စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်း ကျေးရွာအနီး ချင်းတွင်း မြစ်အတွင်း နစ်မြုပ်သွားသည့် ဟုမ္မလင်း- မုံရွာသွား အမြန်ရေယာဉ် တိမ်းမှောက်မှုကြောင့် ရေနစ်သေဆုံးသူ ဦးရေသည် ထပ်တိုး စာရင်းအရ ၃၅ ဦးအထိ ရှိလာ ကြောင်း လူ ကယ်/ပြန် ဌာနသို့ ယနေ့ ညနေ ၆ နာရီ မေးမြန်းချက် အရ သိရသည်။
ရေယာဉ် နစ်မြုပ်ပြီး ယနေ့ (အောက်တိုဘာလ ၁၇ ရက်) ၃ ရက်မြောက်နေ့တွင် မြစ်ချောင်း နေရာအနှံ့တွင် ရေနစ် သေဆုံးသူ ရုပ်အလောင်းများ ပေါ်လာပြီး နီးစပ်ရာ မြို့နယ်အသီးသီးက ဆယ်ယူမှုများ ပြုလုပ်နေကြောင်း၊ လက်ရှိ ရရှိထားသော စာရင်းအရ သေဆုံးသူ ၃၅ ဦး ရှိလာပြီ ဖြစ်ကြောင်း၊ ထပ်မံ တိုးလာဖွယ်လည်း ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (လူ ကယ်/ပြန်) က ဧရာဝတီသို့ တရားဝင် ပြောကြား သည်။
“ဒီနစ်မြုပ်သွားတဲ့ နေရာရဲ့ အောက်ဘက် မြစ်ချောင်းထဲက ဘယ်နေရာမှာပဲ အလောင်းတွေ့တွေ့ ကျနော်တို့ဆီကို ဓာတ်ပုံ ရိုက်ပို့ဖို့ မှာထားတယ်။ သေဆုံးစာရင်းက ထပ်တက်လာနိုင်သေးတယ်။ ကျနော်တို့ လူ ပျောက်ဆုံး စာရင်း ကောက်ထားတာမှာ မိသားစုဝင်တွေ စာရင်း လာပေးထားတာ ၈၅ ယောက် ရှိတယ်။ လက်ရှိအထိ ရေယာဉ်ပေါ် ဘယ် နှဦး ပါလာသလဲဆိုတာ စာရင်းအတိအကျ လုပ်လို့မရဘူး။ ခန့်မှန်းကတော့ ရေယာဉ်ပေါ်မှာ လူဦးရေ ၂၅၀- ၃၀၀ ကြား မှာ ပါလာနိုင်တယ်”ဟု လူ ကယ်/ပြန ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ် အသင်း (ပုဂ္ဂလိကပိုင်)မှ အောင်စိုးမိုးကျော် ရေယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်ပွားသည့်နေ့တွင် ပြန်လည် ကယ်ဆယ်ခဲ့မှုကြောင့် အသက်ရှင် လူဦးရေ ၁၅၄ ဦးနှင့် သေဆုံး ၄ ဦးကို တွေ့ရှိခဲ့ သည်။
တိမ်းမှောက် ရေယာဉ်ပေါ်ပါ လူဦးရေ စာရင်းသည် လက်ရှိအချိန်ထိ တိတိကျကျ မသိရှိရသေးဘဲ သေဆုံးစာရင်း ထပ်မံ တိုးမြင့်လာဖွယ် ရှိသည်ဟု ကနီးမြို့နယ် အင်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းအောင်က ပြောသည်။
“တချို့က အလုံခန်းတွေထဲမှာ ပိတ်မိနေတာတွေ ရှိသေးတယ်။ မြစ်ကြောင်း တလျှောက်မှာလည်း ရေနဲ့ မျောပါ သွား နိုင် တယ်။ ပြန်မပေါ်လာနိုင်တာတွေလည်း ရှိနိုင်တယ်။ တချို့ ကလေးငယ် အလောင်းတွေဆို ငါးစားတာတွေကြောင့် ပျောက်ချင် ပျောက်သွားနိုင်တယ်”ဟုလည်း ဦးဇော်ဝင်းအောင်က ပြောဆိုသည်။
အောင်စိုးမိုးကျော် ရေယာဉ်ကို ခရီးစဉ် အစမှ မတိမ်းမှောက်ခင်အထိ လိုက်ပါလာပြီး အသက်ရှင် လွတ်မြောက်ခဲ့သည့် ခရီးသည် ဦးအောင်ကျော်ဦးက ခရီးစဉ် စထွက်ကတည်းက ရေယာဉ်ပေါ်ပါ ခရီးသည် များပြားနေကြောင်း ဧရာဝတီ ကို ပြောပြသည်။
“ခရီးစဉ် အစမှာ လူများတယ်။ သိသိသာသာတော့ မဟုတ်ဘူး။ လမ်းတလျှောက် မြင်သာ၊ ရေလဲ၊ ရွှေပြည်အေးမှာ ခရီးသည်တွေ သိသိသာသာ များလာပြီ၊ ဖောင်းပြင် အရောက်မှာတော့ ရေယာဉ်လှေဝမ်းမှာတောင် ရေစိုနေပြီ။ တလျှောက်လုံး ဒီလိုပဲ အရှိန်တင်လိုက်ရင် ရေတွေ ဝင်လာရောပဲ။ တကယ် ရေယာဉ်မှောက်တော့ ရုပ်ရှင်ကားထဲကလို ဖြည်းဖြည်းလေး မှောက်တာမျိုး မဟုတ်ဘူး စဉ်းစားချိန်တောင် မရဘူး။ ဝုန်းဆို စောင်းပြီး တန်းမြုပ်သွားတာပဲ။ အလေး ချိန်က အရမ်း များနေတာကိုး”ဟု ခရီးသည် ဦးအောင်ကျော်ဦးက ပြောသည်။
လက်ရှိ တိမ်းမှောက်သွားသော အောင်စိုးမိုးကျော် အမြန်ရေယာဉ်သည် သတ်မှတ်ထားသော ရေကြောင်းပို့ဆောင်ရေး စည်ကမ်းများကို လိုက်နားခြင်း မရှိသည်ကို တွေ့ရကြောင်း၊ သတ်မှတ်နှုန်းထက် များစွာ တင်ဆောင်ထားသည်ကို တွေ့ ရကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိတဦးက ဧရာဝတီ သတင်းဌာန၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။
“အဲဒီ ရေယာဉ်က အေးငြိမ်းချမ်းသာ အမြန်ရေယာဉ် အသင်းပိုင်ပါ။ မှတ်ပုံတင်ထားတုန်းက ရေယာဉ် နာမည်က ရွှေသီဟ နဲ့ တင်ထားတာပါ။ အခု နာမည်ပြောင်းထားတာ တွေ့ရတယ်။ ရေကြောင်း ပို့ဆောင်ရေးမှာ မှတ်ပုံတင်ရတဲ့ ရေယာဉ်ပေါ်မှာ လိုက်ပါရမယ့် သတ်မှတ်ချက်ကတော့ တစီးနဲ့ တစီး မတူနိုင်ပါဘူး။ ဒီရေယာဉ်ကို မှတ်ပုံတင်တုန်းက သတ်မှတ် လူတင်ရမယ့် ဦးရေက ၃၆ ဦးပဲ သတ်မှတ်ထားပါတယ်။ နောက်ပြီး ရေယာဉ်တွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေထဲမှာ ညဘက် မပြေးဆွဲရဘူးလို့ ပါပါတယ်”ဟု တာဝန်ရှိသူ ဦးစီးအရာရှိက ဆိုသည်။
၄င်း၏ ပြောကြားချက်အရ အမြန်ရေယာဉ် အသင်း ၁၀ သင်းခန့် ယင်းမြစ်ကြောင်းပေါ်တွင် ပြေးဆွဲလျက် ရှိကြောင်း၊ တရက်လျှင် မုံရွာမြို့မှ အထက်ဘက်သို့ ခရီးတို (၂၄ နာရီအတွင်း) ပြေးဆွဲနိုင်ရန် ၈ စီး သတ်မှတ်ထားမှု ရှိကြောင်း လည်း သိရ သည်။