စနေနေ့ တိုက်ပွဲ၌ အကျအဆုံးများခဲ့သည့် စစ်ကောင်စီတပ်များသည် မြန်မာ အမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် ယနေ့တွင်လည်း မူဆယ်မြို့နယ်၊ ပန်ဆိုင်းမြို့နယ်ခွဲနှင့် မုံးကိုးမြို့နယ်ခွဲတို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။
ဇူလိုင်၂၈ ရက်မှ စကာ စစ်တပ်နှင့် MNDAA တို့အကြား ယင်းဒေသတွင် တိုက်ပွဲများ ဖြစ်နေရာ သြဂုတ် ၂၈ရက် တိုက်ပွဲတွင်မူ စစ်ကောင်စီဘက်မှ အရာရှိနှင့် အကြပ်တပ်သားများ ကျဆုံးကာ လက်နက်ခဲယမ်းများ ဆုံးရှုံး သည့် အထိ ဖြစ်ခဲ့သည်။
MNDAA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ခုနပဲ တိုက်ပွဲ ထပ်ဖြစ်တယ်။ ပန်ဆိုင်းကနေ ထွက်လာတဲ့ လမ်းမ ပေါ်မှာ ဖြစ်တာ။ သူတို့က ပန်ဆိုင်းဘက်ကနေ စစ်အင်အားတွေ ထပ်တိုးလာတယ်။ ကျနော်တို့ဘက်က လမ်းတဝက် မှာ ပိတ်ဆို့ပြီး ပစ်နေတာ ဖြစ်ပါတယ်။ မနေ့က သူတို့ စစ်ကြောင်းက ၁၃၀ လောက်ရှိတယ်။ ဒီနေ့ အခြေအနေကို တော့ မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သြဂုတ်လအတွင်း စစ်ကောင်စီဘက်မှ အင်အား ၁၀၀ ကျော် ပါဝင်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၃၀ အား မုံးကိုးမြို့ နယ်တွင်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုတပ်ရင်းသည် MNDAA နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
သြဂုတ် ၂၈ ရက်တိုက်ပွဲတွင် ခလရ ၂၃၀ ဘက်မှ တပ်ရင်းမှူးနှင့် ဒု တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ဖြစ်ပွားပြီးနောက် သြဂုတ် ၃၀ ရက်၊ မနက်ပိုင်းတွင် ပန်ဆိုင်းမြို့နယ်ဘက်မှ စစ်ကြောင်း တကြောင်းသည် မုံးကိုးမြို့နယ်ခွဲအတွင်းသို့ ထပ်မံ ဝင်ရောက်လာရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု MNDAA ဘက်က ဆိုသည်။

MNDAA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ အဆိုအရ စနေနေ့ တိုက်ပွဲတွင် ခလရ ၂၃၀ ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ် ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များ ကျဆုံးသွားကြောင်း ၎င်းတို့ ကိုင်ဆောင်သည့် ပစ္စတို ၂ လက်နှင့် ရုပ် အလောင်းများ မှ ရာထူးတံဆိပ်များကို သိမ်းယူခဲ့သည် သိရသည်။
တိုက်ပွဲအတွင်း ခလရ ၂၃၀ ၊ တပ်ရင်းမှူး ကိုင်ဆောင်သည့် ပစ္စတို သေနတ်တလက်၊ စက်သေနတ် ၂ လက်၊ ရိုင်ဖယ် ၄ လက် ၊ အီနာဂါ ဗုံးသီးများနှင့် လက်နက်ကြီးကျည်များ၊ လက်ပစ်ဗုံး အလုံး ၅၀ ကျော်၊ မြေမြှုပ်မိုင်းများ၊ RPG ပို့ ကျည်များ၊ ကျည်ဆန်များ၊ ဆက်သွယ်ရေးစက်များ၊ အရာရှိနှင့် တပ်သားများ၏ စစ်အသုံးအဆောင် ပစ္စည်းများ၊ တပ်ဖွဲ့၏ မှတ်တမ်းဆိုင်ရာ စာရွက်စာတမ်းများကို MNDAA ဘက်က သိမ်းဆည်းရမိလိုက်သည်။
သို့သော် စစ်ကောင်စီဘက်ကမူ တပ်ရင်းမှူး တိုက်ပွဲကျကာ အထိနာသွားသည်ဆိုသော MNDAA၏ ပြောဆိုချက် ငြင်းဆိုသော်လည်း စစ်သည်အချို့ ကျဆုံး ဒဏ်ရာရကာ လက်နက်တချို့ ဆုံးရှုံးသည်ကိုမူ ဝန်ခံခဲ့သည်။
MNDAA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့က တိုက်ပွဲလည်း မဖြစ်ချင်ဘူး။ စစ်ကောင်စီဘက်က နောက်က လိုက်နေလို့ ဖြစ်နေတာ။ ကျနော်တို့ MNDAA ဘက်က တိုက်ပွဲ မဖြစ်အောင် ရှောင်တယ်။ မတတ်နိုင်တဲ့ အခြေအနေမှာမှ တိုက်ပွဲဖြစ်တာ။ ပြန်ခုခံတာပါ။ တိုက်ပွဲ စဖြစ်တာကလည်း လူထုကို ကျန်းမာရေး စောင့်ရှောက်မှု လိုက်ပေးတဲ့ ကျနော်တို့ရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး အဖွဲ့ကို လိုက်တိုက်လို့ စဖြစ်ရတာပါ” ဟု ပြောသည်။
စစ်ကောင်စီဘက်ကမူ MNDAA ဘက်က မုံးကိုးဒေသတွင်းသို့ ပြန်လည် ဝင်ရောက် လှုပ်ရှားလာခြင်းကြောင့် ဖြစ် သည်ဟု ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“မုံးကိုးကတော့ မနေ့တုန်းကလည်း ဖြစ်သေးတယ်။ မနေ့တုန်းက မုံးကိုး၊ ပန်လုံကျေးရွာဘက်မှာ MNDAA ဘက်က ၆၀ လောက်နဲ့ ပစ်ခတ်ခဲ့တာတော့ ရှိတယ်။ ရန်သူ အကျအဆုံးတော့ မသိဘူး။ ဒီဘက်က စစ်သည် ၂ ယောက်တော့ အနည်းငယ် ဒဏ်ရာ ရရှိတာရှိတယ်။ ဒါပဲ။ ၂၉ ရက်နေ့တုန်းကတော့ မနက် ၆ နာရီကနေ နေ့လယ် ၁၀ နာရီလောက် ထိ ဖြစ်ခဲ့တာ ရှိတယ်”ဟု ပြောသည်။
ထိုသို့ သြဂုတ် ၂၈ရက်က နှစ်ဘက်တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပြီး နောက်တနေ့ မနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီ ဘက်က လက်နက်ကြီး ကျည်များ ပစ်ခတ်ရာ ကောင်းလုံကျေးရွာအုပ်စု၊ နမ့်ဟာကျေးရွာအတွင်း ကျည်များ ကျပေါက်ကွဲသဖြင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် သေဆုံးခဲ့သည်။
နမ့်ဟာကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျပေါက်ကွဲသဖြင့် ကောင်းလုံကျေးရွာအုပ်စုအတွင်းမှ လူဦးရေ ၇၀၀ ကျော်သည် နေရပ်ရင်းရွာများကို စွန့်ခွာပြီး မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးခဲ့ကြသည်။
မနက်ပိုင်းတွင် ကျည်ထိမှန် သေဆုံးခဲ့သည့် အရပ်သား ၄ ဦး၏ အလောင်းများကို သြဂုတ်၂၉ ရက်၊ ညနေပိုင်းမှသာ မိသားစုဝင်များနှင့် ရွာသူရွာသားများက ရွာတွင်း ပြန်ဝင်လာ၍ သယ်ယူကာ မြှုပ်နှံခဲ့ကြသည်။
မုံးကိုးမြို့သို့ ထွက်ပြေးလာသည့် ဒေသခံတဦးက “ကျည်က ပလောင်ရွာမှာ ကျတာ။ သူတို့ထဲက အိမ်တအိမ်မှာ ကျ တာ။ အိမ်လည်း ပျက်တယ်။ လူလည်းသေတယ်။ မနေ့က အသားကုန် ချကြတာ။ အကုန်ကြားညှပ် ပိတ်မိကုန်မှာ ကြောက်လို့ ပြေးကြတာ ရွာလုံးကျွတ်ပဲ။ ဆိုင်ကယ်ရှိတဲ့သူ ဆိုင်ကယ်နဲ့ ပြေး၊ မရှိတဲ့ သူက ခြေလျင် ပြေးတယ်။ ကျနော်တို့လည်း ၆ မိုင်လောက်ကို လမ်းလျှောက်ပြီး ပြေးလာတာ” ဟု ပြောသည်။
ကောင်းလုံကျေးရွာ အုပ်စုသည် မုံးကိုးမြို့နှင့် ၅ မိုင်ကျော် ကွာဝေးသည့် နေရာတွင် တည်ရှိသည့် ကျေးရွာအုပ်စုကြီး ဖြစ်ပြီး ၂၀၂၀ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ထိုကျေးရွာအုပ်စုထဲတွင် ဒေသခံ ၇၀၀ ကျော် နေထိုင် သည်။
ယခုအခါ တိုက်ပွဲများကြောင့် ရွာလုံးကျွတ် မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးလာကြပြီဟု ဒေသခံများက ပြောသည်။

မုံးကိုးမြို့နယ်ခွဲနှင့် ပန်ဆိုင်းမြို့နယ်ခွဲတို့တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ MNDAA တဖွဲ့တည်း မဟုတ် ဘဲ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၏ တပ်မဟာ ၆ လက်အောက်ခံ ၊ တပ်ရင်း ၃၆ နှင့်လည်း တိုက်ခိုက်မှုများ ရှိသည်။
သြဂုတ် ၂၈ ရက်တွင် စစ်ကောင်စီနှင့် MNDAA ကြား တိုက်ပွဲ ပြင်းထန်နေချိန် မုံးကိုးမြို့နယ်ခွဲအတွင်း KIA ၏ တပ်ရင်း ၃၆ သည်လည်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားထားသည်ဟု KIA ၏ သတင်းဌာနတခုဖြစ်သည့် Kachinnet က သတင်း ရေးသားထားသည်။
မုံးကိုးမြို့နယ်ခွဲနှင့် ပန်ဆိုင်းမြို့နယ်ခွဲတို့တွင် ဇူလိုင် ၂၈ ရက်မှ စ၍ MDAA၊ KIA နှင့် စစ်ကောင်စီ တပ်များကြား တိုက်ခိုက်မှုများ စတင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုများ စတင်ခဲ့ချိန်ကလည်း မုံးကိုးမြို့နယ်ခွဲအတွင်းမှ မန့်ယန်ကျေးရွာနှင့် ဘန်မွေးကျေးရွာတို့မှ ဒေသခံ ဦးရေ ၁၇၀ ကျော်သည် ရွာလုံးကျွတ် နေရပ်စွန့်ခွာထွက်ပြေးရပြီး လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်၊ မိုင်တိုင် ၁၀၂ အနီးတွင် ယာယီတဲများ ဆောက်လုပ်ကာ နေထိုင်နေရသည်။
မန့်ယန်ကျေးရွာမှ စစ်ဘေးရှောင်ဒုက္ခသည်တဦးက “ကျနော်တို့လည်း ဒီဘက်ကို ရောက်နေတာ တလရှိပြီ။ ရွာကို လည်း ပြန်လို့ မရသေးဘူး။ အခြေအနေတွေက မတည်ငြိမ်သေးဘူး။ တိုက်ပွဲတွေက ကျနော်တို့ ဖြတ်ပြေးလာတဲ့ ဘန်စကိုင်းရွာနားမှာလည်း ဖြစ်နေတုန်းပဲ။ ပစ်ခတ်သံတွေ ကြားနေရတယ်။ ဒီမှာလည်း စားရေးသောက်ရေး ကတော့ ခက်ခဲတယ်။ လူဦးရေကတော့ အကုန်လုံး တိုးလာတာလည်း မရှိဘူး။ လျော့သွားတာလည်း မရှိဘူး။ ဒီမှာပဲ ဆက်နေ နေကြပါတယ်” ဟု ပြောသည်။
သြဂုတ်လ ပထမပတ်ကလည်း မုံးကိုးမြို့နယ်ခွဲဘက်သို့ အင်အားဖြည့်ရန် တက်လာသည့် စစ်ကောင်စီ၏ စစ်ကြောင်း တကြောင်းကို ပန်ဆိုင်းမြို့နယ်ခွဲတွင်း၌ MNDAA နှင့် KIA တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှု အပြီးတွင် စစ်ကောင်စီသည် လက်နက်ကြီးကျည်များ ပစ်ခတ်ရာ ရွာများအတွင်း ကျရောက် ပေါက်ကွဲ ခြင်းတို့ကြောင့် ပန်ဆိုင်းမြို့နယ်ခွဲအတွင်းရှိ ဖိုင်ကောင်း၊ ခါလျန်၊ ဘောင်ရာ စသည့် ကျေးရွာများမှ ဒေသခံဦးရေ ၁၀၀၀ ကျော်သည်လည်း သြဂုတ် ပထမပတ်မှစ၍ နေရပ်စွန့်ခွာ ထွက်ပြေး နေရသည်မှာ ယနေ့ထိ ဖြစ်သည်။
စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် MNDAA သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်တောင်ကြောပေါ်တွင် ဌာနချုပ်အခြေစိုက်ကာ ကိုးကန့်ဒေသအပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်၊ သိန္နီ ၊ လားရှိုး၊ ကွတ်ခိုင် မြို့နယ်များအထိ တပ်ဖြန့် လှုပ်ရှားသည်။
MNDAA သည် ဗဟိုအစိုးရနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်ကာ ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC)၏ အဖွဲ့ဝင် ဖြစ်သည်။
ထို့ပြင် MNDAA သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရက္ခိုင်တပ်တော် (AA) တို့နှင့်လည်း စစ်ရေး မဟာမိတ်ဖြစ်ကာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဟူသည့် စုဖွဲ့မှု အောက်တွင် ရပ်တည်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၌လည်း ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည် ရွေးကောက်ခံ အရပ်သားအစိုးရ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင်ကို အတူတကွချုပ်ဆိုနိုင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ဆွေးနွေးမှုများ ပြုလုပ်ထားသည်။
စစ်တပ်က အာဏာသိမ်းပြီးသည့်နောက်တွင် စစ်ကောင်စီ၏ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ပြောဆိုကာ ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် ငြိမ်းချမ်း ရေး ဆွေးနွေးရေးအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း တိုင်းရင်းသားတပ်များဘက်မှ လက်ခံ ဆွေးနွေးခြင်း မရှိပါ။
ထို့အတူ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့သည်လည်း အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ထား ခြင်း ယနေ့ထိ မရှိသေးပါ။
You may also like these stories:
ရှမ်းမြောက် မုံးကိုး တိုက်ပွဲ စစ်သားတချို့အကျအဆုံးရှိ
ခရိုင်ဥက္ကဌက စစ်ရေးရှောင်ဖို့ ဆိုသော်လည်း တပ်စခန်းများ KNU သိမ်း
ကော့ကရိတ်တွင် စစ်ကောင်စီနှင့် KNU တပ်ဖွဲ့များ နှစ်ဖက် ရင်ဆိုင်ထား