တရားမဝင် ရွှေတူးသမား အဖြစ် ပထမဆုံး စတင်လုပ်ကိုင်သည့် အချိန်တွင် Fernando Pantow ၏ အသက်က ၁၄ နှစ်သာ ရှိပါသေးသည်။ သူက အင်ဒိုနီးရှားနိုင်ငံ အရှေ့မြောက်ပိုင်းမှ ခရစ်ယန်ဘာသာ ကိုးကွယ်သော Minahasan ( Manado ဟုလည်းခေါ်ကြသည်) တိုင်းရင်းသား တဦးဖြစ်ပါသည်။
၈ နှစ်ကျော်ကြာမြင့်ခဲ့ပြီးသည့် ယနေ့အချိန်အထိ Fernando Pantow က သူ၏ ပထမဆုံး အလုပ်တွင် ကြိုးနှင့် တွယ် ဆင်းနေစဉ် အတွင်း ဘုရားရှိခိုး ဆုတောင်းနေခဲ့ရပုံကို မှတ်မိနေဆဲ ဖြစ်သည်။
“မှောင်မဲပြီး ညစ်ပတ်နေတာပဲ။ ၁၂ မီတာလောက် ဆင်းပြီးမှ ကျနော့် ခြေထောက်နဲ့ မြေကြီးနဲ့ ထိတယ်။ ပြီးတော့ နောက်တခါ ဆင်းရမယ့် နေရာကိုရောက်ဖို့ နောက်ထပ် ၁၅ မီတာလောက် သွားရတယ်။ အောက်က ကျောက်သား မျက်နှာပြင် (မြေအောက် အနက် မီတာ ၁၀၀ နီးပါး) ကို ရောက်ဖို့ နောက်ထပ် ၂ ခါ ထပ်ဆင်းရတယ်။ အဲဒီအဆင့် ကို ရောက်တော့ ကျနော့် တကိုယ်လုံး ချွေးတွေအရမ်းထွက်နေပြီး အောက်ဆီဂျင်ဗူးနဲ့ ဆက်ထားတဲ့ ပိုက်နဲ့ အသက်ရှု ရတယ်။”
Typhus ရောဂါကြောင့် ကျောင်းမှ ထွက်ခဲ့ရပြီးနောက် သူနေထိုင်ရာ မြောက်ပိုင်း Sulawesi ခရိုင်နှင့် အိမ်နီးချင်း Gorontalo ခရိုင်များတွင် အနှံ့အပြားတည်ရှိနေသော တရားမဝင် ရွှေတွင်းများတွင် Fernando Pantow ၆ နှစ်နီးပါး အလုပ်လုပ်ခဲ့ရသည်။
ဇာတိဖြစ်သော Kanonang ကျေးရွာနှင့် အဝေးမှာနေရင်း မြေပိုင် မရှိသည့် လယ်သမား မိဘများကို သူထောက်ပံ့ ခဲ့ သည်။ Fernando Pantow မိဘများမှာ ခရိုင်မြို့တော် Manado ၏ အနောက်တောင်ဘက် ခရီး ၂ နာရီမျှကွာသည့် နေရာရှိ မိုးများသည့် တောင်ကုန်းများပေါ်တွင် ဘဝရပ်တည်ရေး ခက်ခဲစွာ ရုန်းကန်နေကြရသည်။ Manado က ယခု အခါတွင် ဒုတိယ ဘာလီအဖြစ် ထင်ရှားလာနေသည်။
သူတို့ နေသော နေရာမှာ ဝါးရုံတောများ၊ စပါးစိုက်ခင်းများ၊ သစ်သီးခြံများ ရှိနေသည့် အတွက် စိမ်းလန်းစိုပြေ၍ သာယာသော အသွင်ဆောင်နေသည်။
သို့သော်လည်း လက်တွေ့ အခြေအနေက ပိုမိုရှုပ်ထွေးပါသည်။ ဘဝရပ်တည်ရေးက အလွန်ခက်ခဲ ပင်ပန်းသည်။ အထူးသဖြင့် မြေပိုင် မရှိသူများအတွက် ဖြစ်သည်ဟု Fernando Pantow က ရှင်းပြသည်။ “မြေပဲ ၁ ဟက်တာ လောက် စိုက်ဖို့ မြေ အရင်ဆုံး ငှားရတယ်။ နောက်ပြီးတော့ မျိုးစေ့၊ အလုပ်သမားခနဲ့ မြေသြဇာ အတွက် ရင်းနှီးမြှုပ်နှံရတယ်။ ခရမ်းချဉ်သီး ၁ ဟက်တာ စိုက်မယ်ဆိုရင် အရင်းအနှီးက ရူပီးယား(အင်ဒိုနီးရှားငွေ) သန်း ၄၀ လောက် လိုတယ်။ တကယ်လို့ ရိတ်သိမ်းချိန် မတိုင်မီ ဈေးတွေ ကျသွားမယ် ဆိုရင် အရှုံးပဲ အဖတ်တင်မယ်” ဟု သူက ပြောသည်။
“ဒါကြောင့် လူအများအပြားက တရားမဝင် ရွှေတူးတဲ့ လုပ်ငန်းမှာ ဝင်လုပ်ကြတာပါ။ အဲဒီ အလုပ်ကြောင့် ကျနော် အသက်ဘေးနဲ့ အကြိမ်ကြိမ် တွေ့ နိုင်ပေမယ့် ပိုက်ဆံရတယ်။ ကျနော့် အသက်ဟာ ဘုရားသခင်လက်ထဲမှာ ရှိတာကို သိနေတဲ့ အတွက် ကျနော် ဆုတောင်းတယ်။”
စ အလုပ်လုပ်ခဲ့သည့် အကြောင်းများကို သူက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောပြသည်။
“ကျနော် typhus ရောဂါက နေ ပြန်ပြီး နာလံထလာတဲ့ အချိန်မှာ ကျနော်ရဲ့ ဦးလေး တယောက်က သူလုပ်တဲ့ ရွှေ တွင်း မှာ အလုပ်လုပ်မလားလို့ ကျနော့်ကို မေးတယ်။ ကျနော်လည်း လုပ်မယ်လို့ ပြောပြီးတော့ လိုက်သွားတယ်။ ပထမဆုံး လုပ်တဲ့ အလုပ်မှာ ကျနော်တို့ အပေါ် အလုပ်ရှင်က မရိုးမသားတာ ကြုံခဲ့ရတယ်။ နောက်ပိုင်းမှာတော့ ကျနော် ပိုက်ဆံ ကောင်ကောင်းရှာနိုင်လာ တယ်။ အနည်းဆုံး တလကို ရူပီးယား ၁ သန်းခွဲလောက်ရတယ်။”
“ကျနော်တို့ အဖွဲ့တခု အနေနဲ့ အလုပ်လုပ်ခဲ့ရတယ်။ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သစ္စာရှိတယ်။ အလုပ် ရှင် အပေါ်မဟုတ်ဘူး။ ကျနော်တို့ တယောက်ကို တယောက် စောင့်ရှောက်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော် တို့ရဲ့ အသက်တွေက ကျနော်တို့ အားလုံးဟာ ညီအကိုတွေ ဖြစ်တယ်ဆိုတဲ့ ခံယူချက်ပေါ်မှာ မူတည်နေလို့ပါ။”
“ကျနော်တို့က ရွှေတူးရုံသက်သက်မဟုတ်ပါဘူ။ သတ္တုရိုင်းတွေကို ချေပြီး ရွှေထုတ်ယူတာလည်း လုပ်ရပါတယ်။ ပြီး ရင် အဲဒါကို ပြဒါးနဲ့ ရေနဲ့ ရောရပါတယ်။ တကယ်လို့ ရွှေဆိုရင် အခဲလေးတွေ ဖြစ်သွားတဲ့ အခါ ပြဒါးနဲ့ သီးခြား ဖြစ်သွားအောင် ချည်ထည်စကိုသုံးပြီး လက်နဲ့ ခွဲထုတ်ရပါတယ်။”
ထိုသို့လုပ်ရသည့် အတွက် အန္တရယ် မရှိဘူးလားဟု ကျနော်က မေးသည့် အခါ ထိရုံသာထိခြင်း ဖြစ်သည်ဟု သူက ရှင်းပြသည်။ “ကျနော် ဘယ်တော့မှ ပြဒါးပါတဲ့ ရေကို မသောက်ဘူး” အလုပ်က ပင်ပန်းသလို အချိန်တိုင်း အန္တရယ်ရှိသော်လည်း ဝင်ငွေကောင်းသည်။ “ကျနော့်ရဲ့ ပထမဆုံး မော်တော် ဆိုင်ကယ်ကို ရူပီးယား ၁၆ သန်း ပေးပြီး ဝယ်ခဲ့တယ်”ဟု Fernando Pantow က ဂုဏ်ယူစွာ ပြောသည်။
သို့သော်လည်း ရွှေတူးသည့် လုပ်ငန်းက လွယ်ကူသော လုပ်ငန်းတခု မဟုတ်ပါ။ ထိခိုက်ဒဏ်ရာရမှုများ မကြာခန ဖြစ် လေ့ရှိသလို ၂၀၁၅ ခုနှစ်က လည်း Gorontalo တွင် သူတို့ကို လူဆိုး အဖွဲ့တဖွဲ့က တိုက်ခိုက်ခြင်းခံခဲ့ရသည်။
“ကျနော့် အတွက် လုံလုံလောက်လောက် ရပြီးနောက်မှာတော့ ကျနော် အိမ်မှာပဲ နေဖို့ ဆုံးဖြတ်ခဲ့တယ်။ မိဘတွေကို ကူညီရင်း ဧည့်လမ်းညွှန်တယောက် ဖြစ်လာခဲ့ပါတယ်။ အခု အနည်းဆုံးတော့ ကျနော့် အမေက ကိုယ်ပိုင်အိမ် ရှိနေ ပြီ။ ကျနော်တို့ ဝက်တွေလည်း မွေးထားတယ်။ သူတို့ ကြီးလာလို့ ပြန်ရောင်းမယ်ဆိုရင် ကျနော်တို့ တကောင်ကို ရူပီးယား ၈ သန်းလောက်ရမယ်။
Fernando Pantow ၏ ကိုယ်ပိုင် စီးပွားကလည်း တိုးတက်နေသည်။ ခရီးကြမ်းသွားရသည့် ခရီးစဉ်များကို စိတ်ဝင်စားမှုများပြားလာသည့် အချိန်တွင် အင်ဒိုနီးရှား အရှေ့ပိုင်း၌ အခြေခံ အဆောက်အဦးတွင် ရင်းနှီးမြှုပ်နှံမှုများ လမ်းပွင့်လာခဲ့သည်။
ဇီဇာကြောင်တတ်သည့် ဂျကာတာမြို့သားများပင်လျှင် စင်ကာပူနှင့် ဘာလီသို့ သွားကြမည့် အစား Sumba၊ Wakatobi နှင့် Seram ကျွန်းများသို့ ပိုမို လည်ပတ်လာကြသည်။
Manado မြို့သို့ရောက်လာသည့် နိုင်ငံခြားခရီးသွား အရေအတွက်မှာလည်းမြင့်တက်လာခဲ့သည်။ မြောက် Sulawesi ခရိုင်သို့ ၂၀၁၆ ခုနှစ် အတွင်းတွင် ကမ္ဘာလှည့်ခရီးသည် ၄၀၆၂၄ ဦး လာရောက်ခဲ့ရာ ၂၀၁၅ နှင့် ၂၀၁၄ ခုနှစ်များတွင် ကမ္ဘာလှည့် ခရီးသည် ၁၉၄၆၅ ဦး နှင့် ၁၇ ၂၇၉ ဦး အသီးသီးလာရောက်ခဲ့သည်နှင့် နှိုင်းယှဉ်ကြည့် နိုင်ပါသည်။
၂၀၁၆ ခုနှစ်တွင် Manado သို့ တရုတ်ခရီးသည် ၃၀၀၀၀ လာရောက်လဲ့ပြီး ၂၀၁၇ ခုနှစ် တွင် ၁၅၀၀၀၀ အထိ တိုးမြှင့် လာမည်ဟု ခန့်မှန်းရသည်။ အင်ဒိုနီးရှား ကျွန်းမကြီးမှ ထွက်သည့် လေယာဉ် ခရီးစဉ် ပိုမိုများပြားလာခြင်း ကြောင့် ဖြစ်သည်။
Fernando Pantow က ယခုအခါ အိမ်ထောင်ရှင် တဦး ဖြစ်နေပြီး အချိန်ပိုင်း ဧည့်လမ်းညွှန်တယောက် အနေဖြင့် ဒေသတွင်းမှ စိတ်ဝင်စားစရာ နေရာတခု ဖြစ်သည့် သူတို့ Kanonang ရွာ အနီးမှ Bukit Kasih (အချစ်တောင်ကုန်း) ဟုခေါ်သော နေရာသို့ ဧည့်သည်များကို လိုက်လံပြသပေးသည့် အလုပ်ကို လုပ်ကိုင်နေသည်။ သူ က အပြောင်းအလဲ ကို သတိပြုမိသည်။

“ဒီတောင်တွေပေါ်မှာ အလုပ်က များများစားစား မရှိဘူး။ အလုပ်ကောင်းကောင်းလုပ်ချင်ရင် အထက်တန်းကျောင်း အောင်လက်မှတ် တခုတော့ ရှိထားဖို့လိုတယ်။ ဒါကြောင့် ကျနော်က အစိုးရ အနေနဲ့ အထက်တန်းပညာရေး ဆုံးခန်း မရောက်ခဲ့တဲ့ သူတွေ ကျောင်းပြန်တက်နိုင်ဖို့ လုပ်ပေးတဲ့ သူတို့ရဲ့ အစီအစဉ် တခုကို ပြန်စပေးစေချင်တာပါ။ ခရီး သွားလုပ်ငန်းက အနာဂါတ်မှာ အကျိုးဖြစ်ထွန်းမယ်လို့ ကျနော်ထင်တယ်။ ဘာလီကျွန်း ဘယ်လို ပြောင်းလဲခဲ့သလဲ ဆို တာကိုကြည့်လိုက်ပါ။”
Fernando Pantow ၏ ရည်မှန်းချက်က သူ၏ ကျွန်းအတွက်သာ အကန့်အသတ်ဖြင့် ရှိနေသည် မဟုတ်ပါ။ Minahasan လူမျိုးတို့၏ ရိုးရာ အစဉ်အလာကို ထိန်းသိမ်းရင်း ပျံ့နှံ့စေချင်သည်။ “တနိုင်ငံလုံးမှာ အလုပ်လုပ် ဖို့ ခရီးသွားနေကြတဲ့ Minahasan တွေ အများကြီး ရှိပါတယ်။ Papua မှာ ကျနော်တို့ လူမျိုးတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် သတ္တုတွင်းတွေမှာ ဖြစ်ပါတယ်။ Sorong မှာလည်း ရှိတယ်။ Raja Ampat (အင်ဒိုနီးရှားနိုင်ငံမှ ကျော် ကြားသည့် ကျွန်းတကျွန်း) ကို သွားပြီးတော့ ဧည့်လမ်းညွှန် တယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ လေ့ လာချင်ပါတယ်” ဟု သူက ပြောသည်။
အခြေခံ အဆောက်အဦး နှင့် ကမ္ဘာလှည့်ခရီးသည်များ တိုးပွားလာခြင်းကလည်း စိန်ခေါ်မှုများပင် ဖြစ်သည်။ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စသည်တို့၏ စစ်မှန်မှုက အရေးပါသော သော့ချက် ဖြစ်လာနေသည်။
ရှေ့သို့ ဆက်လက်သွားနိုင်ရေး အတွက် Fernando Pantow ကဲ့သို့ Minahasan လူငယ်များက Manado ကို ခရီး တထောက်နားစရာ နေရာတခုအဖြစ် ဆက်လက်ရှိနေအောင် ကြိုးစားရင်း သူတို့၏ ထူးခြားသော ရိုးရာ အစဉ်အလာ များကို ဆက်လက်ထိန်းသိမ်းသွားကြရမည် ဖြစ်သည်။