အမေရိကန် သမ္မတရွေးကောက်ပွဲကျင်းပရန် ရက်သတ္တ ၂ ပတ်သာလိုတော့သည့် အချိန်တွင် CNN သတင်းဌာနမှ ကောက်ယူခဲ့သည့် စစ်တမ်းတခုအရ ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ဟီလာရီ ကလင်တန်က ရီပတ် ဘလီကင် ပါတီမှ ဒေါ်နယ်ထရမ့်ကို ၅ ရာခိုင်နှုန်း အသာဖြင့် ဦးဆောင်နေပြီး ထောက်ခံမှု ၅၀ ရာခိုင်နှုန်း ရရှိထားသည်ဟု သိရသည်။
မဲပေးဖွယ်ရာ ရှိသူများထဲတွင် ဟီလာရီ ကလင်တန်ကို ထောက်ခံသူက ၄၉ ရာခိုင်နှုန်း၊ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူက ၄၄ ရာခိုင်နှုန်း၊ Libertarian ပါတီမှ သမ္မတလောင်း Gary Johnson က ၃ ရာခိုင်နှုန်း နှင့် Green ပါတီမှ Jill Stein တို့က ၂ ရာ ခိုင်နှုန်းစီ ရရှိထားသည်။
သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲ ၃ ခု ပြီးစီးသွားသည့် အချိန်တွင် သမ္မတလောင်း အားလုံးက သူတို့၏ အမာခံ ထောက်ခံသူများကြားတွင် ထောက်ခံမှု ပိုမိုခိုင်မာအောင် လုပ်နိုင်ခဲ့သည့် အသွင်ရှိပါသည်။ ဟီလာရီ ကလင်တန်က လူငယ်မဲဆန္ဒရှင်များ နှင့် လူဖြူမဟုတ်သူများကြားတွင် ထောက်ခံမှုကို တိုးချဲ့ နိုင်ခဲ့ပြီး ဒေါ်နယ်ထရမ့်က ဘွဲ့ရမဟုတ်သည့် လူဖြူများ၏ ထောက်ခံမှုကို အရှိန်မြှင့်နိုင်ခဲ့သည်။ ၎င်းတို့မှာ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများထဲတွင် အများစု ဖြစ်သည်။
အသက် ၄၅ နှစ်အောက် မဲဆန္ဒရှင်များ၏ ၅၃ ရာခိုင်နှုန်းက ဟီလာရီ ကလင်တန်ကို ထောက်ခံကြောင်း ယခုပြုလုပ်သည့် စစ်တမ်းတွင် တွေ့ရှိရသည်။ ယခင်ကောက်ယူခဲ့သည့် စစ်တမ်းတွင်မူ ၄၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ဟီလာရီ ကလင်တန်က ဒေါ်နယ်ထရမ့် နောက်တွင် ကျန်နေခဲ့သည်မှာ အသက် ၆၀ မှ ၆၄ နှစ်ကြား အသက်အပိုင်းအခြားတွင် ဖြစ်ပြီး ၄ ရာခိုင်နှုန်း နည်းနေခဲ့သည်။
လူဖြူမဟုတ်သူများကြားတွင် ဟီလာရီကို ထောက်ခံမှု အနည်းငယ် တိုးလာခဲ့သည်။ စကားစစ်ထိုးပွဲ ပထမ အကြိမ်ပြုလုပ်ပြီးချိန်က စစ်တမ်းအရ ထောက်ခံမှု ၆၉ ရာခိုင်နှုန်း ရှိရာမှ ယခုအခါ ၇၂ ရာခိုင်နှုန်း ဖြစ်လာသည်။ သိသာ သော တိုးတက်မှုမျိုး မဟုတ်သော်လည်း လူဖြူမဟုတ်သည့် မဲဆန္ဒရှင်များက ဟီလာရီကို ဒေါ်နယ်ထရမ့် ထက် ပိုထောက်ခံပြီး ၅၀ ရာခိုင်နှုန်း အထက်တွင် အမြဲရှိနေခဲ့သည်။
ဒေါ်နယ်ထရမ့်ကလည်း လူဖြူမဲဆန္ဒရှင်များ၏ ထောက်ခံမှု တိုးလာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယခင် စစ်တမ်းအရ ထောက်ခံမှုက ၄၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုအခါ ၅၄ ရာခိုင်နှုန်း ဖြစ်လာသည်။ တိုးတက်လာခြင်းမှာ အဓိကအားဖြင့် တက္ကသိုလ်မှ ဘွဲ့မရသည့် လူဖြူမဲဆန္ဒရှင်များကြောင့် ဖြစ်သည်။ ဒေါ်နယ်ထရမ့်ကို သူတို့၏ ထောက်ခံမှုက ၆၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ဟီလာရီကို ဘွဲ့မရသော လူဖြူမဲဆန္ဒရှင် ၃၂ ရာခိုင်နှုန်းကသာ ထောက်ခံခဲ့သည်။ သို့သော်လည်း ဘွဲ့ရ လူဖြူ မဲဆန္ဒရှင်များက ဟီလာရီကို ပိုမိုထောက်ခံခဲ့ကြပြီး အဆိုပါ အုပ်စုအတွင်း သူက ဒေါ်နယ်ထရမ့်ကို ၁၁ ရာခိုင်နှုန်း အသာရရှိထားခဲ့သည်။
ကျားမ ကွာခြားမှုက ကြီးမားနေသည်။ အမျိုးသမီး မဲဆန္ဒရှင်များကြားတွင် ဟီလာရီက ထောက်ခံမှု ၅၃ ရာခိုင်နှုန်းရရှိပြီး ၄၁ ရာခိုင်နှုန်းသာ ထောက်ခံမှုရသည့် ဒေါ်နယ်ထရမ့်ကို ၁၂ ရာခိုင်နှုန်း ဖြတ်၍ ဦးဆောင်နေသည်။ အမျိုးသား မဲဆန္ဒရှင်များကြားတွင် မူ ဒေါ်နယ်ထရမ့်က ၄၈ ရာခိုင်နှုန်း ဟီလာရီက ၄၅ ရာခိုင်နှုန်းဖြင့် ကွာခြားမှု ၃ ရာခိုင်နှုန်းသာ ရှိသည်။
CNN မှ နောက်ဆုံး ကောက်ယူခဲ့သည့် စစ်တမ်းတွင် မှတ်သားဖွယ်ရာ ဖြစ်သည်မှာ Libertarian ပါတီမှ သမ္မတလောင်း Gary Johnson ကို ထောက်ခံမှုက ၇ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ သိသိသာသာ ကျဆင်းသွားခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ရ ခြင်းက (ဒီမိုကရက်နှင့် ရီပတ်ဘလီကင် မဟုတ်သည့်) တတိယ ပါတီ မှ သမ္မတလောင်းက ရွေးကောက်ပွဲနေ့တွင် သိသာထင်ရှားစွာ အောင်မြင်မှု ရနိုင်ခြင်း မရှိသည့် အစဉ်အလာနှင့် အညီ ဖြစ်သည်။ နွေရာသီနှင့် ဆောင်းဦးရာသီ အစောပိုင်းတို့တွင်မူ ထောက်ခံမှုရာခိုင်နှုန်း ဂဏန်း ၂ လုံး (ဆယ်ဂဏန်း) အထိ ရရှိအောင် ဆွဲဆောင်ထားနိုင်ခဲ့သည်။
တတိယ ပါတီမှ သမ္မတလောင်းများကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ၂ ပါတီတည်းသာ ပြိုင်ရသည့် ပွဲတွင် ဒီမိုကရက်နှင့် ရီပတ်ဘလီကင် တို့ကြားမှ ကွာခြားမှုကို ပိုမိုကျယ်ပြန့်လာသည်။
ဟီလာရီကို ထောက်ခံသူများက ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ခြင်း မဟုတ်ဘဲ ဟီလာရီကို ထောက်ခံခြင်း ဖြစ်သည်ဟု ဖွင့်ဟ ပြောဆိုမှုများလည်း တိုးလာခဲ့သည်။ ယခင်စစ်တမ်းတွင် ဟီလာရီကို ထောက်ခံသူ များ၏ ၆၀ ရာခိုင်နှုန်းက ထိုသို့ပြောကြားခဲ့ပြီး ယခု စစ်တမ်းတွင် ၆၉ ရာခိုင်နှုန်း ရှိလာသည်။ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ ရာခိုင်နှုန်းက ၅၉ ရာခိုင်နှုန်းက သူတို့မဲပေးခြင်းသည့် သူ့ကို ထောက်ခံခြင်း ဖြစ်သည်ဟု ယခင်စစ်တမ်းတွင် ပြောကြားခဲ့ပြီး ယခု CNN ၏ နောက်ဆုံး စစ်တမ်း တွင်လည်း ၅၉ ရာခိုင်နှုန်း ပင်ဖြစ်သည်။
စစ်တမ်းတွင် စီးပွားရေးကို ဒေါ်နယ်ထရမ့်က ကိုင်တွယ်နိုင်မည်ဟု ယုံကြည်မှုများ ဆက်လက်တိုးပွားလာနေသည်။ စီးပွားရေးနှင့် ပတ်သက်၍ သူ့ကို သဘောကျသူက ၅၁ ရာခိုင်နှုန်း ရှိပြီး ဟီလာရီကို ထောက်ခံသူက ၄၇ ရာခိုင်နှုန်းရှိသည်။ ဒေါ်နယ်ထရမ့်က ယခင် စစ်တမ်းထက် ၂ ရာခိုင်နှုန်း တက်လာခြင်း ဖြစ်သည်။
စစ်တမ်းတွင် အကြောင်းအရာ အမျိုးမျိုး နှင့် ပတ်သက်၍ သမ္မတလောင်း ၂ ဦး အပေါ်သဘောထားများကိုလည်း ကောက်ခံခဲ့ရာ ဟီလာရီက ဒေါ်နယ်ထရမ့်ထက် အကြမ်းဖက်မူဆိုင်ရာ ဝါဒတွင် ၂ ရာခိုင်နှုန်း၊ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွင် ၃ ရာခိုင်နှုန်း၊ တရားရုံးချုပ်တရားသူကြီး ခန့်အပ်မှုတွင် ၅ ရာခိုင်နှုန်း နှင့် နိုင်ငံခြားရေး မူဝါဒ တွင် ၂၁ ရာခိုင်နှုန်း အသာစီး ရယူ ထားသည်ကို တွေ့ရသည်။ သို့သော်လည်း စီးပွားရေးက မဲဆန္ဒရှင်တို့အတွက် အရေးပါသော အကြောင်း အရာတခု အဖြစ်ဆက်လက် ရှိနေပြီး စစ်တမ်းတွင် ဖြေဆိုသူတို့၏ ၉၁ ရာခိုင်နှုန်းက စီးပွားရေးက အလွန် အရေးကြီးကြောင်း ဖြေခဲ့ကြသည်။
ဒေါ်နယ်ထရမ့်က စီးပွားရေးနှင့် ပတ်သက်၍ အသာရနေသော်လည်း ဟီလာရီကို ထောက်ခံသူ စီးပွားရေးသမားများက ၄၉ ရာခိုင်နှုန်းရှိပြီး ဟီလာရီက သူတို့ကို စာနာ နားလည် ရပ်တည်ပေးနိုင်လိမ့်မည်ဟု ခံစားရကြောင်း ပြောကြသည်။ ဒေါ်နယ်ထရမ့်က ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆသည့် စီးပွားရေးသမားများက ၄၄ ရာခိုင်နှုန်း ရှိသည်။
သမ္မတလောင်း ၂ ဦးလုံးကို ထောက်ခံသူအများစုက စီးပွားရေးသည် သမ္မတမဲပေးရန် ဆုံးဖြတ်ရာတွင် အရေးကြီးသော ကိစ္စတခု ဖြစ်သည်ဟု ပြောကြသော်လည်း အခြားသော အရေးပါသည့် အချက်များ တွင်မှု ဒေါ်နယ်ထရမ့်ကို ထောက်ခံ သူများနှင့် ဟီလာရီကို ထောက်ခံသူများကြားတွင် ကြီးမားသော ကွာခြားချက်များ ရှိနေသည်။
တရားမဝင် လာရောက်နေထိုင်မှုကို အရေးပါသည့် ကိစ္စတခု အနေဖြင့် သတ်မှတ်ရာတွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံ သူများနှင့် ဟီလာရီကို ထောက်ခံသူများကြား မှ ကွာခြားမှုက ၂ ဆခန့် ဖြစ်နေသည်။ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ ၏ ၅၂ ရာခိုင်နှုန်းက မဲဆန္ဒပေးရာတွင် ထည့်သွင်း စဉ်းစားရမည့် အရေးကြီးသည် အကြောင်း အရာတခု ဖြစ်သည်ဟု ဖြေဆိုခဲ့ကြပြီး ဟီလာရီကို ထောက်ခံသူများ၏ ၂၃ ရာခိုင်နှုန်းကသာ စဉ်းစားရမည့် ကိစ္စအဖြစ် သဘောထားပေးခဲ့ကြသည်။
ထို့ပြင် ဟီလာရီကို ထောက်ခံသူများက ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပညာရေးကို ဦးစားပေးအဖြစ် သတ်မှတ်မှုက ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများ ထက် ပိုများခဲ့သည်။ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ ၄၈ ရာခိုင်နှုန်း ဟီလာရီကို ထောက်ခံသူ ၅၃ ရာခိုင်နှုန်း နှင့် ပညာရေးတွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ ၄၂ ရာခိုင်နှုန်း ဟီလာရီကို ထောက်ခံသူ ၅၅ ရာခိုင်နှုန်း ရှိနေသည်။
တိုင်းပြည်၏ အနာဂါတ်အတွက် ရှင်းလင်းသော အမြင်ရှိသူ အဖြစ် ဟီလာရီကို မြင်သူက ၄၉ ရာခိုင်နှုန်း ရှိပြီး ဒေါ်နယ်ထရမ့်ဟုပြောသူက ၄၂ ရာခိုင်နှုန်း ရှိသည်။ စကားစစ်ထိုးပွဲများတွင် ဟီလာရီက ပိုမိုကောင်းမွန်စွာ လုပ်ပြနိုင်ခဲ့သည်ဟု ယူဆသူ ၆၁ ရာခိုင်နှုန်း ရှိပြီး ဒေါ်နယ်ထရမ့်က ပိုစွမ်းဆောင်နိုင်ခဲ့သည်ဟု ယူဆသူက ၂၉ ရာ ခိုင် နှုန်းသာ ရှိသည်။
ဟီလာရီက သမ္မတရာထူးကို ထိရောက်စွာ ထမ်းဆောင်နိုင်မည့် သူအဖြစ် မြင်သည့်နေရာတွင်မူ ၆၂ ရာခိုင်နှုန်းဖြင့် ပြတ်ပြတ်သားသား ဦးဆောင်နေပြီး ဒေါ်နယ်ထရမ့်က ၃၂ ရာခိုင်နှုန်းသာ ရရှိထားသည်။ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ယူနိုင်စွမ်းတွင်လည်း ဟီလာရီက ၅၅ ရာခိုင်နှုန်း ရရှိပြီး ၄၀ ရာခိုင်နှုန်းသာ ရသည့် ဒေါ်နယ်ထရမ့်ထက် အသာစီး ရရှိနေသည်။ လေးစားလောက်စရာ လူသားတယောက် အနေဖြင့်လည်း ဟီလာရီက ၄၂ ရာခိုင်နှုန်း ရ ပြီး ဒေါ်နယ်ထရမ့်က ၂၉ ရာခိုင်နှုန်းသာ ရသည်။ သူတို့လေးစားသည့် လူသားမရှိဟု ဖြေဆိုသူက ၂၈ ရာခိုင်နှုန်း ရှိခဲ့ ပါ သည်။ မည်သူက အင်အားရှိ ပြီး ဆုံးဖြတ်ချက် ပြတ်သားသည့် ခေါင်းဆောင်ဖြစ်သနည်းဟု မေးသည့် မေးခွန်းကိုမူ ဖြေဆို သူ ၄၈ ရာခိုင်နှုန်းက ဟီလာရီ ဟုဖြေ၍ ဒေါ်နယ်ထရမ့်ဟု ဖြေဆိုသူက ၄၆ ရာခိုင်နှုန်း ရှိသည်။
ရိုးသားဖြောင့်မှန်မှု နှင့် ယုံကြည်ခြင်း နှင့် ထိုက်တန်မှုတွင် ဟီလာရီက ကွာခြားချက်ကို ကျဉ်းမြောင်းအောင်ပြုလုပ် နိုင်ခဲ့သည်ကိုလည်း ယခုစစ်တမ်းတွင် တွေ့ရှိရသည်။ စက်တင်ဘာလ အစောပိုင်းက ပြုလုပ်ခဲ့သည့် သဘောထား ကောက် ယူမှု စစ်တမ်းတွင် ဒေါ်နယ်ထရမ့် နောက်တွင် ၂၀ ရာခိုင်နှုန်းနီးပါး ပြတ်ကျန်နေခဲ့ရာမှ ယခုအခါတွင် ဒေါ်နယ်ထရမ့်က ၄၃ ရာခိုင်နှုန်း ရသည့် အချိန်တွင် သူက ၄၂ ရာခိုင်နှုန်း ရပြီး ကွာခြားမှုကို လျှော့ချနိုင်ခဲ့သည်။ သို့သော်လည်း မည်သည့် သမ္မတလောင်းကိုမျှ ယုံကြည် အားကိုးနိုင်လောက်သူဟု မမြင်ကြောင်း ပြောကြားသူက ယခင် အတိုင်း ၁၄ ရာခိုင်နှုန်း ရှိနေဆဲဖြစ်သည်။
သူတို့ အပေါ် အဆိုးမြင်မှု ရာခိုင်နှုန်းကိုလည်း ၂ ယောက်လုံးက ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ ဟီလာရီကို အမြင်မကြည်လင်ကြောင်း ပြောသူက ၅၂ ရာခိုင်နှုန်း ရှိပြီး ဒေါ်နယ်ထရမ့်ကို သဘောမကျဟု ပြောသူက ၅၇ ရာခိုင်နှုန်း ရှိသည်။ မဲပေးဖွယ်ရာ ရှိသူ ၁၀ ဦးတွင် ၆ ဦးက လတ်တလောတွင် ပေါ်ထွက်နေသည့် သမ္မတလောင်း ၂ ဦး၏ အကျင့် စရိုက်နှင့် သမ္မတ တာဝန်ကို ထမ်းဆောင်နိုင်စွမ်း နှင့် ပတ်သက်သက်သော အညင်းပွားဖွယ်ရာများကြောင့် မေးခွန်းထုတ် စရာများ ရှိလာသည်ဟု ပြောကြသည်။ ၆၂ ရာခိုင်နှုန်းက ဟီလာရီ နိုင်ငံခြားရေး ဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင် စဉ်က အီးမေးလ်များ ကိုင်တွယ်ပုံ နှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ကြသလို ဒေါ်နယ်ထရမ့်၏ အမျိုးသမီးများ အပေါ် ပြော ဆိုဆက်ဆံ ပုံနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြသည်။
CNN က စစ်တမ်းမေးခွန်း ကောက်ခံမှုကို အောက်တိုဘာလ ၂၀ ရက်မှ ၂၃ ရက်အတွင်းတွင် အရွယ်ရောက်ပြီးသူ ၁၀၁၇ ဦး ကို တယ်လီဖုန်းမှ တဆင့် ကျပန်းရွေးချယ် မေးမြန်းခဲ့ခြင်း ဖြစ်ပြီး သူတို့ထဲမှ ၇၇၉ ဦးက မဲပေးရန် ဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ကြသည်။ မေးမြန်းခဲ့သူများထဲတွင် အမှန်တကယ် မဲပေးမည့်သူ အရေအတွက်က ၃.၅ ရာခိုင်နှုန်းခန့် အတိုး အလျော့ ရှိနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။