ဗန်ထောင်ထောင် Van Thawng Thawng ၏ ဖုန်းမျက်နှာပြင်တွင် အသိပေး အကြောင်းကြားစာ အများအပြားပေါ်လာပြီး အသံမြည်လာသည်။
“အက်ဇီကီယယ် Ezekiel နဲ့ အဆက်အသွယ်ရကြေသေးလား” ဟု မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ်မှ ကျောင်းသားများကို ကိုယ်စားပြုသည့် ချင်းကျောင်းသားများ သမဂ္ဂ၏ Facebook စာမျက်နှာမှ တစုံတဦးက မေးနေခြင်းဖြစ်သည်။ သို့သော် ထိုအသက် ၂၀ အရွယ်ကျောင်းသားခေါင်းဆောင်ထံမှ မည်သည့် သတင်းအချက်အလက်ကိုမျှ မည်သူမျှ မရသည်မှာ ကြာပြီဖြစ်သည်။
နောက်တပတ်ကြာသောအခါ သူငယ်ချင်းတဦးက ဗန်ထောင်ထောင်ထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အီဇီကီယယ်၏ အလောင်းကို ရှာဖွေတွေ့ကြောင်းပြောသည်။
သူ့ကို စစ်ကောင်စီတပ်များက ရိုက်သတ်လိုက်သည်ဟု ၎င်းတို့ ယုံကြည်သည်။ ဗန်ထောင်ထောင် ဆောက်တည်ရာမရ ဖြစ်သွားခဲ့သည်။
“ကျနော် စိတ်ဖိစီးပြီး စစ်ကောင်စီကို ဒေါသထွက်တယ်။ ဒီလိုအသတ်ခံရတာ သူတယောက်တည်း မဟုတ်ဘူး” ဟု ထို ချင်းကျောင်းသားများသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူး တာဝန်ယူနေသော ဗန်ထောင်ထောင်က ပြောသည်။ “ကျနော့်အတန်းဖေါ်တယောက် အဖမ်းခံထားရတယ်။ နောက်တယောက်က ဆန္ဒပြပွဲမှာ သူ့ညီမကိုကယ်ဖို့ ကြိုးစားရင်းအသတ်ခံရတယ်။ ကျနော့်အမေ၊ ကျနော့် ဦးလေး၊ အဖွား အကုန်လုံး လွန်ခဲ့တဲ့လတွေထဲ သေဆုံးကုန်ကြပြီ” ဟု သူပြောသည်။
သူ၏မိခင်သည် ကာလကြာမြင့်စွာ တိုက်ပွဲဝင်နေရသည့် ကင်ဆာရောဂါကြောင့် သေဆုံးခြင်းဖြစ်သော်လည်း သူ၏ဦးလေးနှင့်အဖွားတို့သည် ကိုဗစ်နိုင်တင်းရောဂါလက္ခဏာများပြသောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သူယုံကြည်သည်။ သို့သော် ရောဂါရှာဖွေစစ်ဆေးနိုင်မှု အကန့်အသတ်ဖြင့်သာရှိသောကြောင့် သူသေချာသိခွင့် မရပေ။
ကျနော့်အတန်းဖေါ်တယောက် အဖမ်းခံထားရတယ်။ နောက်တယောက်က ဆန္ဒပြပွဲမှာ သူ့ညီမကိုကယ်ဖို့ ကြိုးစားရင်းအသတ်ခံရတယ်။ ကျနော့်အမေ၊ ကျနော့် ဦးလေး၊ အဖွား အကုန်လုံး လွန်ခဲ့တဲ့လတွေထဲ သေဆုံးကုန်ကြပြီ
“လူတိုင်းလူတိုင်း သေလုမျောပါးဖြစ်နေပြီး စိတ်တွေ ဖိစီးနေကြတယ်။ လူတွေကို နှစ်သိမ့်ဖို့ ပြန်စိတ်ချမ်းသာအောင် လုပ်ပေးဖို့တောင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး” ဟုလည်း သူပြောသည်။
မြန်မာတနိုင်ငံလုံးတွင် လူငယ်များသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှု နောက်ပိုင်း ဒေါသများ၊ ဝမ်းနည်းကြေကွဲမှုများနှင့် အားကိုးရာမဲ့မှုများကို ဖေါ်ပြနေကြသည်။ ဇူလိုင်လသို့ရောက်သောအခါ တနိုင်ငံလုံးတွင် ကိုဗစ်နိုင်တင်း ကူးစက်မှုများ ပေါက်ကွဲတိုးပွားလာပြီးနောက် ထိုခံစားချက်များသည် ပိုမိုဆိုးရွားလာကြောင်း ၎င်းတို့ပြောကြားသည်။
ယနေ့တွင် လူအများအပြားသည် ချစ်ခင်ရသူများကို ကပ်ရောဂါကြောင့်ဖြစ်စေ အကြမ်းဖက်မှုများကြောင့်ဖြစ်စေ ဆုံးရှုံးရသောကြောင့် ဝမ်းနည်းပူဆွေးနေရသည်။
အခြေခံ လုံခြုံမှုနှင့်ဆေးဝါးရရှိရေးကဲ့သို့သော လတ်တလောအန္တရာယ်များကို ပိုမိုရင်ဆိုင်ဖြေရှင်းနေရသောကြောင့် စိတ်ကျန်းမာရေးသည် နောက်တန်းသို့ရောက်နေသည်။ သို့သော် စိတ်ဖိစီးမှုနှုန်းနှင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းသည် မြင့်မားနေကြောင်းနှင့် စိတ်ကျန်းမာရေးထိခိုက်မှုကို လျစ်လျူရှုထားရန် မဖြစ်နိုင်တော့ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
မျှော်လင့်ချက်မဲ့၊ အားကိုးရာမဲ့
စိတ်ဖိစီးမှုများနှင့် ပူပန်သောကများဆိုသည်မှာ မိမိတို့ဖာသာဖြေရှင်းရမည့် အားနည်းချက်များဟု ယုံကြည်သောကြောင့် စိတ်ကျန်းမာရေးဆိုသည် မြန်မာနိုင်ငံတွင် မပြောမဆိုအပ်သည့် စကားဖြစ်နေသည်မှာ ကာလများစွာကြာပြီဖြစ်သည်။ သို့သော် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှု မြင့်မားလာသောအခါ စိတ်ကျန်းမာရေးကို ဆက်လက်လျစ်လျူရှုထားပါက ဖြစ်လာမည့် အကျိုးဆက်များအား နှစ်သိမ့်ဆွေးနွေးပညာပေးသူများက စိုးရိမ်လာသည်။
ရန်ကုန်မှ မချယ်ရီစိုးမြင့်သည် အမေရိကန်ပြည်ထောင်စုရှိ ဂျွန်ဟော့ပ်စကင်းတက္ကသိုလ်မှ အသုံးချစိတ်ကျန်းမာရေးသုတေသနအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အလွတ်သဘော နှစ်သိမ့်ဆွေးနွေး ပညာပေးသူဖြစ်သည်။ ဖခင်နှင့် အဒေါ်ကို မကြာသေးမီက ဆုံးရှုံးလိုက်ရပြီးနောက် စစ်အာဏာသိမ်းမှုနှင့် ကိုဗစ်နိုင်တင်းကြောင့် မြန်မာနိုင်ငံ ခံစားရသည့် စိတ်ကျန်းမာရေး ရိုက်ခတ်မှုကို ကိုယ်တွေ့ခံစားရတော့သည်။
အကျပ်အတည်း၏ ပြင်းထန်မှုကိုသိရှိသောကြောင့် သူသည် ပညာရပ်ဆိုင်ရာ အကူအညီအတွက် အခကြေးငွေမတတ်နိုင်သူများကို အခမဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးမှု ပြုလုပ်ပေးနေသည်။
မိန်းကလေးတယောက်၊ သူ့အဒေါ်နဲ့ အဖွားတို့ ဇူလိုင်လကုန်က ဆုံးတယ်။ ဒီမိန်းကလေးက သူ့အဒေါ်နဲ့အဖွားသေရတာ သူ့ဘက်က လုံလုံလောက်လောက် လုပ်မပေးနိုင်လို့လို့ထင်တယ်။ ဒီတော့သူလည်း သူ့ကိုယ်သူကြိုးဆွဲချသေလိုက်တယ်။ ဒီလိုဖြစ်ရပ်တွေ အရမ်းများနေပြီ။
“နှစ်သိမ့်ဆွေးနွေးပညာပေးမှု လိုနေသူတွေနဲ့ စကားပြောကြည့်တဲ့အခါကျတော့ သူတို့တွေက မျှော်လင့်ချက် ကင်းမဲ့ပြီး အားကိုရာမဲ့နေလို့ ကိုယ့်ကိုကိုယ်သတ်သေမှုနှုန်းတွေ မြင့်မားနေတယ်ဆိုတာကို ကျမသတိထားမိလာတယ်။ သူတို့မှာ အနာဂတ်မရှိတော့ဘူး၊ ဒီဒုက္ခတွေကို သူတို့ မကျော်လွှားနိုင်တော့ဘူးလို့ သူတို့ထင်နေကြပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြတယ်” ဟု မချယ်ရီစိုးမြင့်က Aljazeera သတင်းဌာနသို့ ပြောသည်။
“မိန်းကလေးတယောက်၊ သူ့အဒေါ်နဲ့ အဖွားတို့ ဇူလိုင်လကုန်က ဆုံးတယ်။ ဒီမိန်းကလေးက သူ့အဒေါ်နဲ့အဖွားသေရတာ သူ့ဘက်က လုံလုံလောက်လောက် လုပ်မပေးနိုင်လို့လို့ထင်တယ်။ ဒီတော့သူလည်း သူ့ကိုယ်သူကြိုးဆွဲချသေလိုက်တယ်။ ဒီလိုဖြစ်ရပ်တွေ အရမ်းများနေပြီ။ ကိုယ့်ကိုကိုယ်သတ်သေတဲ့ အန္တရာယ်က အရမ်းကိုကြီးမားနေပြီ” ဟု သူပြောသည်။
အာဏာသိမ်းပြီးနောက် သူ ကုသပေးသူများအနက် ၁၀ ဦးလျှင် ၇ ဦးသည် ၎င်းတို့ကိုယ်၎င်းတို့ သတ်သေရန် ရည်ရွယ်ချက်များကို ဖေါ်ပြခဲ့ကြောင်း သူ မှတ်ချက်ချသည်။ အာဏာမသိမ်းမီက ထိုသို့သောသူ ၂ ဦး ၃ ဦးမျှကို ၃ လခန့်ကြာမှသာတွေ့ရကြောင်း သူပြောသည်။
လွန်ခဲ့သောအပတ်က လူမှုကွန်ရက်တွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့သော ဖြစ်ရပ်တခုတွင် အမျိုးသမီးတဦး အပါအဝင်လူငယ် ၅ ဦးတို့သည် စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်းမှုမှ လွတ်မြောက်ရေးအတွက် ရန်ုကုန်ရှိ အဆောက်အအုံတခုမှ ခုန်ချလိုက်ကြသည်။ ထိုသူ ၅ ဦးအနက် ၂ ဦးသေဆုံးကြောင်း
နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။
မြန်မာပြည်သူအများအပြားအတွက် အမြစ်တွယ်နေသည့် စစ်ကောင်စီကို ကြောက်လန့်မှုသည် တိုင်းပြည်ကို ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၆၀ နီးပါးထိန်းချုပ်ထားသည့် ယခင်စစ်အုပ်စုများခေတ်တွင် ကြုံတွေ့သိရှိရသည့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အတွေ့အကြုံများမှ အခြေခံပေါက်ဖွားလာခြင်းဖြစ်သည်။ ပိုမိုဒီမိုကရေစီကျသည့် မြန်မာနိုင်ငံတွင် မွေးဖွားလာသည့် ယနေ့ခေတ် Generation Z မျိုးဆက်သည်ပင် ထိုစစ်အုပ်စုကို နောက်ထပ်ဆယ်စုများစွာကြာမည့် တိုက်ပွဲရောက်လာနေသည်ကို စိုးရိမ်နေကြသောကြောင့် စိတ်ကျန်းမာရေးအပေါ် စိန်ခေါ် ရိုက်ခတ်လာစေသည်။
“ကျမတို့ အဖိုးအဖွားတွေနဲ့ မိဘတွေက ဒီတိုက်ပွဲကို တိုက်ပြီး ထောင်ထဲမှာ နှစ်ပေါင်းများစွာ အချိန်ကုန် ဒါမှမဟုတ် သေဆုံးခဲ့တယ်။ ဒါတွေက မပြီးသေးဘူးဆိုရင် ကျမတို့လည်း နောက်ထပ်ဆယ်စုနှစ်များစွာ ကြာတဲ့ စစ်အုပ်ချုပ်ရေးက ကျမတို့အတွက်လည်း ဖြစ်လာဦးမှာလား” ဟု အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအတွက် အွန်လိုင်းမှ စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော အမေရိကန် ပြည်ထောင်စုမှ အဝေးရောက် မြန်မာတဦးလည်းဖြစ် ကုသစိတ်ပညာ ပါရဂူဘွဲ့ကျောင်းသူလည်း ဖြစ်သူ မဖြူပန်းနုခင်က ပြောသည်။
ကိုဗစ်နိုင်တင်းဖြစ်လာတော့ လူတွေက အောက်ဆီဂျင်တွေ၊ ကုသမှုတွေ တောင့်ခံကြပေမယ့် အဲဒီအဓိကကျတာတွေ တခုမှမရဘူး။ ကိုယ့်မိသားစုတွေ ကိုယ့်ရှေ့မှာသေသွားတာကို ထိုင်ကြည့်နေရတယ်။ လူအများစုက သူတို့ကိုယ်သူတို့ အပြစ်တင်ကြပြီး အပြစ်ရှိတဲ့ ခံစားချက်ကို ခံစားနေရတယ်
“မျိုးဆက်တွေတိုင်း ခံစားလာခဲ့တဲ့ စိတ်ဒဏ်ရာနဲ့ အနာဂတ်နဲ့မျှော်လင့်ချက် ပျောက်ဆုံးခြင်းဖြစ်နေတယ်။ ကျမတို့ လူငယ်မျိုးဆက်တွေအတွက်ကတော့ အရပ်သား အစိုးရအောက်မှာ နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်မှုကို ခံစားခဲ့ရတယ်။ ကျမတို့က လွတ်လပ်မှုကို မြည်းစမ်းဖူးတော့ ကျမတို့မှာ အိပ်မက်တွေရှိတယ်။ အခု ဒါတွေအားလုံးကို ဖျက်ဆီးလိုက်ပြီဆိုတော့ အတော်လေးကို ဆောက်တည်ရာမရ ဖြစ်ကြတယ်” ဟုလည်း သူပြောသည်။
ကိုဗစ်နိုင်တင်းနှင့် ရင်းမြစ်ချို့တဲ့ခြင်း
စစ်အုပ်ချုပ်ရေးသို့ ပြန်သွားခြင်းသည် နိုင်ငံတွင် စိတ်ဖိစီးမှုများနှင့် ပူပန်သောကများ ဖြစ်စေသည့် တခုတည်းသော အကြောင်းရင်း မဟုတ်ပေ။
မြန်မာနိုင်ငံသည် ကပ်ရောဂါ ပထမနှစ်ကို တွန်းလှန်ထားနိုင်ခဲ့သော်လည်း တတိယလှိုင်းထိသည့် ဇူလိုင်လသို့ ရောက်သောအခါ ကူးစက်မှု အလျှင်အမြန်မြင့်မားလာသည်။ ယနေ့အထိ ကိုဗစ်နိုင်တင်းနှင့်ပတ်သက်သည့်သေဆုံးမှု ၁၄၄၉၉ ခုကို မှတ်တမ်းတင်ထားသော်လည်း အမှန်တကယ် ကိုဗစ်နိုင်တင်းကြောင့် သေဆုံးရသူ အရေအတွက်သည် ထိုထက်များစွာပိုမိုသည်ဟု ယုံကြည်ရသည်။
ဖျားနာ သို့မဟုတ် ဒဏ်ရာရသည့် ချစ်ခင်ရသူများကို အသက်ကယ်ရန် တနိုင်ငံလုံးမှ ပြည်သူများ ရုန်းကန်ကြိုးစားနေစဉ် ဆေးရုံများကို ပိတ်ပြီး စစ်အုပ်စုက ဆေးဝါးများနှင့် အောက်ဆီဂျင်များကို ၎င်းတို့အတွက်သာ သိမ်းဆည်းလိုက်ပြီး ရင်းမြစ်များမရှိသောကြောင့် အားကိုးရာမဲ့မှုသည် ရှင်ကျန်ရစ်သူများ အပြစ်ခံစားရသည့် စိတ်ကို ပိုမိုမြင့်မားစေသည်။
“ကိုဗစ်နိုင်တင်းဖြစ်လာတော့ လူတွေက အောက်ဆီဂျင်တွေ၊ ကုသမှုတွေ တောင့်ခံကြပေမယ့် အဲဒီအဓိကကျတာတွေ တခုမှမရဘူး။ ကိုယ့်မိသားစုတွေ ကိုယ့်ရှေ့မှာသေသွားတာကို ထိုင်ကြည့်နေရတယ်။ လူအများစုက သူတို့ကိုယ်သူတို့ အပြစ်တင်ကြပြီး အပြစ်ရှိတဲ့ ခံစားချက်ကို ခံစားနေရတယ်” ဟု မချယ်ရီစိုးမြင့်ပြောသည်
ညစဉ် ဝင်ရောက် ဖမ်းဆီးမှုများ၊ အင်တာနက် ပိတ်ဆို့မှုများနှင့်အတူ ညကာလသည် မြန်မာနိုင်ငံတဝှမ်းမှ ပြည်သူများအတွက် ကြောက်မက်ဖွယ်ကာလ ဖြစ်လာပြီး လူအများအပြားသည် စိုးရိမ်သောကနှင့် အိပ်မပျော်ခြင်းများကို ခံစားနေရသည်။
“ကျမကိုယ်တိုင် စိတ်ကျန်းမာရေး အထူးကျွမ်းကျင်သူဖြစ်ပြီး ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို သိတာတောင်မှ ကျမဟာ ရှင်ကျန်ရစ်သူတွေရဲ့ အပြစ်မကင်းတဲ့ ခံစားချက်ကို ခံစားရတယ်။ ဒါပေမယ့် ကျမရဲ့ စဉ်းစားပုံကို ပြောင်းလဲဖို့ ကျမ ကြိုးစားတယ်။ ငါဘာကြောင့် အသက်ရှင်ဖို့လိုလဲ။ ငါ့အဖေ ဘာအတွက်သေရတာလဲ။ ဒါ ငါ့ကြောင့်မဟုတ်ဘူး တိုင်းပြည်အခြေအနေကြောင့်ဖြစ်တာလို့ စဉ်းစားတယ်” ဟု သူပြောသည်။
မချယ်ရီစိုးမြင့်နှင့် အခြားစိတ်ကျန်းမာရေး ပညာရှင်များသည် ထိုကဲ့သို့သော စဉ်းစားတွေးခေါ်မှုမျိုးကို အခြားလူနာများတွင် ဗီဒီယိုကုထုံးဖြင့် ဖြန့်ချိနေသော်လည်း လုံခြုံရေး အန္တရာယ်၊ အားကိုးမရသော အင်တာနက်နှင့် ကိုဗစ်နိုင်တင်းကန့်သတ်ချက်များအကြား ၎င်းတို့ ယခုထက်များစွာ ပိုမိုလုပ်ဆောင်စရာ ရှိကြောင်း သူပြောသည်။
အကြမ်းဖက်မှုနှင့် ကိုဗစ်နိုင်တင်းကြောင့် ပူဆွေးသောကများကို အားလုံးခံစားနေရသော်လည်း အုပ်စုအမျိုးမျိုးအကြား ခံစားရသည့် အတွေ့အကြုံသည် မတူညီပေ။
ကျယ်ပြန့်လှသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အထူးသဖြင့် လူမျိုးစုနှင့် ဘာသာရေးလူနည်းစုမှ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေသောကြောင့် အမျိုးသမီးငယ်များသည် လမ်းတွင် စစ်သားများက တားဆီးပြီး ဖမ်းဆီးချုပ်နှောင်ရေး စခန်းများသို့ခေါ်သွားမည်ကို စိုးရိမ်ကြသည်။
“စစ်သားတွေက ကျမကို ဘာလုပ်မလဲဆိုတာကို ကျမ စိုးရိမ်တယ်။ စစ်သားတွေနဲ့ ဘယ်လိုပြောဆို ဆက်ဆံရမယ်ဆိုတာကိုပဲ အမြဲတမ်း စဉ်းစားနေမိတယ်။ အထူးသဖြင့် စစ်ဆေးရေးဂိတ်တွေမှာပေါ့” ဟု ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ အမျိုသမီးငယ် မသက်က မျက်ရည်ဝဲပြီးပြောသည်။ လက်စားချေမည်ကို စိုးရ်ိမ်သောကြောင့် သူမ၏ အမည်မှန်ကို မသုံးရန်လည်း သူမေတ္တာရပ်ခံသည်။
“ကိုယ့်ဟာကိုယ် အလုပ်များနေတဲ့ နေ့တွေဆို ဒါမျိုး သိပ်မခံစားရဘူး။ ဒါပေမယ့် ညဘက်တွေလို တိတ်ဆိတ်နေတဲ့ အချိန်တွေရောက်တဲ့အခါကျတော့ ကျမ ခံစားရတာ အရမ်းခက်ခဲတယ်။ အခုကျတော့ အရမ်းကို အိပ်မပျော်တဲ့ရောဂါဆွဲနေပြီ။ ၂ နာရီ ၃ နာရီလောက်အိပ်ပြီးရင် ပြန်နိုးတာပဲ” ဟုလည်း သူပြောသည်။
ထိုကဲ့သို့ ခံစားနေရသည်မှာ သူ တဦးတည်း မဟုတ်ပေ။ ညစဉ် ဝင်ရောက် ဖမ်းဆီးမှုများ၊ အင်တာနက် ပိတ်ဆို့မှုများနှင့်အတူ ညကာလသည် မြန်မာနိုင်ငံတဝှမ်းမှ ပြည်သူများအတွက် ကြောက်မက်ဖွယ်ကာလ ဖြစ်လာပြီး လူအများအပြားသည် ထိုသို့သော စိုးရိမ်သောကနှင့် အိပ်မပျော်ခြင်းများကို ခံစားနေရသည်။
ထိုကဲ့သို့ တူညီသော ဝမ်းနည်းကြေကွဲမှုများနှင့် စိတ်ဒဏ်ရာများကြောင့် အခြေအနေအပေါ် အများပြည်သူ၏ ဘုံနားလည်မှုတခုပေါ်ပေါက်လာပြီး စိတ်ကျန်းမာရေးနှင့်ပတ်သက်ပြီး ပိုမိုပွင့်ပွင့်လင်းလင်းဆွေးနွေးရန်နှင့် အကူအညီတောင်းခံသူများကို ပိုမိုထောက်ကူရန် အချို့က မှတ်ချက်ချလာသည်။ လူမှုကွန်ရက်တွင် ဖြန့်ချိသော ရင်းမြစ်များသာမက အင်တာနက်သင်တန်းများ၊ ကုသမှုများကို လွန်ခဲ့သော ၆ လအတွင်း တိုးချဲ့ခဲ့သောကြောင့်အကူအညီလိုအပ်နေသူများ အကူအညီ ပိုရလာသည်။
သို့သော် များပြားလှသော လူများစု အထူးသဖြင့် ဗန်သောင်သောင်ကဲ့သို့ ကျေးလက်တိုင်းရင်းသားဒေသမှ လူများအတွက် စိတ်ကျန်းမာရေးနှင့်ပတ်သက်သည့် လွှမ်းမိုးနေသော ရိုးရာအမြင်သည် စိတ်ကျန်းမာရေးအကူအညီလိုနေသူများ အကူအညီရရှိရေးအတွက် အတားအဆီးတခု ဆက်လက်ဖြစ်နေသည်။
“ချင်းပြည်နယ်မှာ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ရင်းမြစ်တွေရှိရင် အရမ်းကောင်းမယ်။ ဒါပေမယ့် တနိုင်ငံလုံးက မြန်မာပြည်သူတွေက အခုတောင်မှ မပွင့်လင်းသေးဘဲ အနောက်နိုင်ငံတွေမှာလို နှစ်သိမ့်ဆွေးနွေး ပညာပေးသူတွေကို မဆက်သွယ်ကြသေးဘူး” ဟု ဗန်သောင်သောင်ပြောသည်။
“စိတ်ဖိစီးမှု လွတ်မြောက်အောင် အကူအညီ ပိုပေးလာရင် အခြေအနေတွေ ပိုကောင်းလာမယ်။ ဒါပေမယ့် ပြည်သူတွေက အခု ဒါကို မသိကြသေးဘူး၊ အလေ့အကျင့် မဖြစ်သေးဘူး၊ အချိန်တော့ လိုလိမ့်မယ်” ဟုလည်း သူပြောသည်။
ကိုးကား။ ။ Al Jazeera မှ Coup, COVID take toll on young people’s mental health in Myanmar ကို ဘာသာပြန်သည်။
You may also like these stories:
ကိုဗစ်နိုင်တင်း ပျံ့နှံ့မည် စိုးပြီး စစ်ကောင်စီနှင့် ဆက်ဆံလာနေရ
လူ ၅၀ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေးထိုးမည့် စစ်ကောင်စီ၏ အစီအစဉ် အောင်မြင်ချေနည်းဟု ဆို
စက်တင်ဘာလ အလယ်လောက်အထိ သတိနဲ့ နေရမယ်
တရုတ်ကုန်သည်များ အသင်းက ကိုဗစ်ကာကွယ်ဆေးကို ကျပ် ၅ သောင်းဖြင့် ထိုးပေးမည် ဟုဆို