Travel

ကမ္ဘာ့အမြန်ဆုံး ရထားများ

Want create site? Find Free WordPress Themes and plugins.

အခု ပြောမှာကတော့ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ရထားတွေထဲက အမြန်ဆုံး ရထားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တချို့ကလည်း ကျည်ဆံရထားလို့ ခေါ်တဲ့ အမြန်ဆုံးရထားတွေ အကြောင်း ဗဟုသုတ အဖြစ် တင်ပြလိုက်တာပါ။

(၁) Shanghai Maglev ။ ။ နောက်ဆုံးထုတ်လည်း မဟုတ်ဘူး၊ အလှဆုံး မော်ဒယ်လည်း မဟုတ်ဘူး၊ ဒါပေမယ့် သူက ကမ္ဘာပေါ်မှာ စီးနင်းခ အများဆုံး ရထား၊ပြီးတော့ အမြန်ဆုံး၊ တနာရီ ၂၆၇ မိုင်နှုန်း မောင်းနှင်နိုင်တယ်။ ရှန်ဟိုင်းနိုင်ငံတကာ လေဆိပ်ကနေ လောင်ရန်းကို ခရီးစဉ် ၁၉ မိုင်စာပဲ ပြေးဆွဲနေတဲ့ ရထားပါ။ ဒီခရီးတိုလေးကို စီးနင်းခ ၈ ဒေါ်လာ ကျပါတယ်။ ရထားက အခု ခရီးစဉ်ကို အစ-အဆုံး အချိန် ၇ မိနစ်ပဲ ကြာပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက သုံးနေတဲ့ ရထားလည်း ဖြစ်ပါတယ်။

(၂) Harmony CRH380A ။ ။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာပဲ သုံးနေတဲ့ နောက်ထပ် ရထားတစီးပါ။ ရှန်ဟိုင်းနဲ့ နန်ကျင်းကို ပြေးဆွဲနေတာပါ။ ၂၀၁၀ ခုနှစ် ကတည်းက သုံးနေတဲ့ ရထားပါ။ ခရီးသည်တင် သီးသန့် မဟုတ်တဲ့ ရထားတွေထဲမှာ အမြန်ဆုံးပါ။ အခု နောက်ပိုင်း ရှန်ဟိုင်းကနေ ဟန်ဇူးနဲ့ ဝူဟန်နယ်တွေကိုပါ ပြေးဆွဲဖို့ သုံးတာ တွေ့ရပါတယ်။ တနာရီ အမြန်ဆုံး ၂၃၆ မိုင်ထိ မောင်းနှင်နိုင်ပါတယ်။

(၃) Trenitalia Frecciarossa 1000 ။ ။ အီတလီမှာ အနီရောင်မြှားလို့ သူ့ကို တင်စားခေါ်ပါတယ်။ ဥရောပမှာ အမြန်ဆုံး ရထားပါ။ ခရီးသည်တင် မော်ဒယ်ပဲ ဖြစ်ပြီး မီလန်မြို့ကနေ ဖလောရင့်စ်နဲ့ ရောမမြို့တွေကို ပြေးဆွဲဖို့ သုံးတာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းက Expo 2015 မှာ ထည့်သွင်း မိတ်ဆက်ခဲ့တာ တွေ့ရပြီး ဖန်တီးမှု အထူး အားကောင်းတဲ့ မော်ဒယ်ပါ။ တနာရီ မိုင် ၂၂၀ နှုန်းထိ မောင်းနိုင်ပါတယ်။

(၄) Renfe AVE ။ ။ အရင်က ဥရောပ အမြန်ဆုံး မော်ဒယ် ဖြစ်ပေမယ့် Trenitalia ပေါ်လာလို့ အခုတော့ စပိန်မှာ အမြန်ဆုံး ရထား အဖြစ် ရှိနေပါတယ်။ Siemens ရဲ့ ထုတ်လုပ်မှုပါ။ စပိန်မြို့ကြီးတွေ အတွက် ခရီးဝေး သွားလာ မောင်းနှင်မှု အတွက် သုံးပါတယ်။ သူက တနာရီ ၂၁၇ မိုင်နှုန်း အမြန်ဆုံး မောင်းနှင်နိုင်ပြီး ဘာစီလိုနာကနေ ပြင်သစ်နိုင်ငံ ပါရီကို ၆ နာရီနဲ့ ရောက်အောင် မောင်းနှင်နိုင်မှာပါ။

(၅) DeutscheBahn ICE ။ ။ ခရီးသည်တင် ယာဉ်တွေလိုပဲ အဖြူနဲ့ ငွေရောင် ပုံစံ ရောစပ် ဖန်တီးထားမှုက သိသာပေါ်လွင် နေပါတယ်။ ပြီးတော့ ထင်ရှားပေါ်လွင်တဲ့ အနီရောင် လိုင်းစင်းလည်း ပါနေသေးတယ်။ ဂျာမနီမှာ အမြန်ဆုံး ရထားပါ။ Siemens ရဲ့ လက်ရာတခုပါပဲ။ တနာရီ ၂၀၅ မိုင် မောင်းနှင်နိုင်ပြီး အခုတော့ ဂျာမနီမှာပဲ သုံးနေပေမယ့် နောက်တော့ ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်ကနေ အင်္ဂလန်နိုင်ငံ လန်ဒန်ကို ပြေးဆွဲဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။

(၆) Eurostar e320 and TGV ။ ။ Eutostar က အရင်ထွက်ရှိထားတဲ့ မော်ဒယ်ပါ။ TGV ကလည်း ခရီးသည်တင် မော်ဒယ်ကောင်း တခုပါ။ မော်ဒယ်နှစ်ခုလုံး စွမ်းဆောင်ရည် တူနေပြီး တနာရီ မိုင် ၂၀၀ နှုန်း အမြန်ဆုံး မောင်းနှင်နိုင် ပါတယ်။ လက်ရှိမှာ Eurostar က ဘယ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်ကနေ ပြင်သစ်နိုင်ငံ ပါရီ၊ ပြီးတော့ အင်္ဂလန်နိုင်ငံ လန်ဒန်ကို တဆက်တည်း ပြေးဆွဲနေပြီး အချိန် ၂ နာရီပဲ ယူတာ တွေ့ရပါတယ်။ TVG ကိုလည်း ပြင်သစ်မှာ ခရီးသည် ပို့ဆောင်ရေး အဖြစ် သုံးတာ တွေ့ရပါတယ်။ Eurostar ရဲ့ လက်မှတ်ခ အနေနဲ့ ဒေါ်လာ ၇၀ လောက် ကျပါတယ်။

(၇) Hayabusa Shinkansen E5 ။ ။ လက်ရှိ ဂျပန်မှာ အမြန်ဆုံး ကျည်ဆံရထား ဖြစ်ပါတယ်။ တိုကျိုကနေ ဂျပန်နိုင်ငံ မြောက်ပိုင်း အစွန်းက ကျွန်းကြီး တခု ဖြစ်တဲ့ ရှင်အိုမီရိုကို ပြေးဆွဲမှု အတွက် သုံးနေပါတယ်။ နောက်ပိုင်း ရှင်အိုမီရိုကနေ ခရီးစဉ် ထပ်ဆန့်ပြီး ဟာကိုဒိတ်၊ ဟိုကူတိုနဲ့ ဟိုကိုင်းဒိုတွေကိုပါ တိုးချဲ့ ပြေးဆွဲနေတယ် လို့ သိရပေမယ့် လမ်း အနေအထား အရ တနာရီ မိုင် ၁၆၀ နှုန်းပဲ မောင်းတယ် လို့ သိရပြီး တကယ် ဆိုရင်တော့ မော်ဒယ်က မိုင် ၂၀၀ နှုန်းထိ မောင်းနှင်နိုင်ပါတယ်။

(၈) Thalys ။ ။ အမ်စထရာဒမ်-ဘရပ်ဆဲလ်-ပဲရစ်-ကိုလုံး ခရီးစဉ်တွေကို နေ့စဉ် ပြေးဆွဲနေတဲ့ ရထားပါ။ ဒီခရီးစဉ်က ဥရောပမှာ အပန်းဖြေခရီး အတွက်ရော စီးပွားရေး လမ်းကြောင်း အရပါ အရေးပါလှတဲ့ လမ်းတခုပါ။ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ဂျာမနီက ကိုလုံးတင် မဟုတ်တော့ပဲ ဒေ့ါမွန်မြို့ အထိ ခရီးစဉ် တိုးချဲ့ ပြေးဆွဲနေတယ် လို့ ဆိုပါတယ်။ မော်ဒယ်က တနာရီ ၁၈၆ မိုင်ထိ မောင်းနှင်နိုင်ပါတယ်။

(၉) Hokuriku Shinkansen E7 ။ ။ မော်ဒယ်က ၂၀၁၅ ခုနှစ် အတွင်းက စတင် ပြေးဆွဲချိန်မှာ လက်မှတ်တွေက ၂၅ စက္ကန့် အတွင်း ရောင်းကုန်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကလည်း တိုကျိုကနေ တိုရာမာ(ခါနာဇာဝါနယ်) အထိ အနည်းဆုံး သွားလာရချိန် ၄ နာရီ ပေးရမယ့် ခရီးကို ရထားနဲ့ ဆိုရင် ၂ နာရီလောက်ပဲ ကြာမှာ ဖြစ်လို့ပါ။ ခါနာဇာဝါနယ် ဆိုတာကလည်း ဒုတိယ ကမ္ဘာစစ်ဘေးဒဏ် လွတ်ခဲ့လို့ သမိုင်းဝင် နေရာတွေ၊ ဆာမူရိုင်း ဓလေ့တွေ လေ့လာနိုင်သေးတဲ့ နေရာမို့ လူသွားများတာလည်း ပါပါတယ်။ မော်ဒယ်က တနာရီ ၁၆၁ မိုင် မောင်းနှင်နိုင်ပါတယ်။

(၁၀) Amtrak Acela Express ။ ။ လက်ရှိ အမေရိကန်မှာတော့ အမြန်ဆုံး အဖြစ် အသုံးပြုနေတဲ့ မော်ဒယ်ပါ။ ၂၀၀၀ ခုနှစ်ကတည်းက သုံးနေခဲ့တာ ဖြစ်ပြီး သိသာတဲ့ ပြင်ဆင်မှု အလုပ်ရသေးပါဘူး။ အခု နောက်ပိုင်း Wi-Fi ရအောင် ထပ်ဖြည့် ထားတာပဲ ရှိတယ် လို့ ဆိုပါတယ်။ မြန်နှုန်းမြင့် မောင်းနှင်ပြေးဆွဲမှုတော့ မရှိဘူးလို့ သိရပြီး အမေရိကန်မြောက်ပိုင်း ဘော်စတွန်-နယူးယောက်-ဖီလာဒယ်ဖီရား-ဘယ်တီမောနဲ့ ဝါရှင်တန်တွေကို ဖြတ်ပြီး ပြေးဆွဲနေတယ် လို့ သိရပါတယ်။ တနာရီ မိုင် ၁၅၀ နှုန်း အမြန်ဆုံး မောင်းနှင်နိုင်ပါတယ်။ အခုတော့ အဆိုပါ ခရီးစဉ်ကို အချိန် ၇ နာရီ ပေးရတယ် လို့ သိရပါတယ်။ ၂၀၂၀ မှာတော့ အမြန်လမ်း စီမံကိန်း ဖော်အောင်တော့မှာ ဖြစ်ပြီး ဆန်ဖရန်စစ္စကိုကနေ လော့စ်အိန်းဂျလိစ် ကို တနာရီ မိုင် ၂၂၀ နှုန်းနဲ့ မောင်းနှင်နိုင်ဖို့ ပြင်ဆင်နေပြီး အချိန် ၂ နာရီ မိနစ် ၄၀ နဲ့ ရောက်နိုင်မယ် လို့ ဆိုပါတယ်။

Ref: www.cntraveler.com

Did you find apk for android? You can find new Free Android Games and apps.
Loading