စီးပွားရေး

ချည်ကုန်ကြမ်းတင်သွင်းမှု အခွန်နှုန်းမြင့်နေဟု လုပ်ငန်းရှင်များပြော

Want create site? Find Free WordPress Themes and plugins.

ပြည်ပမှ တင်သွင်းသည့် ချည်နှင့်ပတ်သက်သည့် ကုန်ကြမ်းပစ္စည်းများ အခွန်နူန်း မြင့်မားနေသည့်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်ယဉ်မိုးက” နှုတ်နဲ့လည်း ကျမတို့ သက်ဆိုင်ရာကို တင်ပြပြီးပါပြီ။ နောက်ထပ် အစိုးရ သက်ဆိုင်ရာဌာန အလိုက် တဆင့်ချင်း တင်ပြသွားမယ်။ အခု အခြေအနေမှာ အခွန်တွေက အချောထည်နဲ့ ဆတူ ဖြစ်နေတာကို အများကလည်း ပြောနေတာကြာပါပြီ။ ချည်မျှင်တွေရဲ့ အခွန်တွေမြင့်နေတာကတော့ အရင်ထဲက တောင်းဆိုခဲ့တယ်။ အခုထပ်ပြီး တင်ပြသွားမှာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အသင်းအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်အခွန် ဦးစီးဌာန စသည့်ဌာနများထံသို့ စာဖြင့် တင်ပြမည်ဖြစ်ကြောင်း၊ ပြည်တွင်းဈေးကွက်သို့ တရုတ်ပုဆိုးများမှာ ကုမ္ပဏီအမှတ်တံဆိပ်ဖြင့် အများအပြား ဝင်ရောက်နေခြင်းကို တားဆီးနိုင်ရန် ပူးတွဲတင်ပြသွားမည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း ဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ် ပုဆိုးများ ဈေးနှုန်းသက်သာစွာ ဝင်ရောက်လာသဖြင့် ပြည်တွင်း ချည်ချောလုံချည် ပုဆိုးလုပ်ငန်းရှင်များမှာ ဈေးနူန်းယှဉ်ပြိုင်နိုင်ခြင်း မရှိ ဖြစ်နေသည်။

“ကုန်ကျစရိတ်ကြောင့် ချည်ငင်(ဗိုင်းထောင့်) စရိတ်ကို မသုံးတော့ပဲ အဆင်သင့်ထိုးပြီးသား ချည်ကုံးတွေ၊ ချည်လုံးသေး တွေ သွင်းတဲ့အဆင့်ကို လုပ်ငန်းရှင်တွေက လုပ်လာကြတယ်။ အရင်လို အဆင့်ဆင့်သွားတာ မလုပ်ပဲနဲ့ ကုန်ချော တိုက်ရိုက်တင်သွင်းလာကြတယ်။ အရင်က ချည်ငင်တဲ့ လုပ်ငန်းတွေဆိုရင် ပြထားတဲ့ ပြခန်းတွေလောက်ပဲ အခုရှိတော့တယ်”ဟု အထည်အလိပ် လုပ်ငန်းရှင်လည်းဖြစ်သူ ဒေါ်ယဉ်မိုးက ပြောသည်။

ကုန်ချော ချည်ထည်များ ထုတ်လုပ်ရန်အတွက် အဓိကလိုအပ်သော Supportive Industrial ဖြစ်သော ဝါစိုက်ခင်းများမှာ မြန်မာနိုင်ငံတွင် လုံလောက်မှု မရှိသောကြောင့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့မှ တင်သွင်းရာတွင် ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ဝါကြမ်းကို ဝယ်ယူမှု ၅ ရာခိုင်နူန်း၊ ဝါဖတ် ဝယ်ယူမှု ၅ ရာခိုင်နူန်း၊ ချည်ခင်ဝယ်ယူမှု ၅ ရာခိုင်နူန်း၊ ပိတ်ကြမ်းဝယ်ယူမှု ၅ ရာခိုင်နူန်းနှင့် ဆိုးဆေး ဝယ်ယူမှု ၅ ရာခိုင်နူန်း အစရှိသဖြင့် အသီးသီး ကုန်ကြမ်း ကုန်ကျစရိတ်ကို ပေးဆောင်ကြရကြောင်း သိရသည်။

ထိုသို့ပေးရသောကြောင့် ကုန်ကြမ်းတင်သွင်းခွင့်များသဖြင့် အသင့်ချည်ငင်ဆိုးဆေး သုံးပြီးသား ကုန်ချောများကို တင်သွင်း မှုများလာပြီး ပြည်တွင်းမှ ချည်ငင်သည့်လုပ်ငန်း၊ ဆေးဆိုးလုပ်ငန်း အစရှိသည့် တနိုင်တပိုင် ချည်ချောလုံချည်၊ ထဘီ ပြုလုပ်သည့် လုပ်ငန်းများမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်ဟု လုပ်ငန်းရှင်များက သုံးသပ်သည်။

ပြည်တွင်း ပုဆိုး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြင့်က “ပြည်ပ သွင်းတဲ့နေရာမှာ ဆေးဆိုးပြီးသား ချည်ခင်ဝင်လာတာရှိသလို ဆေးမဆိုးရသေးတဲ့ ပိတ်အကြမ်းချည် ဝင်လာတာရှိတယ်။ အကြမ်းထည်ကျတော့ ကျမတို့က မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆေးဆိုးရတယ်။ ခြေထောက်တွေဘာတွေ သုံးပြီးဆေးဆိုးတယ်။ ဆေးဆိုးပြီးသား ချည်ခင်တွေဝင်လာတော့ ဒီခြေထောက်နဲ့ သဘာဝဆေးဆိုးတဲ့ ပြည်တွင်း လုပ်ငန်းတွေက တဖြည်းဖြည်းနဲ့ လျော့လာတယ်”ဟု ရှင်းပြသည်။

ထို့ကြောင့် ပြည်တွင်းလုပ်သားအချို့ အလုပ်လက်မဲ့ဖြစ်သွားပြီး လက်ရှိ ဆေးဆိုးလုပ်ငန်းများ လျော့ကျလာခြင်း၊ ချည်ငင် ရာတွင်လည်း ပြည်တွင်းစက်ရုံများမှ စက်များမှာ ခေတ်မမီသောကြောင့် တိုက်ရိုက်တင်သွင်းသော အချောထည် ကုန်ပစ္စည်းများမှာ ဈေးကွက်အတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်လာခြင်းများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မည်သည့်ပစ္စည်းကိုမဆို ချုပ်ထည်ကုန်ချောအသီးသီးကို ပြည်ပမှ တင်သွင်းခွင့် တရားဝင်ခွင့်ပြုထားသော်လည်း ပုဆိုးကို သီးသန့် တင်သွင်းခွင့် ရှိ၊ မရှိဆိုသည့် အပိုင်းကို မသိရှိရပါ။

ပြည်တွင်း၌ ပတ်တီး၊ ကလေးအနှီးပိတ်နှင့် မာတင်ပိတ်တို့ကို ထုတ်လုပ်နိုင်သော စက်ရုံများသာ လက်ရှိ လည်ပတ်နိုင်ပြီး မြန်မာနိုင်ငံ အထည်အလိပ် ဈေးကွက်သို့ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်တို့မှ ပါတိတ်၊ မြန်မာ့ရိုးရာ ချိတ်အဆင်ဒီဇိုင်း ထဘီများနှင့် တရုတ်မှ ကုမ္ပဏီအမှတ်တံဆိပ်များနှင့် ပြည်တွင်းဈေးကွက်သို့ တရုတ်ပုဆိုး(စီလွန်အသား)များမှာ ဈေးနှုန်းသက်သာစွာ ဖြင့် ဝင်ရောက်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading