ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီများနှင့် အသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်း များ၏ အသွင်သဏ္ဍာန် ယူနီဖောင်းများ ဝတ်ဆင်အသုံးပြုခြင်းမပြုရန် ၊ တွေ့ရှိပါက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ အရ အရေးယူမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်သည်။
ပုဒ်မ ၁၇၁ အရ ပြည်သူ့ဝန်ထမ်းမဟုတ်သူ တဦးဦးသည် ပြည်သူ့ဝန်ထမ်းဖြစ်ကြောင်း သူတပါးမှ ယုံ ကြည်စေရန် ရည်ရွယ်၍ ဖြစ်စေ၊ ယုံကြည်စေမည်ကို သိလျှက်နှင့် ဖြစ်သေည် ပြည်သူ့ဝန်ထမ်းတို့ ဝတ်ဆင်၊ ကိုင်ဆောင်သည့် အဝတ်တန်ဆာ၊ အမှတ်အသားနှင့် သဏ္ဍာန်တူသော အဝတ်တန်ဆာ၊ အမှတ်အသား တို့ကို ဝတ်ဆင်လျှင် သို့မဟုတ် ကိုင်ဆောင်လျှင် သုံးလအထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေကျပ် ၂သောင်းအထိ ငွေဒဏ် ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက နေပြည်တော် လေဆိပ်တွင် လက်နက်များနှင့် အတူ ဖမ်းဆီးရမိသည့် ACE ကုမ္ပဏီမှ ဖြိုးကိုကိုတင့်ဆန်း၏ အမှုတွင် National Security Council (NSC/NSA) တံဆိပ်များ ကပ်နှိပ်ထားသည့် ကားများနှင့် SWAT တံဆိပ်ပါ ကျည်ကာ အကျႌများ၊ ပြောက်ကျားအကျႌများနှင့် လက်နက်များအပြင် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်တို့ အနီးတွင် လုံခြုံရေး တာဝန် ယူရ သည့် အထူး ရဲတပ်ဖွဲ့ဝင်များ၏ ဝတ်စုံနှင့် ဆင်တူသည့် နိုင်ငံတော်တံဆိပ်ပါ အကျႌများကိုပါ ဖမ်းဆီး ရမိခဲ့သည်။
ထို့အတွက် နိုင်ငံလုံခြုံရေး ထိခိုက်စေရန် တပ်(သို့)ရဲတပ်ဖွဲ့ဟု ထင်ယောင်ထင်မှားဖြစ်စေသည့် ဝတ်စုံကို ဝတ်ဆင်ခွင့်ရသူအဖြစ် ထင် မှတ်စေရန် မမှန်မကန် လက်ဝယ်ထားရှိခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန၏ ခွင့်ပြုချက်မရှိဘဲ တံဆိပ်များအား အတုပြုလုပ် လက်ဝယ်ထားရှိခြင်း၊ National Security Council Special Forces Sprit Displine Power တံဆိပ်များအား ၎င်းပိုင်ယာဉ် များ၏ ရှေ့တံခါး ဝဲ/ယာနှင့် နီ/ပြာမီးတန်းအား ယာဉ်၏ခေါင်းမိုးတွင် တပ်ဆင်ထားပြီး၊ National Security Agency (NSA) စာသားအား ယာဉ်ရှေ့ လေကာ မှန်တွင်ကပ်ထားခြင်း၊ ဝတ်စုံအတုပြုလုပ်ခြင်း တို့ကြောင့် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၁)(က)(င) အပါအဝင် ပုဒ်မ ၃ခုဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (က)အရ မည်သူမဆို ပိတ်ပင် တားမြစ်ထားသည့် နေရာသို့ ဝင်ရောက်ခွင့် ရလိုသော ရည်ရွယ်ချက်ဖြင့် လည်း ကောင်း၊ ဝင်ရောက်ခွင့် ရအောင် သူတစ်ပါးအား ကူညီလိုသော ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်လိုသော ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ ဥပဒေနှင့်အညီ ခွင့်ပြုချက် မရှိဘဲ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အခြား အရာထမ်း၊ အမှုထမ်းများနှင့် သက်ဆိုင်သည့် ဝတ်စုံကို ဖြစ်စေ၊ အဆိုပါ ဝတ်စုံနှင့် ပုံသဏ္ဍာန် တူသော ဝတ်စုံကိုဖြစ်စေ အသုံးပြုလျှင်၊ ဝတ်ဆင်လျှင် သို့မဟုတ် အဆိုပါ ဝတ်စုံအား အသုံးပြုခွင့်၊ ဝတ်ဆင်ခွင့် ရှိသည်ဟု မမှန်မကန် ပြောဆိုလျှင် ပုဒ်မ ၆၊ ပုဒ်မခွဲ (၃) အရ နှစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရ မည်ဟု ပြဌာန်း ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။