လူပေါင်း ၁၂၂ ဦးလိုက်ပါလာသော တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 သည် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း တွင် ပျက်ကျခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံက အကူအညီပေးမည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာသတင်းအရ သိရသည်။
မိတ်ဆွေအိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လေယာဉ်ပျက်ကျသောကြောင့် ဝမ်းနည်းကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်က မြန်မာသမ္မတ ဦးထင်ကျော်ထံ သဝဏ်လွှာပေးပို့သည်ဟု ဆင်ဟွာသတင်းဌာနက သောကြာ နေ့က ကြေညာသည်။
“ရှီက သေဆုံးသူများအတွက် ပူဆွေးကြောင်းနှင့် စာနာထောက်ထားကြောင်း မြန်မာအစိုးရနှင့် ပြည်သူများ အထူးသဖြင့် ကျန်ရစ်သူမိသားစုများအား ဖော်ပြခဲ့သည်”ဟု သတင်းက ဖော်ပြသည်။
တရုတ်နိုင်ငံက မည်သို့ အကူအညီပေးမည်ကို အသေးစိတ် မသိရှိရသေးပါ။ လတ်တလော မြန်မာ့တပ်မတော်အနေဖြင့် ပင်လယ်ရေအောက် အသံလှိုင်း လွှင့်ထုတ်တိုင်းထွာရေး ဆိုနာစနစ်ကို သုံးပြီး လေယာဉ်ပျက် ရှာဖွေနေကြောင်း ထုတ်ပြန်ထားသည်။ ယင်းစနစ်ကို အိန္ဒိယနိုင်ငံ Bharat Electronics Limited (BEL) မှ ၂၀၁၅ ခုနှစ်တွင် ဝယ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်အနီး ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်နှင့် ပတ်သက်သည့် စုံစမ်းဖော်ထုတ်မှုများကို လေယာဉ်ထုတ်လုပ်သည့် Shaanxi Aircraft Corporation ကုမ္ပဏီနှင့် ပူးပေါင်းကာ စစ်ဆေးရန် ရှိသော်လည်း လေယာဉ်ကို ရှာဖွေတွေ့ရှိချိန်မှ စုံစမ်းရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့က ဧရာဝတီသို့ ပြောထားသည်။
တရုတ်နိုင်ငံလုပ် Y-8 200F သယ်ယူပို့ဆောင်ရေးလေယာဉ်သည် ဗုဒ္ဓဟူးနေ့က ပျံတက်သွားပြီး ၂၉ မိနစ်အကြာ အမြင့်ပေ ၅၄၈၅ မီတာ၊ ကမ်းရိုးတမ်းမြို့ထားဝယ်၏အနောက်ဘက် ၇၀ ကီလိုမီတာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လေယာဉ်ပျောက်ဆုံးချိန်တွင် တပ်မတော်သားများ၊ မိသားစုများနှင့် လေယာဉ်ဝန်ထမ်း စုစုပေါင်း လူ ၁၂၂ ဦး ထိုလေယာဉ်တွင် လိုက်ပါ ခဲ့ကြသည်။
ရှာဖွေရေးအဖွဲ့များသည် ပင်လယ်အတွင်းမှ ဆယ်ယူရရှိသူ စုစုပေါင်း ၈၁ ဦး ရှိပြီဟု စစ်ဘက်က ကြေညာသည်။