မော်ဒယ်သရုပ်ဆောင် ဟိန်းမင်းသူဟာ အောက်တိုဘာ ၁၁ ရက်နေ့က Facebook အကောင့်ဟက်ခံရပြီး နောက်ပိုင်းမှာ ဝေဖန်မှုများပြင်းထန်စွာ ကြုံတွေ့ခဲ့ရတာကြောင့် ဘာမီတွန်မျာ းအလွန်အကျွံသောက်သုံးကာ အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့ရှိ အထွေထွေရောဂါကုဆေးရုံသစ်ကြီးကို တက်ရောက် ကုသမှု ခံယူခဲ့ရပါတယ်။
အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ဟိန်းမင်းသူရဲ့ ဖခင်ဖြစ်သူ ဦးမြင့်သိန်းနဲ့ တွေ့ဆုံကာ မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ သားဖြစ်သူရဲ့ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေဖြစ်ခဲ့တာလဲဆိုတာကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော်သိသလောက် ပြောပြပေးမယ်။ မနေ့က အဖြစ်အပျက်ကတော့ ညသန်းခေါင်ကျော် ၁ နာရီလောက်ကမှ ကျနော်သိရတာ။ သူ့သူငယ်ချင်းတွေ ဖုန်းဆက်လာလို့ပေါ့။ မေးကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ အကောင့် ဟက်ခံရတော့ စိတ်ညစ်ပြီးတော့ ဘာမီတွန်နဲ့ ဝိုင်ကို ၂ မျိုးရောသောက်လိုက်တော့ နည်းနည်းရှော့ဖြစ်သွားတော့ သူငယ်ချင်းတွေက ဆေးရုံပို့ပေးကြတယ်။ အဲဒါကို ကျနော်သိသိချင်းပဲ သူ့နောက်လိုက်လာခဲ့တာ။
မေး။ ။ အခုလက်ရှိအခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်ရောက်တဲ့အချိန်မှာတော့ သူငယ်ချင်းတွေလုပ်ပေးထားလို့ Drip သွင်းတာတွေ ဘာတွေက လုပ်ပြီး သွားပြီ။ သူ့ရဲ့အနုပညာသူငယ်ချင်းတွေက အနားမှာရှိကြတယ်။ အခုအခြေအနေမှာတော့ မနေ့ကထက် သက်သောင့်သက်သာ ဖြစ်သွားပါပြီ။
မေး။ ။ သတိရလာတော့ရော ဘာပြောတာရှိသေးလဲ။
ဖြေ။ ။ အကောင့်ဟက်တဲ့သူကို မေးတယ်တဲ့။ သူ့ဆီက ဘာလိုချင်တာလဲဆိုပြီး ငွေလိုချင်တာလားပေါ့။ သူတို့ကငွေမလိုချင်ဘူးတဲ့ သူတိုးတက်နေတာကို မမြင်ချင်ဘူးလို့ ပြောတယ်တဲ့။ အောင်မြင်နေတာကို မလိုလားဘူးဆိုပြီး ပြောတယ်တဲ့။
မေး။ ။ သားဖြစ်သူ အခုလိုဖြစ်နေတာကို မြင်ရတဲ့အချိန်မှာ ဘယ်လိုခံစားနေရလဲ။
ဖြေ။ ။ ကျနော် မနေ့ကဆို မျက်ရည်ဆို့ပြီးတော့ တော်တော်လေးဝမ်းနည်းတယ်။ ကျနော်အနားရောက်တဲ့အချိန်မှာ သူက Drip သွင်းနေတယ်ဆိုတော့ ကျနော်သူ့ကို မေးလိုက်တယ်။ သား မင်းဘာဖြစ်လဲလို့ဆိုပြီး သူက ပါပါး သားမနေရတော့ဘူးတဲ့။ အဲဒီလိုပြောတယ်။ ကျနော့်မှာ သားဆိုလို့ ဒီတယောက်ပဲရှိတာ။ သူဒီလိုပြောတဲ့အချိန်မှာ တော်တော်လေးခံစားရတယ်။ သူဘာတွေ သောက်ထားလဲ ကျနော်လည်းမသိဘူး။ ကျနော် ရောက်သွားတဲ့အချိန်မှာ သောက်ထားတာက ဘယ်လိုတွေဖြစ်လဲမသိဘူး။ ရုန်းရင်းဆန်ခတ် တချက်တချက် ဖြစ်တယ်။ တော်တော်လိုက်ထိန်းရတယ်။ ဆေးကလည်းသွင်းထားတော့လေ။
မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း ဖြစ်သေးတယ်နော်။
ဖြေ။ ။ ပြီးခဲ့တဲ့ ခန့်မှန်းခြေ ၃ ရက်လောက်က Gym ဆော့ရင်းနဲ့ အတိုင်းအဆ ဘာလိုအပ်လဲမသိဘူး။ နှလုံးက တအားခုန်ပြီးတော့ အာရှတော်ဝင်မှာ ECG သွားရိုက်ရတယ်။ ဆရာဝန်က သူ့ကိုနားခိုင်းတယ်။ အဲဒါကို ဒီကြားထဲမှာ ဝါသနာကလည်းပါနေတော့ ခိုးပြီးတော့ Gym သွားဆော့တယ်။ သူ့ကိုမေးတော့ အပေါ့စားလေး ပဲဆော့တာပါလို့ ပြောတယ်။ သူ့ကိုကြည့်ရတာ နှလုံးတွေဘာတွေခုန်တာပုံမှန်မဟုတ်ဘူး။ နည်းနည်းလေး ပိုမောနေသလိုပဲ။ဆေးတွေဘာတွေ သောက်တာ ချိန်ဆပြီး သောက်ပေါ့လို့တော့ ပြောထားတယ်။
မေး။ ။ သူက အဓိကက ဘယ်လိုအချက်ကြောင့် ဒီလိုဖြစ်သွားတယ်လို့ထင်လဲ။
ဖြေ။ ။ သူက ဘာကိုပိုစိတ်ဆိုးသွားလဲဆိုရင် မနေ့ကဖုန်းတွေ တောက်လျှောက်လာတဲ့အခါမှာ အကောင့်ဟက်တဲ့ အဖွဲ့ထဲကလို့ ထင်တာပဲ။ ကျနော့်ကို ဘလိုင်းကြီး ဆဲဆိုသွားတာ ကျနော်ကတော့ တခွန်းမှတော့ ပြန်မပြောလိုက်ပါဘူး။ သားကိုလည်း ပြောပါတယ်။ ရန်ကိုရန်ချင်း မတုန့်ပြန်နဲ့လို့။ သူတို့ကိုလည်း ကျနော်မေတ္တာရပ်ခံတယ်။ ကျနော့်သားတင် မဟုတ်ဘူး။ တခြားဘယ်သူ့ကို မဆို အကျိုးမရှိတဲ့အလုပ်တွေ မလုပ်ပါနဲ့လို့။ သူတပါးထိခိုက်နစ် နာစေတဲ့အလုပ်ကို မလုပ်ပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။
မေး။ ။ ဒီကိစ္စတွေကို စသိရတဲ့အချိန်မှာ ဘယ်လိုခံစားခဲ့ရလဲ။
ဖြေ။ ။ စိတ်ထဲမှာ ဝမ်းနည်းတယ်။ လုပ်တဲ့သူနဲ့ ကျနော်သားမှာ ဘာရန်ငြိုးရန်စမှလည်းမရှိဘူး။
ငွေလိုချင်လားမေးတော့လည်း ငွေလိုချင်တာမဟုတ်ဘူးတဲ့။ သူ့အောင်မြင်မှုကို မမြင်ချင်ဘူးပေါ့။ သားကိုတော့ ပြောထားတယ်။ နောက်ဆို ဒီလိုတွေ မသုံးပါနဲ့လို့။ ဒါတွေက ရပ်တန့်သွားမှာမဟုတ်ဘူး။ ဖြစ်နေဦးမှာပါ။အခုလည်း သူတော်တော် စိတ်ကုန်သွားပြီ။ နောက်ပိုင်း ဒါတွေ မသုံးတော့ဘူးလို့ ပြောတယ်။ တယောက်နဲ့ တယောက် ဘယ်လောက် ညှိညှိ ရပ်မှာမဟုတ်ဘူး။
မေး။ ။ ရဲတွေကရော လာရောက်မေးမြန်းမှု ရှိသေးလား။
ဖြေ။ ။ ရဲကတော့ မေးတာတော့ မရှိဘူး။ ခုနကပြောတာတော့ အမှုဖွင့်ထားတာရှိလားလို့ ပြောတယ်။ ကျနော် တို့ကတော့ ရန်ကို ရန်ချင်း မတုန့်ပြန်တော့ပါဘူး။ အကျိုးလည်း မရှိဘူး။ မလုပ်ချင်တော့ဘူး။
မေး။ ။ သူက အနုပညာအလုပ်တွေ လုပ်နေရင်းနဲ့လည်း ဒီလိုတွေဖြစ်ရတယ်။ နောက်ပြီးတော့သားလေး တယောက်တည်းလည်း မွေးထားတာဖြစ်တာကြောင့် ရှေ့ဆက်ပြီးတော့ရောဘယ်လိုဖြစ်စေချင်လဲ။
ဖြေ။ ။ သူ့ကိုတော့ လူတိုင်းလူတိုင်းက ချစ်ခင်အောင်နေပါလို့ အနုပညာသမားဆိုတော့ သူများချစ်မှ
ဆက်ပြီးတော့ လုပ်လို့ရမှာဆိုတော့လေ။ အဲဒါလေးတော့ အမြဲတမ်းသင်ပေးပါတယ်။
မေး။ ။ဟိန်းမင်းသူကို အားပေးတဲ့ပရိသတ်ကြီးအတွက် အဖေတယောက်အနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ဟိန်းမင်းသူကို အားပေးနေတဲ့ပရိသတ်ကြီး အရင်လိုပဲ အားပေးပါ၊ ချစ်ခင်ပါ။ သူ့ကို အရာရာ ခွင့်လွှတ် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဝိုင်နဲ့ ဘာမီတွန် တွဲသောက်ခဲ့လို့ ဆေးရုံတက်နေရတဲ့ ဟိန်းမင်းသူ