှေဂိတ်များမှ ကုန်စည်ပို့ခွင့်ပိတ် မြန်မာကုန်သည်တို့ အခက်ကြုံ














