မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြား ဖက်စပ် အထည်ချုပ် ကုမ္ပဏီများက ၎င်းတို့ထံတွင် လုပ်ကိုင်နေသည့် အမျိုးသမီး အလုပ် သမား များအပေါ် လုပ်ငန်းခွင်အတွင်း ရရှိမည့် အခွင့်အရေးများကို ချိုးဖောက်မှုများ ရှိနေကြောင်း သိရသည်။
မြန်မာအမျိုးသမီး သမဂ္ဂက မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့ရှိ အထည်ချုပ်စက်ရုံ ၁၃ ရုံ အပါအဝင် H&M, Marks and Spencer , C&A စသည့် နာမည်ကြီး အဝတ်အထည် ကုမ္ပဏီခွဲများတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီး အလုပ် သမား ၆၆ ဦးအား တွေ့ဆုံမေးမြန်းခဲ့ရာမှ လုပ်ငန်းခွင်အတွင်း ရရှိမည့် အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သိရှိခဲ့ခြင်း ဖြစ် သည်။
မြန်မာ အမျိုးသမီး သမဂ္ဂ ဥက္ကဋ္ဌ ဒေါ်တင်တင်ညိုက “အမျိုးသမီးတွေက မလုံခြုံတဲ့ လုပ်ငန်းခွင်တွေမှာ အခွင့်အရေး ချိုး ဖောက်မှုတွေနဲ့ အလုပ်လုပ်နေကြရတာ ဖြစ်တယ်။ ဒါပေမယ့် မြန်မာအစိုးရပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီကပဲ ဖြစ်ဖြစ် ဒါတွေ ရပ်တန့် သွားအောင် လုပ်ပေးတာမျိုး မတွေ့ရဘူး” ဟု ပြောသည်။
ယင်းသို့ တွေ့ရှိမှုကို သုတေသနစာတမ်း ပြုစုထားပြီး ပြုပြင်ပြောင်းလဲမှု နောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီး အလုပ်သမများ ခေါင်းစဉ်ဖြင့် ဧပြီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်ရှိ Orchid Hotel ၌ ရုပ်သံ မှတ်တမ်းနှင့်တကွ စာတမ်း မိတ်ဆက်မှု ပြုလုပ်ခဲ့သည်။
မြန်မာ အမျိုးသမီးသမဂ္ဂမှ နော်ဟဲလေဖောကလည်း “အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ ၉၀ ရာခိုင်နှုန်းသော အမျိုးသမီး တွေဟာ နေ့စဉ်ပဲ ဖိအားပေးတာတွေ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ နေ့စဉ်၊ နှစ်စဉ် ခံစားနေတာကို တွေ့ရှိရပါတယ်”ဟု ပြောသည်။
အဆိုပါ စာတမ်းတွင် အလုပ်သမများ ရင်ဆိုင်နေရသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချိုးဖောက်မှုများ၊ လူဦးရေနှင့် မလုံလောက်သည့် အိမ်သာအရေအတွက်၊ သောက်သုံးရေ မသန့်ရှင်းမှုများ၊ သောက်သုံးရေ မလုံလောက်မှုများကြောင့် ကျန်းမာရေး ထိခိုက်မှုများနှင့် စက်ရုံများ၏ လုံခြုံရေး အဆင့်အတန်း အခြေအနေများအား စုဆောင်း တင်ပြထားကာ ပိုမို ကောင်းမွန်သည့် လုပ်ငန်းခွင် အခြေအနေများကို တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
စက်ရုံများတွင် အလုပ်သမားများ၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးကို စောင့်ရှောက်မှု မပေးကြဘဲ လူမှုဖူလုံရေးကတ်ပင် မရရှိသည့် အလုပ်သမားများ ရှိနေကြောင်း မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံအလုပ်သမ တဦးဖြစ်သည့် မဝတ်ရည်က ပြောသည်။
မဝတ်ရည်က “ကျန်းမာရေးကြောင့် စိတ်ဖိစီးမှု အရမ်းများတဲ့အတွက် အပြင်ဆေးရုံက ထောက်ခံစာနဲ့ ကျမ ဆေးခွင့်ယူခဲ့ပါ တယ်။ အဲဒါကို တရားမဝင်ဘူးလို့ ပြောပါတယ်။ ပြီးတော့ အလုပ်ထုတ်ပါတယ်”ဟုလည်း ပြောပြသည်။
စက်ရုံပိုင်ရှင်များက အလုပ်သမများ၏ လစာငွေထဲမှ ၂ရာခိုင်နှုန်းကို ကျန်းမာရေးနှင့် လူမှုဖူလုံရေး ရန်ပုံငွေအတွက်ဖြတ် တောက်ထားသော်လည်း ၂၀၁၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေက အလုပ်သမားများအတွက် အာမခံထားသည့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ မီးဖွားခွင့်၊ အသက်အာမခံကြေးနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှုများအတွက် နစ်နာကြေးများ ပါဝင်သည့် လူမှု ဖူလုံရေး အကျိုးခံစားခွင့်များကို ငြင်းပယ်ထားကြောင်းလည်း စာတမ်းတွင် ဖော်ပြထားသည်။