ကာစီနိုရုံတွေ ဖွင့်ပြီး နိုင်ငံဝင်ငွေ တိုးနေတဲ့ နိုင်ငံတွေ ရှိပါတယ်။ ကာစီနိုရုံတွေကို တရားဝင် လောင်းကစားအဖြစ် သတ်မှတ်ထားပြီး ကာစီနိုရုံတွေကိုလည်း ကြီးကြီးကျယ်ကျယ် တည်ဆောက်ထားတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဒီတခါမှာတော့ ကမ္ဘာတဝန်းက အခမ်းနားဆုံး ကာစီနိုရုံတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ကာစီနိုရုံတွေကို တည်ဆောက်ပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်ဖို့အတွက် လောင်းကစားဥပဒေကို ယခုနှစ်၊ ၂၀၁၈ ခုနှစ် အတွင်းမှာ ပြောင်းလဲ ပြဌာန်းတော့မယ်လို့ သိရပါတယ်။ ကမ္ဘာတဝှမ်းမှာရှိတဲ့ ကာစီနိုရုံတွေမှာ အကြီးကျယ် အခမ်းနားဆုံးဖြစ်တဲ့ ကာစီနိုရုံတွေအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) Venetian (မကာအို)
တရုတ်နိုင်ငံ မကာအိုမှာ တည်ရှိတဲ့ Venetian Macao ကာစီနိုရုံဟာ ကမ္ဘာ့အကြီးဆုံးနဲ့ အခမ်းနားဆုံး ကာစီနိုရုံ တခု ဖြစ်ပါတယ်။ ဒီကာစီနိုရုံဟာ ၅၄၆,၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။ ဒီကာစီနိုမှာ ဂိမ်းစက်ပေါင်း ၃၀၀၀ကျော်ရှိပြီး ဖဲချပ်ပါတဲ့ ဂိမ်းကစားစရာစားပွဲပေါင်း ၈၇၀ ရှိပါတယ်။
ဒီလို လောင်းကစားရုံအပြင် ဈေးဝယ်ရတာကို နှစ်သက်တဲ့ သူတွေအတွက် Shopping Center ၃ ခု ပါရှိပြီး လာရောက် လည်ပတ်ဆော့ကစားသူတွေ အတွက် အပန်းဖြေစရာ ရေကူးကန် ၄ ခုလည်း ရှိပါတယ်။ ဒီရေကူးကန်တွေထဲမှာ ဗင်းဆင့်မြို့ မှာရှိတဲ့ တူးမြောင်းတွေမှာ စီးသလို ဂွန်ဒိုလာလို့ ခေါ်တဲ့ လှေငယ်တွေကိုလည်း စီးနိုင်ပါသေးတယ်။ ညစာ စားခန်းမတွေအပြင် အသင့်စား စားစရာတွေကိုလည်း ရောင်းချပြီး ဟိုတယ်အခန်းပေါင်း ၃၀၀၀ ကျော်လည်း ပါရှိပါတယ်။
(၂) City Of Dream (မကာအို)
ဒီ ကာစီနိုဟာလည်း တရုတ်နိုင်ငံ မကာအိုမှာပဲတည်ရှိတာပါ။ City Of Dream ကာစီနိုရုံဟာ ၄၂၀,၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ဂိမ်းစက် ၁၄၀၀ ကျော်နဲ့ ပိုကာဂိမ်းစားပွဲ ၅၂၀ကျော် ရှိပါတယ်။ ဒီကာစီနိုရုံ ဟိုတယ်မှာ အခန်းပေါင်း ၁၄၀၀ ကျော်ရှိတဲ့အပြင် ညစာစားတဲ့ ခန်းမမှာလည်း “City Of Dream” ဆိုတဲ့ ပြဇာတ်ကို အလကား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီကာစီနိုရုံ အတွင်းမှာတော့ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေက စတူရီယို တေးဂီတတွေကို ဖွင့်ပြီး ကတဲ့ ခန်းမတွေလည်း ပါရှိပါတယ်။
(၃) Foxwoods ( USA)
ဒီ ကာစီနိုကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ကာစီနိုအပန်းဖြေစခန်း ဖြစ်ပါတယ်။ “Foxwoods” ကာစီနိုဟာ ၃၄၀,၀၀၀ စတုရန်းပေကျယ်ဝန်းပြီး အကြွေစေ့ဂိမ်းစက် ၇၀၀၀ကျော်၊ ပိုကာဂိမ်းစားပွဲ ၄၀၀ ကျော်ပါရှိပါတယ်။ ဒီ ကာစီနိုရုံမှာ ဟိုတယ်ခန်းပေါင်း ၈၀၀ ကျော်လည်းကပါရှိပြီး တနေကုန် ကာစီနိုကစားပြီး ညောင်းညာသူတွေအတွက် Spa တွေ လည်းရှိပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ အတွက်ပါ ဂိမ်းရုံတွေ ရှိတာကြောင့် မိသားစု အပျော်ခရီးထွက်ဖို့လည်း အဆင်ပြေတဲ့ ကာစီနိုတခုဖြစ်ပါတယ်။
(၄) Ponte16 (မကာအို)
ဒီ ကာစီနိုကိုတော့ ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ UNESCO က ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒီခမ်းနားတဲ့ ကာစီနိုဟာ ၂၇၀,၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။ ဒီကာစီနိုရုံမှာ အကြွေစေ့ဂိမ်းစက် ၃၂၀ ကျော်၊ပိုကာဂိမ်းစားပွဲ ၁၅၀ ကျော်နဲ့ ဟိုတယ်ခန်းပေါင်း ၄၀၀ကျော်ပါရှိပါတယ်။
မကာအိုမြို့တမြို့လုံးကို မြင်ရတဲ့ ညစာစားပွဲမှာ ညစာစားရင်း အနားယူဖို့ ဘား ၃ခု ပါရှိပါသေးတယ်။ ဒီကာစီနိုရဲ့ ဗိသုကာလက်ရာတွေဟာ ပေါ်တူဂီတွေ မကာအိုကို သိမ်းပိုက်ခဲ့စဉ်က လက်ရာတွေ ဖြစ်ပါတယ်။
(၅) Lisbosa (ပေါ်တူဂီ)
ပေါ်တူဂီနိုင်ငံမှာ ရှိတဲ့ “Lisbosa” ကာစီနိုကတော့ ၁၆၅,၀၀၀ စတုရန်းပေ ကျယ်ဝန်းပါတယ်။ ဒီ ကာစီနိုကို နိုင်ငံခြားသား ဆွဲဆောင်ရာတခု အဖြစ် သတ်မှတ် တည်ဆောက်ထားတာဖြစ်ပြီး ပေါ်တူဂီနိုင်ငံသားတွေလည်း ဝင်ရောက် ကစားခွင့်ရှိတယ်လို့ သိရပါတယ်။
ဒီရုံမှာတော့ ဂိမ်းစက်ပေါင်း ၁၀၀၀ကျော်၊ ပိုကာစားပွဲ ၂၆ ခုနဲ့ ညစာစားခန်းမတွေ ဘားတွေအပြင် ဟိုတယ် အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်ပါတယ်။ဒီ ကာစီနိုရုံကို ဥရောပက အကြီးဆုံး ဟိုတယ် အဖြစ်လည်း သတ်မှတ်ထားပါသေးတယ်။
Ref; Worldatlas.com