အစိုးရ သတင်းများကို ထုတ်ပြန်လျှက်ရှိသော ပြန်ကြားရေးဝန်ကြီးဌာန၏ Webportal ဖြစ်သော www.moi.gov.mm တိုက်ခိုက်ခံခဲ့ရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၎င်းတို့၏ Webportal ကို ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီခွဲအချိန်မှစပြီး DoS ဖြင့် တိုက်ခိုက်ခဲ့ပြီး နောက်တနေ့ နံနက်တွင် ကြည့်ရှု၍ မရတော့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုတွင် ပြည်ပအခြေပြု IP နံပါတ်များဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်းကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
www.moi.gov.mm ကို ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း ပြည်ပနိုင်ငံများနှင့် Mobile ဖုန်းများမှ ကြည့်ရှု၍ မရသေးကြောင်းနှင့် ပြည်တွင်းပြည်ပနှင့် Mobile ဖုန်းများမှ ပြန်လည် ကြည့်ရှုရရှိနိုင်ရေး အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်ဟုသိရသည်။