အီတလီနိုင်ငံ စပိုလီတိုမြို့မှာ ဧပြီ ၁ ရက်ကနေ ၈ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့အပျော်တမ်း စစ်တုရင် ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဝင်းထွန်းက ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် အပျော်တမ်း စစ်တုရင် ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်းထွန်းနဲ့ စည်သူတို့ ပထမဆုံး အကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဝင်းထွန်းအနေနဲ့ ပထမဆုံးပြိုင်ပွဲမှာပင် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
နှစ်စဉ်ကျင်းပတဲ့ ကမ္ဘာ့အပျော်တမ်း စစ်တုရင် ပြိုင်ပွဲကို ယခုနှစ်မှာ နိုင်ငံပေါင်း ၂၇ နိုင်ငံ မှ ကစားသမား ၆၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပွဲစဉ် ၉ ပွဲ ကစားရတဲ့ ပြိုင်ပွဲမှာ ဝင်းထွန်းအနေနဲ့ ၇ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်နဲ့ ရမှတ် ၇ ဒသမ ၅ ရရှိခဲ့တာ ဖြစ်ပါတယ်။
FIDE (World Chess Federation) အနေနဲ့ ပြိုင်ပွဲကို လက်ရည်အဆင့် U 2300 အောက်၊ U 2000 အောက်နဲ့ U 1700 အောက် စတဲ့ အတန်း ၃ တန်း ကျင်းပခဲ့တာ ဖြစ်ပြီး ဝင်းထွန်းအနေနဲ့ ယင်း ပြိုင်ပွဲရဲ့ အမြှင့်ဆုံး ဖြစ်တဲ့ U 2300 အောက် အဆင့်မှာ ဆုရခဲ့တာ ဖြစ်ပါတယ်။
အခြား ပြိုင်ပွဲဝင် တဦးဖြစ်တဲ့ စည်သူကလည်း U 2300 အောက် ပြိုင်ပွဲမှာပင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး သူ့အနေနဲ့ ၂ ပွဲနိုင်၊ သုံးပွဲ သရေ၊ ၄ ပွဲရှုံးရလဒ်နဲ့ ရမှတ် ၃ ဒသမ ၅ မှတ် ရရှိကာ တန်းစီဇယား အဆင့် ၅၀ မှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲပုံစံမှာ လက်ရည် အဆင့်အလိုက် စီကာ ခေါက်ချိုးတွဲ ပြိုင်စေတဲ့ ပုံစံ (ဥပမာ- ၁ နဲ့ ၃၃၊ ၂ နဲ့ ၃၄၊ ၃၂ နဲ့ ၆၄ စသဖြင့်) ဖြစ်ပြီး နောက် အဆင့်များမှာ အမှတ်တူချင်း ပြန်လည် ယှဉ်ပြိုင်သွားစေတဲ့ ပုံစံစနစ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အမှတ်ပေးပုံမှာလည်း အနိုင်ပွဲ ၁ မှတ်၊ သရေပွဲ အမှတ် တဝက်၊ ရှုံးပွဲ သုည သတ်မှတ်ထားပြီး၊ ပွဲစဉ် ၉ ပွဲ ကစားပြီးချိန် အမှတ်အများဆုံး ရယူကို ချန်ပီယံဖြစ် ရွေးချယ်တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ကမ္ဘာ့အပျော်တမ်း စစ်တုရင်ပြိုင်ပွဲကို အီတလီနိုင်ငံ ကက်ကလီယာရီမြို့မှာ ကျင်းပမှာဖြစ်ပြီး ချန်ပီယံဆုရရှိထားတဲ့ ကိုဝင်းထွန်းအတွက် နောက်နှစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ကြေးနဲ့ နေစရိတ် စားစရိတ် အားလုံးကို ပြိုင်ပွဲ ကျင်းပရေး အဖွဲ့က ကျခံပေးမှာ ဖြစ်တယ် လို့ သိရပါတယ်။
ဝင်းထွန်းဟာ ၂၀၁၂ ခုနှစ်မှာ မြန်မာပြည် စစ်တုရင် တံခွန်စိုက် ပြိုင်ပွဲမှာ ချိန်ပီယံဆု ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဆီးဂိမ်း အာဆီယံစစ်တုရင် အသင်းလိုက် ပြိုင်ပွဲမှာ လည်း ကြေးတံဆိပ် ရရှိခဲ့ပါတယ်။
ချန်ပီယံ ဝင်းထွန်းရဲ့ ဇနီး မမေဆက်လွင်ကလည်း မြန်မာပြည် စစ်တုရင် အမျိုးသမီး လက်ရွေးစင်တဦး ဖြစ်သလို ၎င်း၏ အမွှာအစ်မ မမေဆုလွင် ကလည်း စစ်တုရင် အမျိုးသမီးလက်ရွေးစင် ဖြစ်ပါတယ်။
၎င်းတို့ညီအမ နှစ်ဦးလုံးမှာ မြန်မာပြည်စစ်တုရင် အမျိုးသမီးတံခွန်းစိုက်ပြိုင်ပွဲ ချန်ပီယံဆုရရှိဖူး သူများ ဖြစ်ကြပြီး ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ဆုရယူနိုင်ခဲ့သူများ ဖြစ်ကြပါတယ်။
နောက်နှစ် ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်ရန် မသေချားသေး သော်လည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းသွားမယ် လို့ အပျော်တမ်း စစ်တုရင် ချန်ပီယံ ဝင်းထွန်းက ပြောပါတယ်။
ဝင်းထွန်းဟာ ဇနီးဖြစ်သူ မမေဆက်လွင်၊ သမီးငယ်တဦးနဲ့ အတူ လည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာမှာ နေထိုင်လျက် ရှိပါတယ်။ ။