ကျန်းမာရေး အခြေအနေကြောင့် ယမန်နေ့က အမှုစစ်ဆေးနိုင်ခြင်း မရှိခဲ့သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ယနေ့ ပြန်လည်သက်သာလာပြီ ဖြစ်သည့်အတွက် တရားခွင်တွင် ကြားနာမှု ပြုလုပ်နိုင်ခဲ့ကြောင်း ရှေ့နေ အဖွဲ့က ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ၂ လကျော်ကြာ စစ်ဆေးနိုင်ခြင်း မရှိခဲ့သည့် ရုံးချိန်းများ ကို ယခုအပတ်တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့က ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၊ ဇမ္ဗူ သီရိမြို့နယ်ရှိ သီးသန့်အထူးတရားရုံးသို့အလာ မူးဝေနေခဲ့သည့်အတွက် ၎င်းအပေါ် စွဲဆိုထားသော အမှုများအား စစ်ဆေး နိုင်ခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော် က “ကျန်းမာရေးကတော့ မနေ့ကလောက် မဆိုးတော့ဘူး။ နည်း နည်းတော့ မူးနေတုန်းပဲတော့ ပြောတယ်။ မနေ့ကလည်း သူ့ရဲ့ကျန်းမာရေးအတွက် အမြဲတမ်း ကြည့်ပေးတဲ့ ဆရာဝန်က လာကြည့်ပေးတယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ယနေ့ ရုံးချိန်းတရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့အပေါ် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်ပြီး စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများ က လျှောက်လဲချက်တင်ခဲ့ကြကာ လာမည့် စက်တင်ဘာ ၂၁ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချမည် ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို ဦးညီညီ (ခ) ထွန်းမြင့်အောင်ဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုမှ အရပ်သား သက်သေများ အနေဖြင့် ယနေ့ရုံးချိန်းတွင် လာရောက်ခြင်း မရှိ သည့်အတွက် အမှုစစ်ဆေးနိုင်ခြင်း မရှိခဲ့ပေ။
အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် မန္တလေးတိုင်း တရားလွှတ်တော်တွင် စွဲဆိုထားသည့် အဂတိ မှု ၄ မှုနှင့် ရန်ကုန်တိုင်း တရားလွှတ်တော်တွင် စွဲဆိုထားသည့် အဂတိမှု ၁ မှုတို့ အတွက်လည်း ရှေ့နေကိုယ်စားလှယ် လွှဲစာကို ၎င်းက လက်မှတ်ရေးထိုးပေးခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာ ရှောင်တာနယ်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့အား နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုထားမှုအား နေပြည်တော်သို့ ပြောင်းရွှေ့စစ်ဆေးရန် လျှောက်ထားမှုကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က လက်ခံကြောင်း ယနေ့ အမိန့်ချခဲ့သည့်အတွက် ယင်းအမှုအား နေပြည်တော်တွင် ဆက်လက် စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
တရုတ်ကွန်မြူနစ်ပါတီ တွေ့ဆုံပွဲ NLD တက်ရောက်မည်
အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး
ဂျပန်-မြန်မာ စီးပွားရေးအကျိုးဆောင် (သို့) မစ္စတာ ဝါတာနာဘေး