မကြာသေးခင်က Music Video ရိုက်ကွင်းတခုမှာ ရိုက်ထားတဲ့ စုံတွဲ ပုံတွေနဲ့ ပတ်သက်ပြီး ပရိသတ်များက “မထက်မှာ ချစ်သူရှိနေပြီလား” ဆိုပြီး စိတ်ဝင်စားလျက် ရှိပါတယ်။
နိုင်ငံကျော် Makeup Artist တဦးဖြစ်တဲ့ မထက်ကတော့ အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်ခွဲစိတ်မှု ခံယူထားတဲ့ သူတယောက်ဖြစ်ပြီး မိန်းကလေးတယောက်လို ပြုမူနေထိုင်နေတဲ့ သူ့အတွက် အချစ်ရေးနဲ့ ပတ်သက်ပြီး အခက်အခဲများ ရှိနေဆဲလို့ သိရပါတယ်။
အဆိုပါ ရိုက်ကွင်းမှာ မထက်နဲ့ အတူ တွဲရိုက်ထားတဲ့ စုံတွဲ ဓာတ်ပုံများကတော့ အဆိုတော် နီနီခင်ဇော်ရဲ့ “Stand by Me” ဆိုတဲ့ သီချင်းရဲ့ Music Video မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရိုက်ကွင်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး မထက်ကတော့ ဒါဟာ သူရဲ့ချစ်သူ မဟုတ်ပါဘူးလို့ ဆိုပါတယ်။
“ပြောမယ်နော်၊ နီနီ့ သီချင်း Music Video မှာ အစ်မနဲ့ အတွဲအဖြစ် သရုပ်ဆောင်ထားတာ အစ်မရဲ့ ရည်းစားကောင်လေး မဟုတ်ပါဘူး။ အဲဒီနေ့ ရိုက်ကွင်းရောက်မှ မြင်ဖူးတာပါ။ နာမည်တောင် အိမ်ပြန်တဲ့လမ်းရောက်မှ မေးကြည့်ရတယ်။ ခဏပဲ ရိုက်ရတော့ အချိန် မကြာတော့ သေချာ မိတ်မဆက်လိုက်ရပါဘူး” လို့ မထက်က ဆိုထားပါတယ်။
လူအများ ထင်နေကြတဲ့ ရည်းစား မဟုတ်ဘဲ သူ့အနေနဲ့ လူကြားထဲ တွဲခေါ်ထွက်ရဲဖို့လည်း မဖြစ်နိုင်ဘူးလို့ဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ပေး ၊ ချစ်ပေး၊ ခင်ပေးကြတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်တယ်လို့ ဆိုထားတဲ့အပြင့် သူ့ရဲ့ဘဝဟာ လူအများ ထင်နေသလောက် ပျော်ရွှင်စရာ မကောင်းပါဘူးလို့ မထက်က ပြောထားပါတယ်။
“ယူတို့ ထင်သလို မ ရည်းစား မဟုတ်သလို မ ရည်းစားကလည်း အစ်မကို လူကြားထဲ တွဲခေါ် ထွက်ရဲဖို့လည်း မဖြစ်နိုင်ပါဘူးကွယ်။ စိတ်ဝင်တစား ကြည့်ပေး၊ ချစ်ပေး၊ ခင်ပေးကြလို့ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ အစ်မဘဝကလေ သူများတွေ ထင်သလောက် ပျော်ရွှင်စရာ မကောင်းပါဘူး” လို့ မထက်က ဆိုပါတယ်။
အဆိုပါ Music Video ထဲမှာတော့ အောင်မြင့်မြတ်နဲ့ အိမီမီကို၊ မိတ်ကပ်ပညာရှင် မေဦး နဲ့ ဟန်လင်း၊ မထက်နဲ့ စိုင်းတွမ်ခမ်း၊ ယမင်းစုမော်၊ သဲသဲ ၊ ဖြိုးဖြိုး၊ မျိုးဦး၊ စောစန္ဒီနိုင်တို့ ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။