ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် အတွင်းရှိ မိန်းမလှကျွန်း ဒေသကို ကမ္ဘာလုံးဆိုင်ရာ ရမ်ဆာ ရေဝပ်ဒေသ အဖြစ် ယနေ့ ကျရောက်သည့် ၂၀၁၇ ကမ္ဘာ့ ရေဝပ်ဒေသ နေ့တွင် အတည်ပြု သတ်မှတ်လိုက်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ကမ္ဘာ့ ရေဝပ်ဒေသနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက်က မိုးယွန်းကြီးအင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့ တောတွင် သစ်တောဦးစီးဌာန၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်ရေးရာ အေဂျင်စီ (NEA) နှင့် ရွှေပြည်အေး ကုမ္ပဏီတို့က ပူးပေါင်း ကျင်းပခဲ့ပြီးနောက် ယင်းသို့ သတ်မှတ် ကြေညာလိုက်ခြင်း ဖြစ်သည်ဟု အဏ္ဏဝါနှင့် ရေဝပ်ဒေသ ထိန်းသိမ်းရေး အစီအစဉ် ညွှန်ကြားရေးမှူး ဦးဇော်လွန်းက ဧရာဝတီကို ပြောသည်။
“ရမ်ဆာ ရေဝပ်ဒေသ သတ်မှတ် ဆိုတာ ဒီနေရာကြီးကို ဇီဝမျိုးစုံမျိုးကွဲအရ အရေးပါတဲ့နေရာလို့ တကမ္ဘာလုံးက သတ်မှတ် လိုက်တာပါ။ တခုခု သတ်မှတ်လိုက်ရင် ဘာမှမလုပ်နဲ့လို့ တချို့က ယူဆတာ ရှိတယ်။ အဲဒီလို မဟုတ်ပါဘူး။ ဒီနေရာကို စနစ်တကျ စီမံအုပ်ချုပ်မယ်။ ရေရှည်တည်တံ့တဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတဲ့နည်းနဲ့ သယံဇာတကို အကျိုးရှိရှိသုံးမယ်။ ဒါမျိုး တွေ လုပ်တဲ့အခါမှာ ဌာနဆိုင်ရာ တခုတည်း မဟုတ်ဘူး။ ဒေသခံတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးဇော်လွန်းက မြန်မာနိုင်ငံတွင် ရေဝပ်ဒေသများစွာ ရှိသည့်အနက် ၂၀၀၄ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မိုးယွန်းကြီးအင်း၊ ၂၀၁၆ ခုနှစ်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဒေသကြီး အတွင်းရှိ အင်းတော်ကြီးအိုင် တို့ကို ကမ္ဘာလုံး ဆိုင်ရာ ရမ်ဆာ ရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး ယခုနှစ်တွင် မိန်းမလှကျွန်းကို တတိယမြောက်အဖြစ် သတ်မှတ် ခံရခြင်းဖြစ်သည်ဟုလည်း ပြောဆိုသည်။
သတ်မှတ်လိုက်သည့် ရမ်ဆာရေဝပ်ဒေသတွင် ဒီရေတောများ၊ ရွှံ့လတာပြင်များနှင့် ပင်လယ်လိပ်များ အသိုက်လုပ်နေထိုင် သည့် ကမ်းခြေဒေသများ အပါအဝင် ကမ်းရိုးတန်း ဂေဟစနစ် တခုလုံး ပါဝင်ကြောင်း သိရသည်။
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ၏ ရမ်ဆာကွန်ဗင်းရှင်း ဆိုင်ရာ စီမံအုပ်ချုပ်မှု တာဝန်ခံ ဒေါက်တာ ညီညီကျော်က “နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံရတဲ့အတွက် မြန်မာနိုင်ငံရဲ့ မိကျောင်း တွေကျက်စားတဲ့ အကြီးမားဆုံးဒေသဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ အရေးကြီးဒီရေတော မြစ်ဝဒေသကို ကာကွယ်နိုင်မယ့်အပြင် ဆိုင်ကလုန်းမုန်တိုင်းတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လှိုင်းကြီးမှုဒဏ်တွေကနေ မြစ် ဝကျွန်းပေါ်ဒေသကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
ရမ်ဆာ ရေဝပ်ဒေသအဖြစ် သတ်မှတ်ရာတွင် ဆွစ်ဇာလန်နိုင်ငံရှိ ရမ်ဆာရုံးချုပ်မှ သတ်မှတ်ထားသည့် အချက်အလက်များ အရ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး သတ္တဝါများရှိသည့် နေရာများကို ဦးစားပေးသတ်မှတ်ကြောင်း၊ အချက်အလက်အပြည့် အစုံရရှိရန်အတွက် အနည်းဆုံး ၃ နှစ် ကောက်ယူရကြောင်း ဦးဇော်လွန်းက ရှင်းပြသည်။
“အချက်အလက်တွေ အနည်းဆုံး ၃ နှစ် ပြည့်ပြည့်စုံစုံ ကောက်ရတယ်။ ကောက်ပြီးတဲ့အပြင် ဒီနေရာကို ဘယ်လိုစီမံ အုပ်ချုပ် မလဲ၊ ဒေသခံတွေရဲ့ အယူအဆ ဘယ်လိုရှိသလဲ။ ဒါတွေကအစ ပြည့်ပြည့်စုံစုံ လေ့လာပြီးမှ တင်ရတာ။ တင်တဲ့ အခါမှာလည်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရမ်ဆာ Authority ခေါ်တယ်။ သူကတဆင့် တင်ရတာ။ သူကပဲ တင်ခွင့်ရှိ တယ်။ ဆွစ်ဇာလန်မှာရှိတဲ့ ရမ်ဆာရုံးနဲ့ ချိတ်ဆက်ပြီး လုပ်ရတာ”ဟုလည်း ၎င်းက ပြောသည်။
မိန်းမလှကျွန်းဒေသတွင် မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော ဒီရေတောအပင်မျိုးစိတ်တခုဖြစ်သည့် လဘပင်၊ ဒီရေတောများ တွင် ကျက်စားသည့် ရေလိပ်မျိုးစိတ်မျိုးဖြစ်သည့် ရေငန်လိပ်/သောင်လိပ်၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည့် တောခွေး၊ ဧရာဝတီလင်းပိုင်နှင့် ဒုံးမြီးကွက်ငှက်မျိုးစိတ် အပါအဝင် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည့် သတ္တဝါမျိုးစိတ် ပေါင်း ၂၀ ကျော် ကျက်စားနေထိုင်လျက် ရှိကြောင်း အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ (FFI) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဒေသရှိ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသော ဆောင်းခိုငှက်မျိုးစိတ်များတွင် ရေညှောင့်နှုတ်ဝိုင်းငှက်၊ Nordmann’s greenshank နှင့် Great knot တို့ ကျက်စားမှုရှိနေသည့်အတွက် သြစတြေးလျ-အာရှ နှင့် အရှေ့အာရှငှက်ပျံသန်းမှုလမ်း ကြောင်း တလျှောက် ပျံသန်းနေသော ကမ်းခြေရေပျော် ငှက်မျိုးစိတ်များအတွက် အရေးပါသည့် နေရာတခုဖြစ်ကြောင်း သိရ သည်။
FFI သည် ရမ်ဆာရေဝပ်ဒေသ သတ်မှတ်ခံရရေးအတွက် နည်းပညာပိုင်းနှင့် ရန်ပုံ ငွေပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးခဲ့ကြောင်း ဦးဇော်လွန်းက ပြောသည်။
၁၉၇၁ ခုနှစ် ဖေဖော်ဝါရီတွင် အီရန်နိုင်ငံ ရမ်ဆာမြို့၌ ကျင်းပခဲ့သည့် ရေဝပ်ဒေသများ ထိန်းသိမ်းရေး ကွန်ဗင်းရှင်း သို့မဟုတ် ရမ်ဆာ ကွန်ဗင်းရှင်းကို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၂ ရက်ကို ကမ္ဘာ့ ရေဝပ်ဒေသနေ့ အဖြစ် သတ်မှတ်၍ ကမ္ဘာတဝန်း လုံးတွင် နှစ်စဉ် ကျင်းပလျက်ရှိကြောင်း သိရသည်။