Trend

နိုင်ငံတကာက အောင်မြင်ကျော်ကြားသူတွေရဲ့ ဈာပနအခမ်းအနားတွေမှာ ဘယ်လိုပြုမူကြလဲ

လူရယ်လို့ဖြစ်လာကြရင်တော့ သေခြင်းတရားဆီက ရှောင်လွှဲလို့မရနိုင်သလို လူ့ဘဝရဲ့နောက်ဆုံးခရီးဖြစ်တဲ့ ဈာပနအခမ်းအနားဟာလည်း သေသူအတွက်ရော ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက်ပါ အရေးကြီးတဲ့ အခမ်းအနားတခုပဲ ဖြစ်ပါတယ်။

နိုင်ငံတကာမှာတော့ ဈာပနအခမ်းအနားတက်ရောက်တာနဲ့ပက်သတ်ပြီး လိုက်နာရမယ့် လောကဝတ်စည်းမျဉ်းတွေရယ်လို့ သတ်မှတ်ထားကြတာမျိုးတွေရှိပြီး အဲဒါတွေကတော့ ဈာပနအခမ်းအနားအချိန်ကို တိတိကျကျတက်ရောက်တာ၊ အင်္ကျ ီ အဝတ်အစားအရောင်ကို တောက်တောက်ပြောင်ပြောင်တွေမဝတ်တာ ၊ ဖုန်းအသုံးပြုခြင်းမရှိတာစတဲ့ ယေဘူယျစည်းမျဉ်း တွေပဲဖြစ်ပါတယ်။

နိုင်ငံတကာက အောင်မြင်ကျော်ကြားသူတွေရဲ့ ဈာပနအခမ်းအနားတွေမှာဆိုရင်တော့ ပရိသတ်တွေ၊ မီဒီယာတွေနဲ့ အသုဘလိုက်လံပို့ဆောင်သူတွေဟာ ကျန်ရစ်သူမိသားစုက နောက်ဆုံးအနေနဲ့ အေးအေးငြိမ်းငြိမ်း နှုတ်ဆက်ခွင့် ရကြအောင် ကူညီတဲ့အနေနဲ့ အသိစိတ်ရှိရှိ စည်းကမ်းရှိလေ့ရှိကြတာပဲ ဖြစ်ပါတယ်။

Westminster Abbey မှာကျင်းပခဲ့တဲ့ နာမည်ကျော်မင်းသမီး ဒိုင်ယာနာရဲ့ ဈာပနအခမ်းအနားကိုတော့ သူမရဲ့ ပရိသတ်တွေနဲ့ ချစ်ခင်သူပေါင်း နှစ်ထောင်ခန့်ဟာ တက်ရောက်ခဲ့ကြပြီး သတင်းရယူတဲ့ မီဒီယာတွေဟာဆိုရင်လည်း သတ်မှတ်ထားတဲ့ နေရာမှာသာ အေးအေးဆေးဆေး သတင်းရယူခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဈာပနအခမ်းအနားပြုလုပ်နေစဉ်မှာ အင်္ဂလန်နိုင်ငံတွင်း ရုပ်သံမီဒီယာတွေကတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့သူ ၃၂.၁၀ သန်းသော ပရိသတ်တွေဟာလည်း ငြိမ်သက်စွာနဲ့ သူတို့ရဲ့ဝမ်းနည်းမှုကို ပြသခဲ့ကြတာပဲ ဖြစ်ပါတယ်။

ပေါ့ပ်ဂီတကြယ်ပွင့်တဦးဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ဈာပနအခမ်းအနားဟာဆိုရင်လည်း ၁၀ ပတ်ကြာ ပြုလုပ် ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၀ ပတ်ကြာ ကျင်းပခဲ့တဲ့ ဈာပနအခမ်းအနားမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ ပရိသတ်တွေဟာလည်း အုတ်အော်သောင်းနင်း ဆူပူမှုတွေ မရှိခဲ့တဲ့အပြင် သူတို့ရဲ့စည်းကမ်းရှိမှုကြောင့်ရော စာနာစိတ်အပြည့်နဲ့ သတင်းရယူခဲ့တဲ့ မီဒီယာတွေကြောင့်ပါ မိသားစုဝင်တွေကို ကူညီရာရောက်ခဲ့ပါတယ်။

လူအများစုဟာ အနုပညာရှင်ပဲဖြစ်ဖြစ် သာမန်လူပဲဖြစ်ဖြစ် အသက်ရှင်စဉ်ကာလထက် သေဆုံးပြီးချိန်ကျမှ ပိုမိုနှမြောတသ ပူဆွေးတတ်ကြပြီး အခုလို ဆိုရှယ်မီဒီယာတွေ တိုးတက်လာချိန်မှာတော့ မီဒီယာတွေမှမဟုတ်ဘဲ ဆိုရှယ်မီဒီယာ အသုံးပြုသူအများစုဟာ သေဆုံးသူအတွက် စိတ်မကောင်းဖြစ်တာမျိုးထက် သူ့ထက်ငါ သတင်းဦးသတင်းဖျား တင်ချင်သူတွေကသာ ပိုမိုများပြားလာကြတာ ဖြစ်ပါတယ်။

ဈာပနအခမ်းအနားတွေဟာ လူသားတိုင်းရဲ့ နောက်ဆုံးခရီးဖြစ်တာကြောင့် မိသားစုဝင်တွေရဲ့ ပူပင်သောကအတွက် ကိုယ်ချင်းစာစိတ်ထားရှိပြီး စောင့်စည်းရမယ့် လောကဝတ်စည်းကမ်းတွေကို မမေ့လျော့ကြစေဖို့ အကြံပြုရင်း ရေးသားဖော်ပြလိုက်ရပါတယ်။

Ref: hurdfamilyfunerals.com

Loading