ဒီတခါ ဖော်ပြပေးမယ်ရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်အတွင်းက ထွက်ရှိထားတဲ့ ဒါရိုက်တာ Pete Ohs နဲ့ Andrea Sisson တို့ရိုက်ကူးထားတဲ့ Fantasy, Science-Fiction အမျိုးအစား ရုပ်ရှင်ကား တကားဖြစ်တဲ့ “Everything Beautiful Is Far Away” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Julia Garner , Joseph Cross , C.S. Lee နဲ့ Jillian Mayer ကတော့ အသံ သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ မြို့ကြီးပြကြီးမှာမနေချင်တဲ့ Lernet ဆိုတဲ့ လူရွယ်တယောက်ဟာ သဲကန္တာရထဲမှာ ကျောပိုးအိတ် တလုံးနဲ့သွားလာနေတာဖြစ်ပြီး သူ့ကျောပိုးအိတ်မှာ စက်ရုပ်ခေါင်း တခု ရှိနေတာပဲဖြစ်ပါတယ်။ အဲဒီစက်ရုပ်ခေါင်းဟာ Lernet ကိုယ်တိုင် ပရိုဂရမ်ဆွဲ ဒီဇိုင်း ထုတ်ထားတဲ့ စက်ရုပ်မလေးပဲဖြစ်ပြီး သဲကန္တာထဲမှာ သူနဲ့အတူ အဖော်အဖြစ် လိုက်ပါဖို့ ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့်အချိန်တွေ ကြာလာတာနဲ့အမျှ စက်ရုပ်မလေးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ပျက်စီးကုန်ခဲ့တာဖြစ်ပြီး နောက်ဆုံး သူ့ကျောပိုးအိတ်ပေါ်မှာ ရှိနေရတော့တာပဲ ဖြစ်ပါတယ်။ Lernet ဟာ သူ့ရဲ့ စက်ရုပ်မလေး Suzan အတွက် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ထပ်မံတပ်ဆင်ပေးဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို လိုက်လံရှာဖွေနေခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ရှာဖွေနေတုန်းမှာပဲ Lernet ဟာ အစာအဆိပ်သင့်နေတဲ့ ကောင်မလေးတယောက်ကို တွေ့ရှိခဲ့ရပြီး သူ့မှာ အဆင်သင့်ပါလာတဲ့ ဆေးနဲ့ ကယ်ဆယ်နိုင်ခဲ့တာပါ။ ကောင်မလေးကလည်း ကန္တာရခရီးသွားတဦးဖြစ်ပြီး သူမ နေပြန်ကောင်းချိန်မှာပဲ သူမသွားလိုရာကို ဆက်လက် ထွက်ခွာသွားတော့တာပဲ ဖြစ်ပါတယ်။
လိုအပ်တဲ့ အစိတ်အပိုင်းတွေ မရမချင်း Suzan ကို အသက်သွင်းပေးနိုင်မှာ မဟုတ်တဲ့အတွက် Lernet ဟာ ပစ္စည်း အစအနတွေ မြင်တိုင်း ရှာဖွေစူးစမ်းရင်း ဒဏ်ရာရ မေ့မြောသွားပါတော့တယ်။ အဲဒီအချိန်မှာပဲ သူကယ်တင်လိုက်တဲ့ ကောင်မလေး Rola ဟာ သူလဲကျနေတာကိုတွေ့ရှိသွားပြီး သူ့ဒဏ်ရာကို ကုသပေးရင်း သူသတိရလာမယ့်အချိန်ကို စောင့်ဆိုင်းပေးနေတာပဲဖြစ်ပါတယ်။
ရုပ်ရှင်တခုလုံးရဲ့ အချိန်အများစုကို သဲကန္တာရမှာ ခရီးသွားနေတဲ့ Lernet , Rola နဲ့ စက်ရုပ်မလေးတို့ကိုသာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ သူတို့ဟာ ဘယ်နေရာကိုဦးတည်ပြီး ခရီးသွားနေတာလဲ ဆိုတာရယ် ၊ ဘယ်အရာကိုရှာဖွေနေတာလဲ ဆိုတာရယ်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
IMDb rating (5.5) ရရှိထားတဲ့ “Everything Beautiful Is Far Away” ရုပ်ရှင်ကို ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။