ဂီတရေစီးကြောင်းတွေ ဘယ်လိုပဲပြောင်းပြောင်း Rock ဂီတကတော့ မပြောင်းမလဲ ဆက်လက်ရှိနေဆဲပါ။ Punk Rock , Alter Rock , Modern Rock စသဖြင့် ဘယ်လို အမျိုးအစားတွေပဲကွဲကွဲ မူလပင်ရင်းကတော့ Rock ပါပဲ။
Modern Rock ကတော့ ဆူညံတဲ့ အရသာကိုပေးတဲ့ ဂီတအမျိုးအစားတခုပါ။ ကမ္ဘာနဲ့အဝှမ်း ခေတ်စားလာတာနဲ့အညီ ဘယ်ဂီတဝိုင်းတွေက Modern Rock ကို ဦးဆောင်နေသလဲဆိုတာ လေ့လာကြည့်တဲ့အခါ Linkin Park က နံပတ် (၁) နေရာမှာရှိနေပါတယ်။
(၁) Linkin Park
Linkin Park ဟာ အမေရိကန်ဂီတဝိုင်းတဝိုင်းဖြစ်ပြီး ကယ်လီဖိုးနီးယား (California) ပြည်နယ် ၊ Agoura Hills မြို့မှာ ၁၉၉၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပါဝင်တဲ့ ဂီတသမားတွေကတော့ Mike Shinoda (အဆို ၊ ကီးဘုတ် နဲ့ ရစ်သမ်ဂစ်တာ)၊ Brad Delson (လိဒ်ဂစ်တာ)၊ David Farrell (ဘေ့စ်ဂစ်တာ) ၊ Joe Hahn (ဒီဂျေ) ၊ Rob Bourdon (ဒရမ်) နဲ့ ၂၀၁၇ ခုနှစ် ၊ ဇူလိုင် ၂၀ ရက်နေ့တုန်းက ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် Chester Bennington တို့ ဖြစ်ပါတယ်။
Linkin Park ဂီတဝိုင်းဟာ Alternative Rock , Hip Hop နဲ့ Techno ဂီတအမျိုးအစားတွေ ကို ပေါင်းစပ်ထားတဲ့ ဂီတဝိုင်းတဝိုင်းပါ။ ဒီ Rock ဂီတဝိုင်းကြီးဟာ အမေရိကန် Industrial Rock ဂီတဝိုင်းဖြစ်တဲ့ Nine Inch Nails ရဲ့ လွှမ်းမိုးမှုခံရသလို Deftones , The Roots နဲ့ Aphex Twin တို့ရဲ့ လွှမ်းမိုးမှုကိုလည်း ခံခဲ့ရပါတယ်။
၂၀၀၀ ပြည့်နှစ်မှာပွဲဦးထွက်ခဲ့တဲ့ Hybrid Theory Album နဲ့ အောင်မြင်မှုကို ယူနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ Recording Industry Association of America ( RIAA ) အဖွဲ့ကချီးမြှင့်တဲ့ ဂုဏ်ပြုဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။
သူတို့ဝိုင်းက ဖန်တီးခဲ့တဲ့ “ In the End ” သီချင်းကလည်း ၂၁ ရာစုအတွက် အကောင်းဆုံး Rock သီချင်း တပုဒ်ဖြစ်ခဲ့ပါတယ်။ တကမ္ဘာလုံးအနှံ့ အချပ်ရေပေါင်း ၆၈ သန်းကျော် ရောင်းချထားပြီး ဂျာမနီနိုင်ငံ ပေးတဲ့ ဆုနှစ်ဆုကိုလည်း ရခဲ့ပါတယ်။
Linkin Park အဖွဲ့မှာပါဝင်တဲ့ ဂီတသမားတွေရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း ဖော်ပြပေးချင် ပါသေးတယ်။
Mike Shinoda
Mike Shioda ကို ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် ၊ Panorama မြို့မှာ မွေးဖွားခဲ့ပါတယ်။ Mike ဟာ Rapper တဦးဖြစ်တဲ့အပြင် သီချင်းရေးဆရာ တယောက်လည်းဖြစ်ပါတယ်။ ဂရပ်ဖစ်ဒီဇိုင်နာတဦးဖြစ်သလို Record Producer တယောက်လည်း ဖြစ်ပါသေးတယ်။
၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ ကွယ်လွန်သူ Chester ကို ရည်ညွှန်းထားတဲ့ “Post Traumatic Ep” ဆိုတဲ့ သီချင်းခွေတခွေ ထွက်ခဲ့ပြီး သီချင်းပုဒ်ရေ ၃ ပုဒ်ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လ မှာတော့ Linkinpark Park နာမည်နဲ့ ဆိုလိုအယ်ဘမ်တချပ်ထွက်ဖို့ရှိတဲ့အကြောင်း ကြေညာခဲ့ပါသေးတယ်။
Brad Delson
အမေရိကန်နိုင်ငံသားတယောက်ဖြစ်တဲ့ Brad ကို ၁၉၇၇ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှာ Agoura Hills မြို့ မှာ မွေးဖွားခဲ့ပြီး Mike နဲ့ ငယ်သူငယ်ချင်းတွေပါ။ “New Divide” သီချင်းကိုဖန်တီးခဲ့သူဖြစ်ပြီး Record Producer တယောက်လည်းဖြစ်ပါတယ်။ လူတွေသိတဲ့အချက်ကတော့ သူဟာ Linkin Park ရဲ့ Lead ဂစ်တာသမားတယောက် ဖြစ်တယ်ဆိုတာပါပဲ။
Dave Farrell
Dave ကို ၁၉၇၇ခုနှစ် ၊ ဖေဖော်ဝါရီ ၈ နေ့မှာ Plymouth မှာမွေးဖွားခဲ့ပြီး အသက် ၅ နှစ်အရွယ်မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်ထဲက Mission Vijeo ကိုပြောင်းခဲ့ပါတယ်။ Linkin Park ရဲ့ Bass ဂစ်တာသမား တယောက်ဖြစ်သလို Backing vocalist တယောက်လည်းဖြစ်ပါတယ်။ Dave ဟာ Tasty Snax ဆိုတဲ့ ခရစ်ယာန် Rock အဖွဲ့သားတယောက်လည်း ဖြစ်ပါတယ်။
Joe Hahn
အာရှမျက်နှာပေါက်နဲ့ Joe Hahn ဟာ DJ သမားတယောက်ဖြစ်ပြီး ၁၉၇၇ ခုနှစ်၊ မတ် ၁၅ ရက်နေ့မှာ Dallas မှာ မွေးဖွားခဲ့ပါတယ်။ ကိုးရီးယား အမေရိကန် တယောက်ဖြစ်ပြီး ဒါရိုက်တာတယောက်လည်းဖြစ်ပါသေးတယ်။
Rob Bourdon
Linkin Park ရဲ့ ဒရမ်မာသမားဖြစ်တဲ့ Rob ကို ၁၉၇၉ခုနှစ် ဇန်နဝါရီ ၂၀ မှာ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက Calabasas မှာေမွေးဖွားခဲ့ပါတယ်။ Linkin Park မှာ အငယ်ဆုံးဝိုင်းတော်သားဖြစ်ပြီး Aerosmith ဂီတဝိုင်းက ဒရမ်သမား Joey Kramer ဟာ သူရဲ့ဆရာဖြစ်ခဲ့ပါတယ်။ Jazz သင်တန်း ကျောင်းမှာ ဆယ်နှစ် ပညာသင်ယူခဲ့ပြီး Linkin Park ရဲ့ Lead ဂစ်တာသမားဖြစ်လာမယ့် Brad Delson နဲ့ Mike Shinoda တို့နဲ့ ဆုံခဲ့ရပါတယ်။
Chester Bennington
Chester ကို ၁၉၇၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ Arizona ပြည်နယ်ထဲက Phoenix မြို့ မှာ မွေးဖွားခဲ့ပါတယ်။ အဆိုတော်တဦးဖြစ်တဲ့အပြင် သီချင်းရေးဆရာ ၊ ရုပ်ရှင်မင်းသားတယောက် လည်း ဖြစ်ပါတယ်။ Dead by Sunrise နဲ့ Stone Temple Pilots အဖွဲ့တွေမှာလည်း အဆိုနေရာက တာဝန်ယူထားပါသေးတယ်။
၂၀၀၅ ခုနှစ်မှာ သူဦးစီးတည်ထောင်ခဲ့တဲ့ Dead by Sunrise ဝိုင်းနဲ့ Out of Ashes ဆိုတဲ့ Album တချပ်ကို ၂၀၀၉ ခုနှစ် ၊ အောက်တိုဘာ ၁၃ မှာထွက်ခဲ့ပါတယ်။ ၂၀၁၃ မှာတော့ Stone Temple Pilots ရဲ့ ပင်တိုင်အဆိုရှင်ဖြစ်လာပါတယ်။ Crank , Crank : High Voltage နဲ့ Saw 3D ကားတွေမှာ လည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။
၂၀၁၇ခုနှစ် ဇူလိုင် ၂၀ ရက်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ် ၊ Palos Verdes Estates က သူ့အိမ်လေးမှာ ဆွဲကြိုးချသေဆုံးခဲ့ပါတယ်။
Ref : thetoptens