အချိန်ဆွဲခြင်းဆိုတဲ့ ကိစ္စဟာ လူတိုင်းနဲ့သိပ်မစိမ်းတဲ့ အရာတခုပါ။ ခဏတာအားဖြင့် သက်သောင့်သက်သာ ဖြစ်စေတာကြောင့် ဒီအလေ့အကျင့်ကို မကြာခဏဆိုသလိုလည်း ပြုလုပ်မိတတ်ကြပါတယ်။
အချိန်ဆွဲထားစဉ်ကာလမှာ သက်သောင့်သက်သာ အေးအေးဆေးဆေးနေနေရတယ်ဆိုပေမယ့် အချိန် အတိုင်းအတာတခု ရောက်ရင်တော့ သင့်ရဲ့မပြီးပြတ်သေးတဲ့ ကိစ္စတွေကို အလျင်စလို ပြုလုပ်ရခြင်းကြောင့် စိတ်ပင်ပန်းလူပင်ပန်း ဖြစ်လာစေနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုတွေအရ အချိန်ဆွဲခြင်းဟာ ရေရှည်မှာ ခန္ဓာကိုယ်ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ အခိုင်အမာ ပြောဆိုထားကြပါတယ်။ ဒါကြောင့်မို့လို အချိန်ဆွဲခြင်းရဲ့ နောက်ဆက်တွဲ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတယ်
အချိန်ဆွဲခြင်းဟာ လတ်တလောမှာ သက်သောင့်သက်သာဖြစ်စေပေမယ့် သင့်ဦးနှောက်အတွက်တော့ ကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။ မိမိပြုလုပ်ရမယ့် ကိစ္စတွေကို အချိန်ဆွဲထားခြင်းကြောင့် အလုပ်မပြီးနိုင်ခြင်းက ခန္ဓာကိုယ်ကို အနားရစေပေမယ့် ဦးနှောက်မှာတော့ အမြဲလိုလို လုပ်ရမယ့် ကိစ္စတွေကို သတိပေးနေတာကြောင့် စိတ်ဖိစီးမှုကို ဆိုးဆိုးရွားရွား ခံစားရလာနိုင်ပါတယ်။
(၂) သွေးပေါင်ချိန်ကို မြင့်တက်စေတယ်
လေ့လာသူတွေရဲ့ အဆိုအရ အချိန်ဆွဲပြုလုပ်တတ်သူတွေဟာ သူတို့အလုပ်ပြီးပြတ်ရမယ့်အချိန် အလုပ်တွေ မပြီးသေးတဲ့အခါ ပုံမှန်ထက်ပိုပြီး စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ များကာ သွေးပေါင်ချိန်မြင့်တက်လာလေ့ရှိတယ်လို့ ဆိုပါတယ်။
(၃) နှလုံးရောဂါ ဖြစ်ပေါ်လာစေနိုင်တယ်
အချိန်ဆွဲခြင်းနဲ့အမျှ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေဟာ နှလုံးရောဂါအထိ ဖြစ်လာစေနိုင်တယ်လို့ သုတေသန လေ့လာမှုတွေက အတိအလင်း ဖော်ပြထားပါတယ်။ စိတ်ဖိစီးမှုဒဏ်တွေ ဆိုးဆိုးရွားရွား ခံစားလာရတဲ့အခါ သွေးတိုးရောဂါအပါအဝင် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးပြဿနာတွေကိုပါ ခံစားရလာနိုင်ပါတယ်။
(၄) အိပ်မပျော်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်
နောက်ထပ်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာကတော့ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခြင်း ဖြစ်ပါတယ်။ ညဘက်နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ထိခိုက်စေတဲ့အပြင် ဦးနှောက်နဲ့အာရုံကြောစနစ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
Ref. www.curejoy.com