အမျိုးသမီး ပါတီအနေဖြင့် ပါတီတည်ထောင်ခွင့် ပထမဆုံး ရရှိသည့် အမျိုးသမီးပါတီ (မွန်) က လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ တနသာၤရီတိုင်းနှင့် မွန်ပြည်နယ်တို့၌ အဓိက ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ် အမည်စာရင်းများ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။
“လက်ရှိက မွန်အမျိုးသမီး ပုံစံနဲ့ပဲ လုပ်သွားမယ်။ ကျမတို့က မွန်ပြည်နယ်မှာ အခြေစိုက်ပြီး တိုင်းရင်းသား အားလုံးကို ကိုယ်စားပြု လုပ်မယ်ဆို အဆင်မပြေနိုင်ဘူး။ အရင်က ကျမတို့ စီစဉ်ထားတာက တိုင်းရင်းသားတွေက ကိုယ့်နေရာမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝင်ပြိုင်တာမျိုးနဲ့ နေရာစုံမှာ ယှဉ်ပြိုင်ဖို့ လုပ်ထားတာပေါ့။ အဆင်မပြေနိုင်တော့ဘူးဆိုတော့ အဲဒီနေရာ သုံးခုမှာပဲ အဓိက ယှဉ်ပြိုင်မယ်။ အခုတော့ ဖွဲ့စည်းပုံ အားလုံးကို ပြောင်းလိုက်ရတော့ တော်တော်လေး ခက်ခက်ခဲခဲ ဖြစ်သွားတယ်။ အခုဆို တော်တော်လေးကို အဘက်ဘက်မှာ ညှိညှိနှိုင်းနှိုင်း သွားနေရပါတယ်” ဟု ပါတီ ဥက္ကဋ္ဌ မိလယိုင်မွန်က ပြောသည်။
ပါတီအနေဖြင့် မြန်မာတနိုင်ငံလုံးရှိ အမျိုးသမီးများ၏ အခွင့်အရေး ရရှိရန် ရည်ရွယ်ချက်ဖြင့် တနိုင်ငံလုံးရှိ ပြည်နယ် ပေါင်းစုံတွင် အမျိုးသမီး ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စီစဉ်ထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်တလောတွင် မွန်ပြည်နယ်ကိုသာ ကိုယ်စားပြု ယှဉ်ပြိုင်စေချင်သည့် အတွက် နိုင်ငံအနှံ့တွင် ယှဉ်ပြိုင်ရန် ခက်ခဲမှုများ ရှိနေကြောင်း ပါတီ ဥက္ကဋ္ဌက ဆိုသည်။
“အမျိုးသမီးပါတီပဲဆိုရင် မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုနေသလို ဖြစ်လို့ ခွင့်ပြုလို့ မရဘူးလို့ ကော်မရှင်က ပြောတယ်။ ဒါနဲ့ ပါတီနာမည် ပြောင်းခိုင်းတယ်။ အဲဒီလိုမှ မဟုတ်ရင် လုံးဝ လုပ်ခွင့် မရှိဘူးဆိုတော့ နှစ်ဘက်ကြား ညှိနှိုင်းရတယ်။ ကျမတို့တော့ နာမည်မပြောင်းနိုင်ဘူး၊ ဒီနာမည်နဲ့ပဲသွားမယ်၊ လုပ်ကိုင်ခွင့်ကတော့ ခွင့်ပြုတာလောက်ပဲ လုပ်မယ် ဆိုတာမျိုးနဲ့ ညှိနှိုင်းလိုက်တော့ မွန်ပြည်နယ်မှာ အခြေစိုက်တဲ့ အမျိုးသမီးပါတီ သဘောမျိုးနဲ့ အမျိုးသမီးပါတီ (မွန်) အနေနဲ့ လက်ခံလိုက်ရတယ်” ဟု ပါတီ ဥက္ကဋ္ဌ မိလယိုင်မွန်က ဆက်ပြောသည်။
ပါတီတည်ထောင်ခွင့်ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်က နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ အမျိုးသမီးပါတီ အမည်ဖြင့် တရားဝင် ဖွဲ့စည်းခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ပြီး ၂၀၁၅ မေလ ၂၈ ရက်တွင် ကော်မရှင်ရုံးမှ အမျိုးသမီး ပါတီ (မွန်) အမည်ဖြင့် တရားဝင် တည်ထောင်ခွင့်ပြုကြောင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။
အမျိုးသမီးပါတီ (မွန်) ၏ ရုံးချုပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရှင်စောပု ကုမ္ပဏီတွင် ယာယီရုံးချုပ်အဖြစ် ဖွင့်လှစ်ထားကြောင်း သိရသည်။