အသက် ၃ နှစ်သာရှိသေးတဲ့ မင်းသမီးလေး Charlotte ဟာ ဗြိတိန်တော်ဝင်မိသားစုဝင်တွေထဲမှာ အချမ်းသာဆုံး ဖြစ်လာခဲ့ပြီး ခန့်မှန်း အသားတင်ဝင်ငွေ ရရှိမှုမှာ အဲလိဇဘက်ဘုရင်မကြီးထက်တောင် ပိုများတယ်လို့ ဆိုပါတယ်။
Reader’s Digest မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ သတင်းတပုဒ်ရဲ့ အဆိုအရ မင်းသမီးလေး Charlotte ရဲ့ ဝင်ငွေဟာ ဒေါ်လာ ၅ ဘီလီယံကို ရောက်ရှိခဲ့ပြီးတဲ့နောက် သူ့ရဲ့ တော်ဝင် မိသားစုဝင်တွေထဲမှာ အချမ်းသာဆုံး ဖြစ်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တော်ဝင်မိသားစုဝင်တွေထဲမှာ ဒုတိယအချမ်းသာဆုံးကတော့ သူ့ရဲ့ အကိုတော် မင်းသားလေး George ဖြစ်ပြီး ပိုင်ဆိုင်မှု ဟာ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံရှိတယ်လို့ ဆိုပါတယ်။ မင်းသားဝီလီယံနဲ့ မင်းသားဟယ်ရီတို့ ကတော့ ဒေါ်လာ သန်း ၄၀ ဆီပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်မှုတော်တော်များများရှိတယ်လို့ ဆိုတဲ့ ဘုရင်မကြီး ဆီမှာတော့ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၅၅၀ ရှိတယ်လို့ သိရပါတယ်။
Reader’s Digest ရဲ့ ထောက်ပြချက်အရဆိုရင် မင်းသမီးလေး Charlotte၊ မင်းသားလေး George နဲ့ မင်းသားလေး Lousis တို့ဟာ သူတို့ရဲ့ သက်ဆိုင်ရာ တော်ဝင်အမွေရရှိထားတာ မရှိသေးတဲ့အတွက် သူတို့ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို ယူကေနိုင်ငံရဲ့ စီးပွားရေးနဲ့သာ နှိုင်းယှဉ်တွက်ဆ ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။
မင်းသမီးလေး Charlotte အကြောင်းဆက်ပြောရမယ်ဆိုရင် အခုလိုမျိုး ငွေကြေးပိုင်ဆိုင်မှု များပြားလာတာဟာ မင်းသမီးလေးရဲ့ ဘဝသက်တမ်းတလျှောက်လုံးမှာ ဖက်ရှင်ဒီဇိုင်းပုံစံအဝတ်အစားရောင်းချရမှုကြောင့် ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားချက်အပေါ်မှာ အခြေခံတွက်ချက်ထားတာ ဖြစ်ပါတယ်။
အဝါရောင် ဆွယ်တာအကျီကို ဝတ်ဆင်ပြီး မင်းသမီးလေး Charlotte ဟာ ဓာတ်ပုံအရိုက်ခံပြီးတဲ့ နောက် ယူကေ နိုင်ငံတဝန်းမှာရှိတဲ့ ကုန်တိုက်စတိုးတွေမှာ အဲဒီသာမန်ဆွယ်တာအကျီလေးဟာ ၂၄ နာရီအတွင်း ရောင်းကုန်ခဲ့တယ် လို့ဆိုပြီး တချို့ကလည်း ဒါဟာ “the Charlotte effect” (Charlotte အကျိုးသက်ရောက်မှု) လို့ ခေါ်ဆိုခဲ့ကြပါတယ်။
အောက်ဖော်ပြပါအချက်အလက်တွေကတော့ တော်ဝင်မိသားစုတခုချင်းစီရဲ့ ပိုင်ဆိုင်မှု အပေါ် Reader’s Digest ရဲ့ခန့်မှန်းချက်ဖြစ်ပါတယ်။
Meghan Markle (Sussex မြို့စားကတော်) : ဒေါ်လာ ၅ သန်း
Kate Middleton (Cambridge မြို့စားကတော်) : ဒေါ်လာ ၁၀ သန်း
Prince Philip (Edinburgh မြို့စားကြီး) : ဒေါ်လာ သန်း ၃၀
Prince William (Cambridge မြို့စား) နဲ့ Prince Harry (Sussex မြို့စား) : ဒေါ်လာ သန်း ၄၀ စီ
Prince Charles (Cornwall မြို့စားကြီး) : ဒေါ်လာ သန်း ၁၀၀
အဲလိဇဘက်ဘုရင်မကြီး: ဒေါ်လာ သန်း ၅၅၀
Prince George: ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ
Princess Charlotte: ဒေါ်လာ ၅ ဘီလီယံ
Ref: etcanada