စာရေးဆရာမ ဂျူးရဲ့ နာမည်ကျော် ဝတ္ထုတွေထဲက တပုဒ်ဖြစ်တဲ့ “ကြာတော့သည်လည်း မောင့်စကား”။
ပရိသတ်တွေ ရင်ထဲ ဝတ္ထုဘဝနဲ့ လွှမ်းမိုးနိုင်ခဲ့တဲ့ “ကြာတော့သည်လည်း မောင့်စကား”။ ရွှေစည်တော် ထုတ်လုပ်ရေးက ဒီနေ့ခေတ်အတွက် ထပ်မံ ဖန်တီးလိုက်တဲ့ “ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ကားကြီးကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင် ရုံတင်လိုက်ပါပြီ။
ဗားရှင်းအသစ်မှာ နန္ဒအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကျော်အဖြစ် ထွန်းထွန်း၊ တင်တင်ဇော်အဖြစ် ဖွေးဖွေးတို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ရုပ်ရှင် စအဖွင့်မှာ ဖွေးဖွေး(တင်တင်ဇော်) နဲ့ ထွန်းထွန်း(ဖြိုးကျော်) အဆုံနဲ့ စတင်ထားပါတယ်။ အဖွင့်မှာပဲ ဖွေးဖွေးနဲ့ ထွန်းထွန်းရဲ့ သရုပ်ဆောင်မှုက ငယ်သူငယ်ချင်း သံယောဇဉ် အတိမ်အနက်ကို သိသိသာသာ ပြနိုင်ခဲ့သလို “ငါနဲ့ ပညာ အဆင့်အတန်းချင်း တူသွားတာပေါ့ဟာ”လို့ပြောလိုက်တဲ့ ဖြိုးကျော်ရဲ့ စကားနဲ့ သရုပ်ဆောင်မှု၊ ဖွေးဖွေးရဲ့ စကားလုံး မပါတဲ့ သရုပ်ဆောင်မှုတွေက ပရိသတ်ကို ထိစေမယ့် ပြကွက်တွေပါ။
သူတို့ရဲ့ ငယ်ဘဝ ဇာတ်ကွက်တွေမှာလည်း ထွန်းထွန်းက ရင်ထဲကအချစ်တွေကို သိသိသာသာ ပုံဖော်နိုင်ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတဲ့ ဖြိုးကျော်ဆိုတဲ့ လူငယ်တဦး ဖြစ်ခဲ့ပါတယ်။ နန္ဒကတော့ အခန်းနည်းပြီး စကားပြောလည်း နည်းတာကြောင့် လုပ်ကွက် သိပ်မတွေ့ရပေမယ့် စာတော်၊ မာနကြီးပြီး၊သီးသန့်နေတတ်တဲ့သူအဖြစ်နဲ့ စိုင်းစိုင်းခမ်းလှိုင်က သဘာဝကျကျပါပဲ။
အရာရာမှာ အမြင့်ကိုပဲ တက်လှမ်းချင်ပြီး ကြိုးစားတဲ့ တင်တင်ဇော်၊ အချစ်ကို သိသလိုမသိသလိုနဲ့ အထင်ကြီးစိတ်ကနေ နန္ဒအပေါ် တွယ်ငြိသွားတဲ့ တင်တင်ဇော်အဖြစ် ဖွေးဖွေးကို တွေ့မြင်ရပါတယ်။
ဇာတ်လမ်းရဲ့ အဓိကမြှုပ်ကွက် ဘာမှန်းတောင် မသိလိုက်ရတဲ့ “မောင့်စကား”ကို ဖြိုးကျော်က စာရွက်တဝက်ဖြဲပြီး ယူသွားတာကြောင့် မဖတ်လိုက်ရတဲ့ တင်တင်ဇော်ရဲ့ ခံစားမှု၊ ဖြိုးကျော်ရဲ့ ခံစားမှု ဇာတ်ဝင်ခန်းတွေကိုလည်း ဒါရိုက်တာ မီးပွားက နှစ်ယောက်စလုံးနေရာကနေ ပရိသတ်ကိုယ်တိုင် ခံစားနိုင်အောင် ဖော်ကျူးထားတာပါ။
သုံးယောက်စလုံး ပြန်ဆုံတဲ့အချိန်၊ အဓိက နန္ဒနဲ့ တင်တင်ဇော် ပြန်ဆုံတွေ့ချိန်မှာတော့ ဆရာမဂျူးရဲ့ အတွေးရဲရဲ၊ အရေးရဲရဲ ဇာတ်ဝင်ခန်းတွေကို စိုင်းစိုင်းနဲ့ ဖွေးဖွေးကလည်း ခပ်သွက်သွက် သရုပ်ဆောင်ပြ နိုင်ခဲ့ပါတယ်။ ဒီအခန်းတွေမှာတော့ သုံးယောက်စလုံးကို ပြိုင်တူတွေ့နေရပြီး စကားလုံးတွေ၊ သရုပ်ဆောင်မှုတွေ အဓိက တွေ့ရတာပါ။
နန္ဒနေရာက စိုင်းစိုင်းဟာ စကားလုံးနည်းနည်း၊ သရုပ်ဆောင်မှုနဲ့ အဓိကသွားရတာတွေ များတာပါ။ ဒါပေမဲ့ ပရိသတ်တွေ ဝေဖန်မှုများခဲ့တဲ့ အရင်က စိုင်းစိုင်း အကြည့်တွေကိုတော့ ဒီကားမှာ မတွေ့ရတော့ပါဘူး။ အောင်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ ခပ်ထေ့ထေ့ လူငယ် နန္ဒအဖြစ် စိုင်းစိုင်းက လုပ်ပြနိုင်ပေမယ့် တချို့အခန်းတွေမှာတော့ တခုခု ချုပ်တည်း၊ ထိန်းချုပ်ထားတဲ့ စိုင်းစိုင်းကို တွေ့နေရပါတယ်။
ထွန်းထွန်းကတော့ စကားလုံး အများကြီးပြောရတဲ့ သရုပ်ဆောင်မှုတွေနဲ့ ဖြိုးကျော် ဇာတ်ရုပ်ကို ဖြိုးကျော်လို့မြင်လာအောင် သရုပ်ဆောင်နိုင်ခဲ့တာပါ။” ငါကနင့်ကို မလွယ်စေချင်တာပါဟာ” ၊ “ယောကျာ်းတိုင်းက ဖြိုးကျော် မဟုတ်ဘူး။”၊”နင့်စကားကို ငါဘယ်တုန်းက ငြင်းခဲ့ဖူးလို့လဲ”ဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်ဘဝထက် ချစ်သူကို ပိုချစ်ပြနေတာကြောင့် ကြည့်ရင်းနဲ့ မိန်းကလေး ပရိသတ်တွေ သနားသွားကြမှာဖြစ်ပေမယ့် သဘာဝ ဆန်လွန်းတာကြောင့် ရုပ်ဆိုးတယ်လို့ မြင်ရတဲ့အခန်းတွေလည်း ရှိပါတယ်။
တင်ပြတဲ့နေရာမှာ နှစ်အုပ်တွဲ ဇာတ်လမ်းကြီးကို ရုပ်ရှင်တကားစာ ချုံ့လိုက်၊ ဖြတ်တောက်လိုက်ရတာတွေလည်း ရှိနိုင်တာကြောင့် (ဥပမာ-နန္ဒနဲ့ တင်တင်ဇော်ရဲ့ပထမဆုံးတွေ့မှုက) စာအုပ်သာ ဖတ်မထားတဲ့သူဆိုရင် ဖွေးဖွေးရဲ့ သရုပ်ဆောင်မှုက လိုတာထက်ပိုပြီး တင်းမာနေတယ်လို့ ခံစားသွားနိုင်တာပါ။ ဒါပေမဲ့ တချို့ အခန်းတွေမှာလည်း အဲဒီလိုမျိုး ရုတ်တရက် ဟသွားပေမယ့် အနောက်ကနေ လိုက်လာတဲ့ အခန်းကြောင့် ပရိသတ် အချိတ်အဆက် ပြန်မိသွားစေပါတယ်။
တကယ်တော့ ဒီဇာတ်ကားက သိမ်မွေ့နက်နဲတဲ့ အချစ်ကို ချစ်စရာကောင်းအောင် ပြသတဲ့ဇာတ်လမ်း မဟုတ်ဘဲ စာရေးသူက အတ္တ၊ မာနနဲ့ လွန်ကဲတဲ့ ဆန္ဒတွေက ကိုယ်တိုင် ပြန်ထိရှ ခံစားရတာကို တင်ပြတယ်လို့ ပြောလို့ ရပါတယ်။
ဝတ္ထုကို တထပ်တည်းကျဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီဝတ္ထုဖန်တီးသူ ဆရာမဂျူးကိုယ်တိုင် လာရောက်ကြည့်ရှုတာ တွေ့တာကြောင့် ဗားရှင်းအသစ်ကို သွားမေးမိတဲ့အခါ “သူ့ခေတ်နဲ့ သူတော့ အကောင်းဆုံး ပုံဖော်နိုင်ကြတဲ့ ကလေးတွေပါ”လို့ပြုံးပြီး ဖြေပါတယ်။
ကိုယ်ဖန်တီးထားတဲ့ ဝတ္ထုကို ရုပ်ရှင်ရုံထဲမှာပြန်လည်ခံစားရတဲ့ ခံစားမှုကိုလည်း ဆရာမဂျူးက “ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်ကွက်တွေကို သူတို့ သရုပ်ဆောင်ကြတဲ့အခါ ကိုယ်ပြောပြချင်တဲ့အထိ မရောက်ရင်တော့ စိတ်ထဲမှာ အားမလို၊ အားမရဖြစ်မိတာပေါ့နော်။ ကိုယ့်ဝတ္ထုထဲကအတိုင်းလေး တွေ့ရရင်တော့ ကျေနပ်ပီတိ ဖြစ်ရတာပေါ့”လို့ ဆိုပါတယ်။
သေချာတာကတော့ “ကြာတော့သည်လည်း မောင့်စကား”ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နန္ဒ၊ ဖြိုးကျော်၊ တင်တင်ဇော်တို့ရဲ့ လူငယ်အချစ်တွေ ဒီနေ့ခေတ် လူငယ်တွေအထိ ရှိနေတယ်ဆိုတာ ပြသထားပါတယ်။ ။
ဆက်စပ် သတင်းလင့်ခ်များ
“ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ဇာတ်ညွှန်းရေးခဲ့ရတာ နောင်တမရတဲ့ မိုးနီလွင်
“ချစ်ပြီး စွန့်လွှတ်ခဲ့ရတဲ့ ဇာတ်ကားတွေ ရိုက်တာ များခဲ့တယ်”လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင်
“တင်တင်ဇော်က ဘယ်မြို့သူပဲဖြစ်ဖြစ် မပြောင်းလဲဘူးလို့ ယူဆတယ်”လို့ စာရေးဆရာမ ဂျူးပြော