ယနေ့ခေတ်မှာ ဘယ်ပစ္စည်းမဆို Organic ဖြစ်လေ၊ လူစိတ်ဝင်စားမှုပိုများလေ ဖြစ်လာကြပြီး သဘာဝ ထုတ်ကုန်ပစ္စည်းတွေအတွက် အကုန်အကျခံဖို့ လက်မနှေးကြတော့ဘူး။ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ Organic Product တွေကို ကမ္ဘာတဝှမ်းလုံးမှာ ပိုမိုစိတ်ဝင်စားလာကြပြီး ဒီလိုစိတ်ဝင်တစား ရွေးချယ် သုံးစွဲသင့်တဲ့ အကြောင်းရင်းတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဓာတုပိုးသတ်ဆေးနဲ့ မြေသြဇာတွေ အသုံးပြုပြီး စိုက်ပျိုးခြင်းဟာ ရေရှည်မှာ မြေဆီလွှာကို ညစ်ညမ်းပျက်စီးစေနိုင်ပါတယ်။ သဘာဝအတိုင်း စိုက်ပျိုးတဲ့ Organic Farming စနစ်ဟာဆိုရင် ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တာကြောင့် ရေရှည်အားဖြင့် ဘေးဥပါဒ် ကင်းစေပါတယ်။
(၂) သဘာဝပစ္စည်းတွေဟာ ကျန်းမာရေးအတွက် ပိုမို စိတ်ချရပါတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်မှု မရှိတာကြောင့် ကျန်းမာရေးအတွက် စိတ်ချရသလို Organic ပစ္စည်းတွေကို ရွေးချယ် ဝယ်ယူစားသုံးခြင်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေကြီးကို ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်စေပါတယ်။
(၃) Organic ပစ္စည်းတွေဟာ ဓာတုမြေသြဇာတွေနဲ့ စိုက်ပျိုးထားတဲ့ အသီးအနှံတွေထက် အာဟာရဓာတ်ပါဝင်မှု ပိုမိုများပြားတဲ့အပြင် အရသာအားဖြင့်လည်း ပိုမိုအရသာ ရှိပါတယ်။ ပုံပန်းသွင်ပြင်ကတော့ ဓာတုပိုးသတ်ဆေးတွေနဲ့ စိုက်ပျိုးထားသလို အလုံးအထည် မကြီးမားပေမယ့် အာဟာရဓာတ် မြင့်မားစွာ ပါဝင်တာကြောင့် ရွေးချယ် သုံးစွဲမှုများပြားလာတာပဲ ဖြစ်ပါတယ်။
(၄) Organic ပစ္စည်းအများစုဟာ စက်ရုံတွေကနေ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ မဟုတ်ဘဲ သဘာဝအတိုင်း နည်းစနစ်တကျ ထုတ်လုပ်ထားတာတွေ ဖြစ်တဲ့အတွက် အခုနောက်ပိုင်းမှာဆိုရင် စိတ်ဝင်စားမှု ပိုမိုများပြားလာကြတာပဲ ဖြစ်ပါတယ်။
(၅) ကမ္ဘာမြေကြီးပေါ်က အရာအားလုံးဟာ သမုဒ္ဒရာထဲမှာသာ အဆုံးသတ်ကြတာ ဖြစ်ပါတယ်။ မြေဆီလွှာထဲမှာ စိမ့်ဝင်နေတဲ့ ဓာတုပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေဟာ မြစ်ချောင်းအင်းအိုင်တွေကနေတဆင့် နောက်ဆုံးမှာ သမုဒ္ဒရာထဲမှာ ပျော်ဝင်သွားကြတာဖြစ်တာကြောင့် ရေနေသတ္တဝါတွေအတွက် ရေရှည်မှာ ဘေးအန္တရာယ်ကျရောက်စေမှာ ဖြစ်တဲ့အပြင် ရေထုကိုလည်း ထိခိုက်ပျက်စီးစေမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့လည်း ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံအများစုမှာ Organic ပစ္စည်းတွေကိုသာ အဓိကအသားပေး ထုတ်လုပ် အသုံံးပြုလာကြတာ ဖြစ်ပါတယ်။
Ref : www.naturespath.com