ပိတ်ရက်မှာ မိသားစုတွေ အဆာပြေ စားကြမယ်ဆိုရင် အရသာရှိပြီး ပြင်ဆင်ရ လွယ်သလို ကိုရီးယားကားတွေမှာ မြင်တွေ့နေကျ ကိုရီးယားပန်ကိတ် (Pajeon) ကို အိမ်မှာပဲ အလွယ်တကူ ပြင်ဆင်လို့ ရပါတယ်။ ကလေး၊ လူကြီး နှစ်သက်ကြမယ့် အရသာရှိသလို ပျော်ပွဲစားထွက်တဲ့ အခါမျိုးမှာလည်း အလွယ်တကူ ပြင်ဆင်သွားလို့ ရပါတယ်။
ကိုရီးယား ပန်ကိတ် ပြုလုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ —
ကြက်သွန်မြိတ်
ကြက်ဥ
ပုစွန်
ဆီ
ဂျုံမှုန့်
ဆား
ရေ
ပဲငံပြာရည်
ဆန်ရှာလကာရည်
ငရုပ်ခြောက်မှုန့်
နှမ်းလှော်စေ့
သကြားတို့ လိုအပ်ပါတယ်။
ပထမဆုံး ပန်ကိတ်ကို တို့စားဖို့ အချဉ်ရည် အရင် လုပ်ပါမယ်။ ပဲငံပြာရည်၊ ငရုပ်ခြောက်မှုန့်၊ ဆန်ရှာလကာရည်၊ သကြားတို့ကို ပန်းကန်လုံး အသေးလေးထဲ ထည့် မွှေပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထည့်ပြီး နှမ်းဖြူးလိုက်ရင် ရပါပြီ။
ပန်းကန် တလုံးထဲကို ဂျုံမှုန့်၊ ဆားအနည်းငယ်၊ ရေထည့်ပြီး သမအောင် မွှေပါ။ မပြစ်မကျဲ အနေတော်ဆိုရပါပြီ။ ပုစွန်ကို သေချာသန့်စင် အခွံချွတ်ထားပါ။ ကြက်သွန်မြိတ်တွေကို နှစ်ပိုင်း ဖြတ်ပါ။ အားလုံးပြင်ဆင်ပြီးပြီဆိုရင် ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ကြက်သွန်မြိတ်နဲ့ ပုစွန်ကို ထည့်ပါ။
ကြက်သွန်မြိတ်နဲ့ ပုစွန်အပေါ်ကနေ မုန့်နှစ်ရည်ကို လောင်းထည့်ပါ။ ၃ မိနစ်လောက်ဆို တခြမ်း ကျက်သလောက်မှာ ကြက်ဥကို ခေါက်ပြီး အပေါ်ကနေ လောင်းထည့်ပါ။ နောက် တဖက်ကို လှန်ပါ။
မိနစ် အနည်း ငယ်လောက်ထပ်ကြော်လိုက်ရင် ရွှေအိုရောင်သမ်းပြီး အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကိုရီးယားပန်ကိတ် ရပါပြီ။ ပန်းကန်ပြားပေါ်တင်ပြီး အနေတော်စားလို့ရတဲ့ အပိုင်းလေးတွေ ဖြတ်ပြီး အချဉ်ရည်နဲ့ တို့စား ကြည့်လိုက်ပါ။
Ref: Just One Cook Book