မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စုရှိ အလှပ်ကမ်းခြေတွင် သြဂုတ် ၁၂ ရက်နေ့က ဒီရေမြင့်တက်လာခြင်းကြောင့် ပင်လယ်ရေလုပ်သားများ၏ နေအိမ်အလုံး ၃၀ ကျော်မှာ ပြိုပျက်မှုများဖြစ်ပွားခဲ့ရကြောင်း အလှပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောသည်။
ဦးသိန်းတင်က “ရေတွေအများကြီး ကြီးသွားတော့ အိမ်ခြေ ၃၇ လောက် ပြိုသွားတယ်၊ နေ့ဘက်ဆိုတော့ လူတွေတော့ ရေတက်တော့ ပြေးကြတာပေါ” ဟု ဆိုသည်။
ပင်လယ်ရေသည် မွန်တည့် ၁၂ နာရီတွင် စတင်တက်လာပြီး ညနေ ၄ နာရီမှ ရေပြန်လည်ကျဆင်းသွားကြောင်း အဆိုပါ ပင်လယ်ရေ ရေတက်လာခြင်းကြောင့် အလှပ်ကျေးရွာရှိ ဆေးရုံလည်း ရေနစ်မြုပ်ခဲ့ရကြောင်း အလှပ်ကျေးရွာတောင်ပိုင်းမှ ဦးစိုးနိုင်က ပြောဆိုသည်။
ဦးစိုးနိုင်က “ဆေးရုံလည်း မြုပ်သွားတယ်၊ ဆေးရုံက လူနာတွေကျတော့ အလှပ်တိုက်ကျောင်းကြီးကို ပို့ထားရတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး၊ ဒါပေမယ့် အပျက်စီးကတော့ အကုန်လုံး ပျက်စီးသွားတာပေါ့၊ အခတ်အခဲ ကတော့ ဒီလူတွေအတွက် စားဝတ်နေရေးပေါ့၊ နောက် ကျန်မာရေးပေါ့၊ သူတို့ကတော့ နီးစပ်ရာ နေတာရှိတယ်၊ အချို့ကျတော့ ဘုန်းကြီးကျောင်းကို ပြောင်းထားကြတာပေါ့”ဟု ရှင်းပြသည်။
ယခုနှစ် ဇူလိုင် ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တွင်လည်း အလှပ်ကမ်းခြေတွင် ဒီရေမြင့်တက်မှုကြောင့် ရေလုပ်သားများ၏ နေအိမ် ၁၃ မှာ ပြိုပျက်ခဲ့ရသည်။
အလားတူ မော်လမြိုင်မြို့တွင်လည်း သြဂုတ် ၁၂ ရက်နေ့က သံလွင်မြစ်ရေ ထိုးတက်လာခြင်းကြောင့် ကမ်းနားလမ်းနှင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်ရောက်ခဲ့သည်။