ဂျပန်နိုင်ငံက အသက်က ၆၂ နှစ်အရွယ် အမျိုးသမီးကြီး Eriko Yagi ဟာ သူမရဲ့ဖက်ရှင် စတိုင်တွေက သူများနဲ့မတူ တမူထူးခြားနေတာကြောင့် လူတွေရဲ့စိတ်ဝင်စားမှု ရနေသူတယောက် ဖြစ်ပါတယ်။ လူတင်ပဲ ဖက်ရှင်ကျတာမဟုတ် သူနေထိုင်တဲ့အိမ်ကို အပေါ်ကော အောက်ထပ်ပါ ဒီဇိုင်းဆန်းတွေ ဖန်တီးထားပါတယ်။
သူမက အမေရိကန် စူပါဟီးရိုးကားတွေကို အလွန်ကြိုက်နှစ်သက်ပြီး Star Wars ကတော့ သဘောအကျဆုံး ဇာတ်ကားလို့ ဆိုပါတယ်။ သူမရဲ့ ရူးသွပ်မှုတွေကို သိသာစေတာကတော့ အိမ်ရဲ့ဒီဇိုင်းပါပဲ။ သူမအိမ်ရဲ့အောက်ထပ်မှာ အဝါရောင် နံရံ၊ ပန်းရောင်နဲ့ အစိမ်းရောင် အစက်အပြောက်၊ စင်ပေါ်မှာတော့ ကာတွန်းကားထဲက အရုပ်တွေနဲ့ အလှဆင်ထားပါတယ်။ ဘာဘီအရုပ်တွေချည်းပဲ စုစည်းထားတဲ့ စင်တခုလည်း ရှိပါသေးတယ်။
မျက်နှာကျက်မှာတော့ ပျံံသန်းနေတဲ့ စပိုက်ဒါမင်း (Spider Man) အရုပ်ကြီးနဲ့အတူ လန်ဒန်က ဖုန်းပြောတဲ့ ရုံလေးမှာတော့ DVD တွေ အပြည့်နဲ့ပေ့ါ။ သူမဆီမှာ ဖိနပ်တွေ ပုံစံမျိုးစုံ ရှိပြီး ၁၀ စင်တီမီတာလောက် အရှည်ရှိတဲ့ ဖိနပ်ကိုစီးကာ နေ့တိုင်းလမ်းလျှောက် ထွက်ပါတယ်တဲ့။
သူမ အိမ်မှာရှိတဲ့ ပစ္စည်းတွေဟာ အရောင်စုံပြီး ဒီဇိုင်းမျိုးစုံရှိတာကြောင့် Yagi ဟာ သူမဘဝ တလျှောက်လုံး ဒီပစ္စည်းတွေကို စုဆောင်းလာတယ်လို့ ထင်ရပါတယ်။ သူမဟာ အရောင်စုံပြီး အပွင့်ဖတ်တွေများတဲ့ ဒီဇိုင်းကို သဘောကျလေ့ ရှိပါတယ်။
“ကျမက ငယ်စဉ်ကဖက်ရှင်နဲ့ ပတ်သက်ပြီး သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမယ့် ရှင်ခြင်းနဲ့ သေခြင်းတရားကိုတော့ အမြဲတွေးမိခဲ့ပါတယ်။ ဘဝက တိုတောင်းလွန်းတာကြောင့် ကိုယ်ပျော်ရွှင်တဲ့ အရာတွေကို လုပ်သင့်တယ် ဆိုတာတော့ သိခဲ့ပါတယ်။ အသက် ၃၀ ရောက်တဲ့အခါ ကျမရဲ့ကလေးတွေဟာလည်း နည်းနည်းတော့ သူတို့ကိုယ်သူတို့ ထိန်းကျောင်းတတ်ပြီဆိုတာ သိရတဲ့အခါ ကျမဘဝအတွက် အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ သူမက ဆိုပါတယ်။
Yagi ဟာ အရင်က ခင်ပွန်းဖြစ်သူနဲ့အတူ သင်္ဘောကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ပြီး တနေ့ကို အိပ်ချိန် ၄ နာရီသာ ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ဝါသနာဖြစ်တဲ့ ရေမွှေးလုပ်ခြင်း၊ ကိုယ်ပိုင်အဝတ်အစား ချုပ်လုပ်ခြင်း စတာတွေကိုလည်း ဆက်လက် ထိန်းသိမ်းခဲ့ပါတယ်။
သူမဟာ ကြိုက်နှစ်သက်တဲ့ပစ္စည်းတွေဆို ဝယ်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းလေ့ရှိပါတယ်။ သူမရဲ့အိမ်ဟာ မသိရင် အဝတ်ဗီရိုလို့ထင်ရလောက်အောင် အဝတ်အစားတွေနဲ့ တန်ဆာဆင်ထားပါတယ်။ စားပွဲခုံတွေကိုတော့ ဆံညှပ်မျိုးစုံနဲ့ အလှဆင်ထားပြီး အံဆွဲတွေကတော့ လက်ဝတ်ရတနာတွေ နဲ့ ပြည့်လို့နေပါတယ်။
အခုဆိုရင် Yagi ရဲ့ ဖက်ရှင်ဒီဇိုင်းကို သဘောကျတဲ့သူတွေရှိသလို သူမရဲ့အိမ်ကို လာရောက်လည်ပတ်ပြီး ဖက်ရှင်အတွက် အကြံဉာဏ် အိုင်ဒီယာတွေလည်း ထုတ်ကြတယ်လို့ သိရပါတယ်။
Ref ; www.scmp.com