လူတိုင်းဟာ ချမ်းသာဖို့ ကိုယ်ပိုင်နည်းလမ်းတွေကို သုံးလေ့ ရှိပါတယ်။ သတိပြုစရာ တခုရှိတာက ချမ်းသာပြီးသား လူတွေမှာ တူညီတဲ့ အချက်တွေ ရှိနေတာပါပဲ။ ငွေကို အချောင်ရတဲ့ လူတွေနဲ့ မကြာခဏ အမှားတွေကို ပြုလုပ်တတ်သူတွေကတော့ ရေရှည် ချမ်းသာလေ့ မရှိပါဘူး။
ဒါကြောင့် သင့်လက်ကျန် သက်တမ်းတလျှောက် ချမ်းသာချင်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
(၁) လူတောတိုးရမှာ ကြောက်ခြင်း
ချမ်းသာတဲ့ လူတွေဟာ မိတ်ဆွေအသစ်ဖွဲ့ရတာကို ခုံမင်ကြပါတယ်။ လူငယ်တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ လူတောတိုးရမှာ ကြောက်တဲ့ စိတ်ဟာ ချမ်းသာတဲ့ လူတွေမှာ မဖြစ်ဘူးလို့ သိရပါတယ်။ သူတို့ဟာ အားလပ်ရက်မှာ ခင်မင်တဲ့ လူတွေကိုတောင် စိတ်ဝင်တစား ခင်မင်လေ့ရှိကြပြီး ဒီလို ခင်မင်တတ်တဲ့ အကျင့်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို တိုးတက်လာတယ်လို့ သိရပါတယ်။
(၂) ကံကို ယုံခြင်း
ကံကို ယုံတဲ့ စကားပုံတွေကတော့ မြန်မာနိုင်ငံမှာ အများကြီးပါပဲ။ ဒါပေမဲ့ ကံကို ထိုင်ယုံနေရုံနဲ့ သင့်ဘဝ တိုးတက်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ ကံဆိုတာ အလုပ်ကို ခေါ်တာပါ။ သင်အလုပ် ကောင်းကောင်းလုပ်ရင် ကံကောင်းလာမှာ သေချာပါတယ်လို့ အခြေခံလူတန်းစား ဘဝကနေ ချမ်းသာလာခဲ့တဲ့ လူအများစုက ပြောကြပါတယ်။
အရေးကြီးတဲ့ အချက်ကတော့ တချို့လူတွေဟာ ထီထိုးရင်း ပိုက်ဆံ ကုန်နေကြပြီး တကယ့် အားစိုက်ထုတ်ရမယ့် ဘဝအောင်မြင်ရေး အတတ်ပညာ သင်ကြားမှုမှာ အားနည်းနေကြတာပါပဲ။
(၃) သင့်အလုပ်ကို မုန်းခြင်း
ကိုယ်လုပ်နေတဲ့ အလုပ်ကို မုန်းတဲ့ သူဟာ အောင်မြင့်လေ့ မရှိပါဘူး။ တခါတလေမှာ သင်လုပ်ရတဲ့ အလုပ်က သူများထက် နိမ့်ကျနေနိုင်ပါတယ်။ ဒါပေမဲ့ သင့်မှာ ရွေးချယ်စရာ မရှိသရွေ့ ဒီအလုပ်ကို လုပ်နေရမယ်ဆိုရင်တော့ အလုပ်အပေါ်ထားတဲ့ သင့်စိတ်ကို ပြောင်းပစ်လိုက်ပါ။
မလုပ်မဖြစ်လို့ သင်လုပ်နေရတဲ့ အလုပ်ဖြစ်စေဦးတော့ အလုပ်ကို မုန်းတဲ့ စိတ်နဲ့ လုပ်နေတာထက် စေတနာထားပြီး လုပ်လိုက်ရင် သင့်စေတနာရဲ့ အကျိုးကို သင်ပြန်ခံစားရမှာပါ။
(၄) စွန့်စားရမှာ ကြောက်ခြင်း
ငွေကြေးအဆင်မပြေတဲ့ လူ ၆ ရာခိုင်နှုန်းကသာ စွန့်စားရဲကြတယ်လို့ သုသေသနတွေ အရ သိရပါတယ်။ ဒါပေမဲ့ သင့်ဘဝအတွက် အရေးကြီးတာက သင့်စိတ်ကူး အိပ်မက်တွေကို အကောင်အထည် ဖော်ကြည့်ဖို့ပဲ။ ချမ်းသာလာတဲ့ လူတွေက ကျရှုံးသွားလည်း စိတ်ဓာတ်ထိုင်ကျ မနေတတ်ပါဘူး။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ရှေ့ကို ဆက်ဖို့ကသာ အဓိကပါ။
(၅) ပိုက်ဆံ အသုံးများခြင်း
လူငယ်တွေ မချမ်းသာရခြင်းရဲ့ အကြောင်းအရင်းက ဝင်ငွေထက် ထွက်ငွေက ပိုများနေလို့ပဲ ဖြစ်ပါတယ်။ သင့်အသိမိတ်ဆွေတွေထဲမှာ ဖုန်းအကောင်းစား ကိုင်ပြီး ကားအကောင်းစား စီးနေတဲ့သူတွေရှိတာနဲ့ပဲ သင်မတတ်နိုင်တဲ့ အရာကို လိုက်ဝယ်ပြစရာ မလိုပါဘူး။
အရေးကြီးတာက သင့် လက်ရှိဘဝကို အမှန်အတိုင်း လက်ခံပြီး သင့်ဝင်ငွေနဲ့ သင်စုမိဆောင်းမိအောင် ပြုလုပ်ဖို့ကသာ တကယ် အရေးကြီးတာ ဖြစ်ပါတယ်။
Ref ; RD.com