ဒီတပတ် ဖော်ပြပေးမယ့် ဟင်းချက်နည်းကတော့ ဗီယက်နမ် အစားအစာ ပြုလုပ်နည်းပါ။ ဗီယက်နမ်ကို အလည်အပတ် ရောက်ခဲ့ရင် မဖြစ်မနေ မြည်းစမ်းသင့်တဲ့ အစားအစာ ၁၀ မျိုး စာရင်းဝင်လည်းဖြစ်၊ မနက်စာအဖြစ်ရော၊ အဆာပြေစာအဖြစ်ပါ အချိန်တိုတွင်း လုပ်နိုင်တဲ့ ဗီယက်နမ်စတိုင် အသားညှပ်ပေါင်မုန့် ဖြစ်ပါတယ်။ အာဟာရ ပြည့်ဝလို့ ကျန်းမာရေး လိုက်စားသူတွေအတွက်ပါ အဆင်ပြေမယ့် အစားအစာပါ။
“ဘန်မီ”လို့ ခေါ်တဲ့ ဗီယက်နမ်စတိုင် အသားညှပ်ပေါင်မုန့် လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့–
ပြင်သစ်ပေါင်မုန့်ရှည် (Baguette)
Mayonnaise
သခွားသီး
တရုတ်နံနံ
ငရုပ်ကောင်း
သံပုရိုသီး
ကြက်ရင်ပုံသား (ကြိုက်နှစ်သက်တဲ့ အသားကို အစားထိုး သုံးနိုင်ပါတယ်)
ကြက်သွန်ဖြူ
ကြက်သွန်နီ
မုန်လာဥနီ
မုန်လာဥဖြူ
သကြား
ရှာလကာရည်
ရေ တို့ လိုအပ်ပါတယ်။
အရင်ဆုံး အသီးအရွက်တွေကို အနေတော်စားလို့ ရမယ့်အရွယ် လှီးဖြတ်ထားပါ။ ကြက်သားကို သန့်စင်ဆေးကြောပါ။ ဒယ်အိုးထဲကို ရေ၊ ရှာလကာရည်၊ သကြား အနည်းငယ် ထည့်ပြီး မီးအေးအေးနဲ့ သကြားတွေ အရည်ပျော်တဲ့အထိ မွှေပေးပါ။ ၁ မိနစ်လောက်ကြာရင် မီးဖိုပေါ်က ချပြီး အအေးခံထားပါ။
အအေးခံထားတဲ့ အချဉ်ရည်ကို လှီးဖြတ်ထားတဲ့ အသီးအရွက်၊ ကြက်သွန်နီပေါ်ကို လောင်းထည့်ပါ။ မိနစ် ၃၀ လောက် အရွက်တွေကို စိမ်ထားရပါမယ်။ ပြီးရင် အရည်တွေ စစ်လိုက်ပါ။ အချဉ် စိမ်ထားတဲ့ အသီးရွက်တွေထဲကို ဆီအနည်းငယ် ထည့်ပြီး Oven ထဲထည့် အပူပေးပါ။ ပြီးရင် ပန်းကန်ထဲ ထည့်ထားပါ။
ကြက်ရင်ပုံသားကို ကြက်သွန်ဖြူ၊ ငရုပ်ကောင်း ဖြူးပြီး Grilled Pan ပေါ်မှာ ရွှေအိုရောင် ပြောင်းသွားတဲ့အထိ ၆ မိနစ်လောက် ကင်ပေးပါ။ ပြီးရင် အနေတော် အတုံးလေးတွေတုံးပြီး ပန်းကန်ပေါ် တင်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ရင် ဗီယက်နမ်စတိုင် အသားညှပ်ပေါင်မုန့် စလုပ်လို့ ရပါပြီ။
ပြင်သစ်ပေါင်မုန့် အရှည်ကို စားနိုင်သလောက် အရှည် ပိုင်းဖြတ်ပါ။ Oven ထဲကို ၂ မိနစ် ၃ မိနစ်လောက်ထည့်ပြီး အပူပေးပါ။ ပြီးရင်တော့ ပေါင်မုန့်ကို အလယ်က ခြမ်းပြီး ကြက်ရင်ပုံသား၊ အသီးအရွက်တွေနဲ့ တရုတ်နံနံထည့်၊ Mayonnaise ထည့်ပြီး နောက်ဆုံး ငရုပ်ကောင်းမှုန့် ထည့်ကာ သံပုရိုသီး အနည်းငယ် ညှစ်ထည့်လိုက်ရင် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ ဗီယက်နမ်စတိုင် အသားညှပ်ပေါင်မုန့် ရပါပြီ။
Ref: Allrecipes