ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်က ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) ကို တည်ထောင်သူ၊ စာရေးဆရာ ဒေါက်တာ သန့်မြင့်ဦး နှင့် ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်းက တွေ့ဆုံ၍ တိုင်းပြည်၏ စိန်ခေါ်မှုများနှင့် စီးပွားရေး အမြင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ အောက်တွင် ဖော်ပြထားသည်များမှာ Dateline Irrawaddy အစီအစဉ်မှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါသည်။
မေး ။ ။ ဧရာဝတီက ကြိုဆိုပါတယ်။ ဒေါက်တာ သန့်မြင့်ဦး အခုလို ရောက်လာတဲ့ အတွက် ကျနော်တို့ ဝမ်းသာပါတယ်။ ပထမဆုံး မေးခွန်းကို မေးချင်ပါတယ်။ ဧပြီလမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာရရှိ လာတော့မယ့် အချိန်မှာ ဒေါက်တာ သန့်မြင့်ဦးရဲ့ အမြင်နဲ့ အယူအဆတွေကို ဝေမျှပေးစေချင်ပါတယ်။ တိုင်းပြည်နဲ့ အစိုးရသစ်အတွက် ရင်ဆိုင်ရမယ့် အခွင့်အရေးတွေနဲ့ အခက်အခဲတွေက ဘာတွေပါလဲ။
ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။ ဒီကို လာရလို့ ကျနော်လည်း ပျော်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကျနော်က အရမ်းကို အကောင်းမြင်တယ်လို့ ထင်ပါတယ်။ စိန်ခေါ်မှုတွေကို ကျနော်တို့ အားလုံးသိကြပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက လမ်းတဝက်မှာ ရှိနေပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သဘောတူညီချက် မရှိသေးဘူး။ ကျနော်တို့မှာ အဓိကကျတဲ့ စီးပွားရေး စိန်ခေါ်မှုတွေ ရှိနေပါတယ်။ မြေကိစ္စနဲ့ လျှပ်စစ်ဓာတ်အား ကနေစလို့ စီးပွားရေး တိုးတက်မှုနဲ့ ဆက်စပ်နေတဲ့ တခြားအကြောင်း အရာတွေမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။ ကျနော်တို့မှာ အဖွဲ့အစည်း (Institution) တွေလည်း အလွန် အားနည်း နေပါတယ်။
တခြားဘက်မှာတော့ တိုင်းပြည်တွင်းမှာရှိသူတိုင်း နီးပါး၊ ပြည်သူတွေရဲ့ ၉၉ ရာခိုင်နှုန်းလောက်က ဒေသတွင်း ကျန်တဲ့ တိုင်းပြည်တွေကို အမီလိုက်နိုင်ဖို့အတွက် စိတ်ဆန္ဒပြင်းပြနေကြပါတယ်။ ထိပ်ပိုင်းကနေ သာမန်လူတွေအထိ ကျနော် လူတိုင်းဆီက ခံစားရတာကတော့ သူတို့တွေက ဒေသတွင်းမှာ အဆင်းရဲဆုံးနိုင်ငံအနေနဲ့ ဆက်ပြီးတော့ ကျန်မနေချင်ကြတော့ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့ မြင်ချင်ကြတယ်။ စီးပွားရေး အပြောင်းအလဲကို မြင်ချင်ကြတယ်။ ပိုပြီးတော့ လွတ်လပ်မှုရှိတဲ့ တိုင်းပြည်ကို မြင်ချင်ကြတယ်။
ဖြစ်နိုင်ရင်တော့ ပိုပြီး ဒီမိုကရေစီဆန်တဲ့ တိုင်းပြည်တခုပေါ့။ စွမ်းအင်က နောက်ပိုင်းမှာ ဖြစ်လာတာတွေကို ပုံဖော်ပေးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ ကျနော်တို့ အနည်းနဲ့အများတော့ သိကြပါတယ်။ ပြီးတော့ တခြားက အောင်မြင်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေကိုလည်း ကျနော်တို့ မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။
မေး ။ ။ အဲဒီ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းကို မပြောခင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အမြင်ကို ကြားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အလှူရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ စိတ်ဝင်စားမှုတွေ ပြန်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်က သူ့ရဲ့အရှိန်အဟုန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အလှူရှင်တွေ၊ နိုင်ငံတကာနဲ့ ဆက်သွယ်မှုတွေ တိုးတက်လာတာနဲ့ တိုင်းပြည်ရဲ့ပုံရိပ်ကို ဘယ်လို ထိန်းသိမ်းထားနိုင်မလဲ။
ဖြေ ။ ။ ကျနော်ထင်ပါတယ်။ တကယ်လို့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး အရနဲ့ တခြားနေရာတွေမှာ နည်းနည်းလောက်ပဲ ပိုဖြစ်လာတယ်ဆိုရင်တောင် ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်တို့ မြင်နေရဆဲပဲလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က အလွန်ကို ဆိုးရွားတဲ့ မူဝါဒတွေရှိတဲ့ အခြေအနေတခုကနေ သိပ်မဆိုးတဲ့ မူဝါဒတွေဆီကို သွားနေတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အဲဒါဖြစ်လာပြီဆိုရင် ကြီးမားတဲ့ တိုးတက်မှုကို မြင်ရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေ လျှပ်စစ်မီးရလာမယ်၊ နေစွမ်းအင်သုံးနိုင်လာမယ်၊ မော်တော်ဆိုင်ကယ် ရှိလာမယ်၊ ပြည်သူတွေ တည်ငြိမ်မှု တချို့ရလာမယ်ဆိုရင် သူတို့တွေ အရင်လုပ်နိုင်တာထက် ပိုပြီးတော့ ၅ ဆကနေ ၁၀ ဆ လုပ်နိုင်လာမယ်။
ဒါကြောင့် ကျနော်ထင်ပါတယ်၊ အဲဒီ အရှိန်အဟုန် တခုတည်းက ပြည်သူတွေရဲ့ ဘဝရပ်တည်မှု တိုးတက်ကောင်းမွန်လာဖို့ အကူအညီ ပေးပါလိမ့်မယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ လူတော်တော်များများပေါ့။ မေးစရာကတော့ ဒီလို ၅ ရာခိုင်နှုန်း ၆ ရာခိုင်နှုန်း တိုးတက်မှုမျိုးကနေ ကျနော်တို့ ဆက်သွားနိုင်မလား၊ ဒါမှမဟုတ် ၁၉၈၀ နှစ်တွေတုန်းက ကိုရီးယားနိုင်ငံလိုမျိုး ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း တိုးတက်မှုမျိုးကို ကျနော်တို့ ရနိုင်မှာလားဆိုတာပါပဲ။ အဲဒါအတွက် အစိုးရရဲ့ ဗျူဟာမြောက် မူဝါဒတွေ လိုအပ်ပါလိမ့်မယ်။
မေး ။ ။ NLDနဲ့ စီးပွားရေး မူဝါဒတွေအကြောင်း ကျနော်တို့ ပြောနေကြတယ်။ အဲဒါက အခုအချိန်အထိ အရမ်း ဝေဝါး နေဆဲပါ။ ဒါပေမယ့် ကျနော်တို့ မျှော်လင့်ချက်တွေ အကြောင်းလည်း ပြောနေကြပါတယ်။ အစိုးရတခု အာဏာရလာတဲ့ အချိန်မှာ မျှော်လင့်ချက်တွေကို ကိုင်တွယ်ဖြေရှင်းရတာက အရမ်းခက်ခဲပါတယ်။ မြင့်မားတဲ့ မျှော်လင့်ချက်တွေ အကြောင်း ရေးထားတဲ့ သတင်းတွေ ဆောင်းပါးတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် မြန်မာတွေဟာ များသောအားဖြင့် မျှော်လင့်ချက်ကို မယုတ်မလွန်ထားတတ်ကြသူတွေပါ။
ဒါက အစိုးရသစ်အတွက် ကောင်းတဲ့အချက်တခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စီးပွားရေးအရ ကြည့်မယ်ဆိုရင်တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အလှူရှင်တွေကတော့ အလွန်ကြီးမားတဲ့ မျှော်လင့်ချက်တွေ ရှိနေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
ဖြေ ။ ။ အဲဒါ အမှန်ပဲလို့ ထင်ပါတယ်။ တခါတလေကျရင် ဒီက လူတွေ သည်းခံနိုင်လွန်းတာက ပြဿနာတခုပဲလို့ ကျနော် တွေးမိတယ်။ ပြည်သူတွေက ဆက်ပြီးတော့ သည်းခံနေကြမယ်လို့လည်း ကျနော်ထင်တယ်။ တချို့နေရာတွေမှာ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ကွဲပြားတဲ့ဘက်တွေမှာ ရှိကြတဲ့ ထိပ်ပိုင်းလူတွေ အနေနဲ့ ပြောင်းလဲဖို့အတွက် အခု ချက်ချင်း လုပ်ရမှာတွေ အားလုံးမှာ ရှိနေတယ်ဆိုတာကို အနည်းငယ်တော့ သိကြပါတယ်။ ဒါပေမယ့် ယေဘုယျ အားဖြင့်တော့ ရှေ့ကို ဆက်သွားရမယ့် လမ်းက ဘယ်လိုဆိုတဲ့ အသိတခု ရှိကြပါတယ်။
တဖက်က တဖက်ကို သစ္စာခံရခြင်းမျိုး မဟုတ်သလို ဆန့်ကျင်တာမျိုးလည်း မဟုတ်ပါဘူး။ ဒီတိုင်းပြည်မှာ အရင်က ကြုံတွေ့ခဲ့တဲ့ သဘောတရားရေးရာ အကြီးအကျယ်ကွဲလွဲမှုမျိုးလည်း မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ အခြေခံ အဆောက်အအုံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီးတော့ လိုအပ်ပါတယ်။ တိတိကျကျ ပြောရရင် စီးပွားရေး တက်လာဖို့အတွက် အခြေခံ အဆောက်အအုံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလီယံ ဆယ်ဂဏန်း လိုနေပါတယ်။ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမူတွေကို ဆွဲဆောင်ဖို့အတွက် အခုအချိန်မှာ ထူးခြားတဲ့ အခွင့်အရေးတခုလည်း ရှိပါတယ်။ ဒါပေမယ့် ထပ်ပြောရရင် အဲဒါတွေအတွက် မူဝါဒတွေနဲ့ အတူ ပေါ်ပေါက်လာမယ့် အဖွဲ့အစည်း (Institutions ) တွေလိုအပ်ပါတယ်။
မေး ။ ။ Institutions တွေနဲ့ ပတ်သက်လို့ ပြောရရင် ကျနော်တို့မှာ ရှိတဲ့ Institutions တွေက အရမ်းအားနည်းပါတယ်။ မေးခွန်းကတော့ တိုင်းပြည်မှာ အားကောင်းတဲ့ Institutions တွေ တည်ထောင်နိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အလှူရှင်တွေ ရင်းနှီးမြှုပ်နှံသူတွေက ဘယ်လို ကူညီနိုင်ကြမလဲ။
ဖြေ ။ ။ ဒါက လိုအပ်ချက် (တောင်းဆိုချက်) နဲ့ ဆိုင်ပါတယ်။ ထောက်ပံ့မှုအပိုင်း မဟုတ်ပါဘူး။ မူဝါဒတွေရှိဖို့၊ အစီအမံတွေ ရှိဖို့နဲ့ ဒီမူဝါဒတွေ အစီအမံတွေနဲ့ ကိုက်ညီတဲ့ အကူအညီတွေအတွက် အလှူရှင်တွေကို ဆွဲဆောင်ဖို့က ဒီမိုကရေစီအစိုးရ တရပ်ရဲ့တာဝန် ဖြစ်ပါတယ်။ အလှူရှင်တွေက ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။
မေး ။ ။ ဒါပေမယ့် မြန်မာနိုင်ငံက အကူအညီတွေရဲ့အားနဲ့ သွားရမှာကို မလိုချင်ဘူး မဟုတ်လား။
ဖြေ ။ ။ အဲဒီလို မဖြစ်သင့်ပါဘူး။ အကူအညီဆိုတာ သေးငယ်တဲ့ တစိတ်တပိုင်းပဲ ဖြစ်သင့်ပါတယ်။ အဓိက အချက်ကတော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို ဘယ်လိုဆွဲဆောင်မလဲ ဆိုတာပါပဲ။ အလှူရှင်တွေရဲ့ အကူအညီက ရေတို သို့မဟုတ် အလယ်အလတ် ကာလတခုအထိတော့ လိုကောင်းလိုပါလိမ့်မယ်။
Institutionတွေ အနေနဲ့ ဆိုရင် တကယ်လို့ ပြီးခဲ့တဲ့ ဒီမိုကရေစီ ကာလဖြစ်တဲ့ ၁၉၅၀ နှစ်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံရေးက အရမ်းရှုပ်ထွေးပါတယ်။ ဒါပေမယ့် ၁၉၅၀ နှစ်တွေတုန်းက ကျနော်တို့မှာ အရပ်ဘက်ဝန်ထမ်း အဖွဲ့အစည်းတခု ရှိခဲ့တယ်။ နိုင်ငံခြားရုံးတရုံး ရှိခဲ့တယ်။ ကျနော်တို့မှာ ရန်ကုန်တက္ကသိုလ်ရှိခဲ့တယ်။ ဗဟိုဘဏ်ရှိခဲ့တယ်။ ဒေသတွင်းမှာ အကောင်းဆုံးဖြစ်တဲ့ Institution တွေရှိခဲ့တယ်။ ခုချိန်မှာတော့ ကျနော်တို့မှာ Institution တွေ မရှိတော့ဘူး။
မေး ။ ။ ငြိမ်းချမ်းရေးက အရေးကြီးတဲ့ ကိစ္စတခုဖြစ်တဲ့အတွက် သူတို့အစိုးရက ကိုင်တွယ်မယ် ဖြေရှင်းဖို့ ကြိုးစားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းက ပြောခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်ကြီးကြီးမားမား ထားနေတယ်လို့ ထင်ပါသလား။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ငြိမ်းချမ်းရေးအကြောင်း ပြောတဲ့အချိန်မှာ အဲဒါက အိမ်နီးချင်းနိုင်ငံတွေက စီးပွားရေး လုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေနဲ့လည်း သက်ဆိုင်နေသလို အဲဒီနိုင်ငံတွေက မြန်မာနိုင်ငံ တိုင်းရင်းသား ပဋိပက္ခတွေရဲ့ ပြည်တွင်းနိုင်ငံရေးကိုလည်း သြဇာလွှမ်းမိုးထားပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ကိစ္စရပ်တိုင်းမှာ စီးပွားရေးတခုကိုပဲ အလေးပေးမယ်ဆိုရင် မှားမယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါက ဘယ်သူက ငွေရှာနေသလဲ၊ ဘယ်လိုရှာသလဲ ဆိုတာမျိုး ဒီက စီးပွားရေးရဲ့ လက်တွေ့ အခြေအနေကို ပထမဆုံးကြည့်တာ မဟုတ်ပါဘူး။ အဲဒါကို ပထမဆုံး လေ့လာဆန်းစစ်မှု မလုပ်ဘဲနဲ့ စီးပွားရေးကို ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာကို တွေးဖို့ မဖြစ်နိုင်ပါဘူး။
ကျနော် ဆိုလိုတာက လက်ရှိစနစ်က ဘယ်လို အလုပ်လုပ်နေတယ် ဆိုတာကို မစဉ်းစားဘဲနဲ့ တိုင်းပြည်ပြင်ပမှာ ဘယ်လို လုပ်နေတယ် ဆိုတာကိုသိတဲ့ ပြင်ပကနေ ရောက်လာတဲ့သူတွေ မရနိုင်ပါဘူး။ ဘယ်လို ပြောင်းလဲနိုင်မလဲ ဆိုတာကို စဉ်းစားဖို့အတွက် ဒါက အခြေခံဖြစ်ရပါမယ်။
၁၉၄၉ ခုနှစ်တုန်းက ကျနော်တို့ တနှစ်အတွင်း ငြိမ်းချမ်းရေးရမယ်လို့ ဦးနုကပြောခဲ့တယ်။ ဒါကြောင့် ကျနော်တို့ မကြာခင် ငြိမ်းချမ်းရေးရ ရမယ်လို့ မျှော်လင့်ချက်တွေ အမြဲတမ်းရှိနေခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဒါက မြင့်မြတ်တဲ့ မျှော်လင့်ချက်ပါ။ ကောင်းမွန်တဲ့ အာရုံစူးစိုက်မှုတခုပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးဆိုတာက ကွဲပြားတဲ့ အရာတွေဖြစ်တယ် ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားရပါမယ်။ တခုကတော့ တိုင်းပြည်အတွင်းက ကွဲပြားခြားနားတဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာက ဘာသာစကားအရ၊ ဘာသာတရားအရ၊ လူမျိုးစုအရ ဖွင့်ဆိုပါတယ်။
တကယ်လို့ ကျနော်တို့က ပိုပြီး ဖက်ဒရယ်စနစ်ကျတဲ့၊ ဒီမိုကရေစီဆန်တဲ့၊ တန်းတူညီမျှမှုရှိတဲ့၊ ခွဲခြားကန့်သတ်မှုနည်းတဲ့ အစိုးရတခုဖြစ်ဖို့ ဦးတည်သွားမယ်ဆိုရင် ပြဿနာကို အားလုံးပါဝင်တဲ့ အရပ်ဘက်ဆိုင်ရာ ဖွဲ့စည်းမှု၊ ဥပမာ အားလုံး ပိုပြီး ပါဝင်တဲ့ အရပ်ဘက် Institutions တွေနဲ့ ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါက လက်နက်ကိုင် အဖွဲ့တွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတဲ့ မေးခွန်းနဲ့ အနည်းငယ်ကွဲလွဲပါတယ်။ သူတို့ အများစုက ဒါကို လိုချင်ကြပါတယ်။ ဒါပေမယ့် သူတို့ အများစုမှာလည်း တခြားရည်မှန်းချက်တွေ၊ ဆန္ဒတွေ ရှိနေပါတယ်။ စီးပွားရေး အကျိုးစီးပွားအရရော၊ ဘဏ္ဍာငွေနဲ့ တခြားအကြောင်းအရာတွေမှာ ကိုယ်ရေးကိုယ်တာရော အဖွဲ့အစည်းအရပါ ရည်မှန်းချက်တွေ ရှိပါတယ်။
သူတို့တွေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့် သို့မဟုတ် ခွဲခြားမှုမရှိရေးအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ယုံကြည်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် စစ်ပွဲတခုဖြစ်နေတာကြာနေပြီ ဖြစ်တဲ့ တိုင်းပြည်ရဲ့နေရာ အစိတ်အပိုင်းတွေမှာ တရားမဝင်နည်းနဲ့ ဒါမှမဟုတ် အကျင့်ပျက်ခြစားမှုနဲ့ နှစ်ဖက်လုံး အကျိုးအမြတ်ရှိတဲ့ စီးပွားရေးက အမြစ်တွယ်နေတယ် ဆိုတာကို ကျနော်တို့ အားလုံးသိကြပါတယ်။
မေး ။ ။ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခြင်း (NCA) တွေနဲ့ ဦးသိန်းစိန်က အမှတ်ယူခဲ့တယ်။ ဒါပေမယ့် စနစ်တကျ အောင်မြင်မှု မဟုတ်ဘူးလို့ ဝေဖန်မှုတွေရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရက ဒါကို ဆက်လက်ဆောင်ရွက်မယ်။ သူတို့က ကိစ္စတခုလုံးကို အစကနေ ပြန်စချင်လိမ့်မယ်လို့ ကျနော်တော့ မထင်ဘူး။ သူတို့က ဆက်လုပ်သွားလိမ့်မယ်။ ဒါပေမယ့် အစိုးရသစ်ရဲ့ ချဉ်းကပ်မှုက အရမ်းခက်ခဲလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
ဖြေ ။ ။ ဒါက ဒီ NCA ရဲ့ မူဘောင်ကြောင့်လို့ ကျနော်ထင်ပါတယ်။ အရမ်းကို ကျယ်ပြန်တဲ့ မူဘောင်ပါ။ အဲဒီထဲမှာ ကွဲပြားခြားနားတဲ့ အရာတွေ အများကြီး ဖတ်ရမှာ ဖြစ်ပါတယ်။ အလွန်ကွဲပြားတဲ့ လမ်းကြောင်းတွေ အများကြီးလည်း တွေ့နိုင်ပါတယ်။ ကျနော်ပြောခဲ့တဲ့ လုပ်စရာမျိုးတွေ အများကြီး ရှိလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ တွေး ရိုးတွေးစဉ်ကနေ ခွဲထွက်ပြီး စဉ်းစားဖို့လိုတာတွေ အများကြီး ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ၁၉၄၉ ခုနှစ်တုန်းက အလုပ် မဖြစ်ခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မျိုး ကျနော်တို့ မလိုပါဘူး။ ၂၀၂၀ သို့မဟုတ် ၂၀၃၀ ခုနှစ်တွေမှာ အလုပ်ဖြစ်မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်မျိုး လိုပါတယ်။
မေး ။ ။ တကယ်လို့ ကျနော်တို့ တိုင်းပြည်ရဲ့ အတိတ်နဲ့သမိုင်းကို ကြည့်မယ်ဆိုရင် အထူးသဖြင့် မြောက်ပိုင်းဒေသတွေကို ဘယ်တုန်းကမှ မထိန်းချုပ်နိုင်ခဲ့ဘူး။ ကျနော်တို့ ဖက်ဒရယ်စနစ်နဲ့ ဖက်ဒရယ်ပြည်ထောင်စု အကြောင်း ပြောကြတယ်။ ဒါပေမယ့် တောင်ပေါ် တိုင်းရင်းသားတွေက ဗမာကြီးစိုးတဲ့ဝါဒကို ခုချိန်အထိ စိတ်မသက်မသာ ဖြစ်နေတုန်းပဲ။ စစ်ဘက်ကလည်း အလွန်ကို လွှမ်းမိုးနိုင်တဲ့နေရာက ပါဝင်နေပါတယ်။
ဖြေ ။ ။ အမျိုးသားအဆင့်မှာ အားလုံးပါဝင်ရမယ့် ခွဲခြားမှုမရှိရေး၊ တန်းတူညီမျှကိစ္စတွေကို ကျနော် ရည်ညွှန်းခဲ့ပါတယ်။ ဒေသအဆင့်မှာတော့ ဒေသတွင်း ဒီမိုကရေစီ အနည်းငယ်ရှိရမှာ ဖြစ်ပါတယ်။ ပြည်သူတွေက သူတို့ကိုယ်တိုင် အုပ်ချုပ်နေတယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ ပြည်သူတွေက တိုင်းပြည်ရဲ့ တခြားနေရာက လူတွေလာပြီးတော့ သူတို့ကို အုပ်ချုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြရမှာ ဖြစ်ပါတယ်။ တိုင်းပြည် တည်ဆောက်ရေး၊ အစိုးရရဲ့ အခြေခံ စွမ်းဆောင်ရည် (ထိရောက်စွာ အုပ်ချုပ်နိုင်မှု) တည်ဆောက်ရေးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါက ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဗြိတိသျှ ခေတ်ကတောင် မရှိခဲ့ပါဘူး။
လွတ်လပ်ပြီး ကျယ်ပြန့်မှုအရှိဆုံး ချဉ်းကပ်မှုတခု ဘာကြောင့်မရှိရတာလဲ၊ ဘာကြောင့် လူတိုင်းကို ကိုယ်တိုင်အုပ်ချုပ်ခွင့် မပေးတာလဲ၊ ဘာကြောင့် အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးရတာလဲ၊ ကျေးရွာအဆင့်အထိ ပြည်သူတွေကို သူတို့ကိုယ်တိုင် အုပ်ချုပ်ခွင့် ပေးလိုက်ပါလား စသဖြင့် စောဒက တက်မှုတွေရှိနိုင်ပါတယ်။ အဲဒါက အတိုင်းအတာ တော်တော်များများ အတွက်တော့ အဓိပ္ပာယ် ရှိစေလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံက နိုင်ငံငယ်လေးတခုပဲ ဖြစ်နေသေးတယ်၊ ကျနော်တို့က အိန္ဒိယလို၊ တရုတ်လို မဟုတ်ဘူး၊ ဗမာဆိုတာကလည်း အစိတ်အပိုင်းတခုဖြစ်တဲ့ နေရာဆိုတာကိုပါ ထည့်တွက်မယ်ဆိုရင် စဉ်းစားစရာတွေ ပိုများပြီး ပိုရှုပ်ထွေးတဲ့ တွက်ချက်မှုတခု ဖြစ်လာပါလိမ့်မယ်။
စဉ်းစားရာမှာ အရေးကြီးတာက ၅ နှစ်အတွင်းမှာ အဓိပ္ပာယ်ရှိတဲ့ ဘယ်လိုအရာတွေ ရရှိနိုင်မလဲ ဆိုတာပါပါပဲ။ အနည်းဆုံးတော့ ပဋိက္ခတွေ မရှိတာက တချက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီတခုတည်းက ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပဋိပက္ခကို ခံစားခဲ့ရသူတွေ၊ နေစရာပျောက်ခဲ့သူတွေ အမြောက်အမြားအတွက် အကျိုးရှိစေပါလိမ့်မယ်။ အခြေခံကျတဲ့ ဖွံ့ဖြိုးတိုးတက်ရေး (အားလုံးပါဝင်ရမယ်၊ ခေါင်းပုံဖြတ်တာမရှိဘူး) က ပဋိပက္ခ ခံစားခဲ့ရတဲ့နေရာတွေမှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အတွက် ဒေသတွင်း အဖွဲ့အစည်းတွေ ကိုယ်ပိုင်အစိုးရတွေ တည်ထောင်ခြင်းအားဖြင့် အမှန်တကယ် အကျိုးအမြတ် ရရှိစေနိုင်ပါလိမ့်မယ်။
မေး ။ ။ တရုတ်နိုင်ငံအကြောင်း ပြောကြရအောင်။ ဒေါက်တာ သန့်မြင့်ဦး အနေနဲ့ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒကို အစက ပြန်စသင့်တယ်၊ ပြန်လည် ချိန်ညှိသင့်တယ်လို့ မကြာသေးခင်က Financial Times မှာ ရေးခဲ့ပါတယ်။ NLD ဦးဆောင်တဲ့ အစိုးရတခုက ဘယ်လိုလုပ်မယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ပထမဆုံး အနေနဲ့တော့ စီးပွားပိတ်ဆို့မှုတွေ လုံးဝနီးပါး ပယ်ဖျက်ပေးလိုက်တာ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဆက်ဆံရေးတွေကို ပြန်လည်ပြီး ဟန်ချက်ညီမျှစေနိုင်တဲ့ အလားအလာကောင်းတခု ရှိပါတယ်။ အဲဒါက အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာစေပါလိမ့်မယ်။ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးကို ပိုနက်ရှိုင်းစေပါလိမ့်မယ်။ တရုတ်နိုင်ငံကတော့ အထူးကိစ္စတခုပါ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ပြည်သူတွေက ဆုံးဖြတ်မယ့် မှတ်တမ်းတွေ ရှိနေလို့ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လူကြိုက်အလွန်နည်းတဲ့ စီမံကိန်းတွေမှာ ပတ်သက်နေခဲ့ပါတယ်။ ပြည်သူအများစုကလည်း တရုတ်နိုင်ငံအပေါ် အကောင်းမမြင်ကြပါဘူး။ ဒါကြောင့် တရုတ်နိုင်ငံက တခြားနိုင်ငံတွေလို မဟုတ်ဘဲ ကွဲပြာခြားနားတဲ့ အကြောင်းအရာတခု ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ကျနော်တို့က လူ့သမိုင်းမှာ အကြီးကျယ်ဆုံး စက်မှုတော်လှန်ရေးရဲ့ အနားမှာ ရောက်နေပါတယ်။ တရုတ် နိုင်ငံဟာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် ကြီးမားတဲ့ အင်ဂျင်စက်ကြီးတလုံး ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ အရေးတကြီး လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံလိုမျိုး နေရာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ တရုတ်နိုင်ငံမှာ ဒေါ်လာငွေ ဘီလီယံပေါင်းများစွာ ရှိပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်ရမှာက မတူညီတဲ့ အခြေအနေ နှစ်ခုကို ဘယ်လို အံဝင်ခွင်ကျဖြစ်အောင် လုပ်နိုင်မလဲ ဆိုတာပါပဲ။
မြန်မာနိုင်ငံအတွက် အမှန်တကယ် ကောင်းမွန်စေမယ့် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ။ ဆည်စီမံကိန်းဖြစ်ဖြစ်၊ ရေနက်ဆိပ်ကမ်းပဲ ဖြစ်ဖြစ် တရုတ်နိုင်ငံရဲ့ တောင်းဆိုမှုတွေကို တုံ့ပြန်ရုံသက်သက်ကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ဘက်က ဘာလိုသလဲဆိုတာကို စဉ်းစားဖို့ ဖြစ်ပါတယ်။ ရေနက်ဆိပ်ကမ်း တခုလို သလား၊ နှစ်ခုလိုသလား။ ဘယ်နေရာမှာ ဖြစ်သင့်သလဲ။ ရထားလမ်းတွေ အဆင့်မြှင့်ချင်သလား။ ဘယ်နေရာမှာ လုပ်သင့်သလဲ။ ပြီးတော့ တရုတ်ကိုရော၊ ဂျပန်ကိုရော အမေရိကန်နဲ့ တခြားကျန်တဲ့ သူတွေကိုရော မြန်မာပြည်သူတွေ ဒီမိုကရေစီ နည်းကျ ဆုံးဖြတ်ထားတဲ့ မူဘောင်တခုအတွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုရမယ်။
မေး ။ ။ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် တရုတ်နိုင်ငံက အမေရိကန် ရောက်လာတာ၊ အနောက်တိုင်းက သြဇာ လွှမ်းမိုးလာတာကို သဘောမကျဘူးလို့ အများက ယူဆထားကြတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒါကို လက်ခံပါသလား။
ဖြေ ။ ။ အပြည့်အဝတော့ လက်မခံပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က အရမ်းကို တံခါးပိတ်ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြိုင်ဆိုင်မှု လုံးဝမရှိတဲ့ အနေအထားနဲ့ အလွန်အသားကျခဲ့တယ်။ ကျနော်တို့ ပြိုင်ဆိုင်မှု အနည်းငယ်ကို တွေ့တယ်။ တခါတလေမှာ အဲဒါကို ကျနော်တို့က ပိုတွက်တတ်တယ်။ အမေရိကန် သို့မဟုတ် ဂျပန် သို့မဟုတ် တရုတ်နိုင်ငံက ဒါကို ပဋိပက္ခ နေရာတခု ဖြစ်စေချင်လိမ့်မယ်လို့ ကျနော်မထင်ပါဘူး။
ဗျူဟာအရ အလေးအနက် ထားရမယ့် ကိစ္စတွေ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံက ဒီနိုင်ငံတွေ အားလုံးနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို ကြည့်ဖို့ လိုပါတယ်။ ကျနော်တို့ ဒီမိုကရေစီအကြောင်း ပြောမယ်ဆိုရင်၊ ကျနော်တို့ စီးပွားရေး အကြောင်း စဉ်းစားမယ်ဆိုရင်၊ ငြိမ်းချမ်းရေး အကြောင်း စဉ်းစားမယ်ဆိုရင် နံပါတ် (၁) စိန်ခေါ်မှုက တံခါးပြန်ဖွင့်ဖို့ပဲ။ နှစ် ၄၀၊ နှစ် ၅၀ လောက် ကိုယ့်ဘာသာ တံခါးပိတ်ထားခဲ့တယ်။ နောက်တော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ကြုံရတယ်။ တံခါးပိတ်ဝါဒကနေ ပြန်ထွက်လာတဲ့အခါ ကွဲပြားခြားနားတဲ့ စိန်ခေါ်မှုတွေ ရှိလာတယ်။ တကယ်လို့ ကျနော်တို့က တိုင်းပြည်ထဲမှာ နှစ်ပေါင်း ၆၀၊ ၇၀ လောက် ထွန်းကားလာခဲ့တဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ဝါဒမျိုးတွေနဲ့ ကမ္ဘာ့စီးပွားရေး၊ ကမ္ဘာ့အသိုင်းအဝိုင်းထဲကို ပြန်သွားမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ပါဘူး။
အထီးကျန် မနေဘဲ တံခါးပြန်ဖွင့်ဖို့ ကျနော်တို့ ပြောတဲ့အခါမှာ မြန်မာနိုင်ငံက ကိုယ့်ကိုယ်ကိုယ်နဲ့ ကမ္ဘာကို ဘယ်လိုကြည့်သလဲ ဆိုတာကို ကျနော်တို့ ပြောကြတယ်။ တကယ်လို့ မြန်မာနိုင်ငံက သူ့ရဲ့ကျော်ကြားမှု၊ ဗျူဟာမြောက် တည်ရှိမှုနဲ့ အလားအလာကောင်းတွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အန္တရာယ်ရှိလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ မြန်မာနိုင်ငံ ကျဆုံးသွားပါလိမ့်မယ်။
ကျနော်တို့ရဲ့ အဓိကပိုင်ဆိုင်မှုက ကမ္ဘာပေါ်မှာ ကြီးထွားလာနေတဲ့ ဈေးကွက်တွေ ဖြစ်တဲ့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယ ကြားမှာ ဗျူဟာမြောက်စွာ တည်ရှိနေတာပါပဲ။ အခုအချိန်မှာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာတွေ သန်းနဲ့ချီပြီး ရှိတယ်။ သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်နဲ့ တခြားနေရာတွေမှာ ဆွေမျိုးတွေရှိတဲ့ မြန်မာတွေလည်း သိန်းနဲ့ သန်းနဲ့ ချီပြီး ရှိတယ်။ သတိမထားမိလိုက်ပေမယ့် မြန်မာတွေဟာ နည်းလမ်းတခုနဲ့ ကမ္ဘာနဲ့ ပြန်ပြီး ဆက်စပ်လာပါပြီ။
မေး ။ ။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက နောက်တဆင့်ကို ဘယ်လို သွားစေချင်ပါသလဲ။
ဖြေ ။ ။ နိုင်ငံခြားရေးမူဝါဒအရဆိုရင် မြန်မာနိုင်ငံက ၁၉၆၀ နှစ်တွေ လောက်ကတည်းက ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်း ဖြစ်တဲ့ ဘက်မလိုက်မူဝါဒကနေ နည်းနည်းပြောင်းလဲလာခဲ့ပြီးတော့ ပိုပြီးတော့ တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒဆီကို ဦးတည်ခါနီး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံက ဥပမာပြောရရင် ရာသီဥတုပြောင်းလဲခြင်းလိုမျိုး နိုင်ငံတကာ အရေးကိစ္စတွေမှာ ပိုပြီးတော့ ပါဝင်သင့်ပါတယ်။
ရာသီဥတု ပြောင်းလဲခြင်းက တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သက်ရောက်တော့မှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်း၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ကူးစက်ရောဂါ ပြန့်ပွားမှုလိုမျိုး ကျန်းမာရေး အန္တရာယ်တွေနဲ့ ပတ်သက်တဲ့နေရာအားလုံးမှာ ကျနော်တို့ရဲ့ ပုံရိပ်ကို မြှင့်တင်သင့်ပါတယ်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော အင်တာဗျူးကို ဘာသာပြန်ဆို ဖော်ပြပါသည်။