သတင်း

ပြည့်တန်ဆာဥပဒေသစ်တွင် နှစ်ရှည်ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်များ ပြောင်းလဲပါဝင်မည်

Want create site? Find Free WordPress Themes and plugins.

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းရန် စီစဉ်နေသည့် ပြည့်တန်ဆာ ဆိုင်ရာ ဥပဒေသစ်တွင် ပြည့်တန်ဆာ(လိင်လုပ်သား)များအပေါ် ချမှတ်ထားသည့် နှစ်ရှည် ပြစ်ဒဏ်များအစား လူမှုရေးပြစ်ဒဏ်များ ပြောင်းလဲပါဝင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ယင်း ဥပဒေကို ၂၀၁၇ ခုနှစ်အတွင်း ပြင်ဆင်ခဲ့ ရေးဆွဲခဲ့ကြပြီး ယခုအချိန်၌ နောက်ဆုံးအဆင့် အချောသတ် နေကာ ကော်မတီနှင့် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၏ မှတ်ချက်များ ရယူပြီးဖြစ်သဖြင့် ပြည်ထောင် စုရှေ့နေ ချုပ်ရုံးကို ပေးပို့ရန် စီစဉ်နေကြောင်း သိရသည်။

“လူမှုရေး ပြစ်ဒဏ်ပေါ့။ ပထမဦးဆုံး အကြိမ် ဒီလို လုပ်စားတယ်ဆိုတာ သိတဲ့အခါမှာ သူတို့ကို ခေါ်ယူပြီးတော့ ခံဝန်ထိုးခိုင်းတာပေါ့။ ဒုတိယ ပြစ်ဒဏ်(punishment) က သင်တန်းကျောင်းကို ပို့မယ်။ ၃လ အသက်မွေးဝမ်းကျောင်း သင်တန်းပေးမယ်။ တတိယအကြိမ်ကျရင်တော့ ငွေဒဏ်/ထောင်ဒဏ်ရောပေါ့။ ဒါပေမယ့် ထောင်ဒဏ်ကတော့ ၆ လထပ်မပိုသောလို့ ဥပဒေမှာ ကျမတို့ ရေးထားပါတယ်”ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက ဧရာဝတီသို့ ပြောသည်။

အဆိုပါဥပဒေသစ်အရ ပြည့်တန်ဆာများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းအစား ပြန်လည်ထူထောင် ရေးနှင့် လူမှုရေးပြစ်ဒဏ်ဘက်ကို ဦးတည်ထားပြီး တတိယကြိမ်မြောက် ကျူးလွန်မှသာ ထောင်ဒဏ်ကျခံရ မည်ဖြစ်ပြီး ထောင်ဒဏ်မှာလည်း နှစ်ရှည်ထောင်ဒဏ်မဟုတ်တော့ဘဲ လပိုင်းမျှသာ ဖြစ်ကြောင်း သိရသည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေတွင်မူ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) အရ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေးသူဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အလုပ်ကြမ်းနှင့် တနှစ်အောက် မနည်း၊ သုံးနှစ်ထက် မပို သော ထောင်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

ဥပဒေသစ်တွင် ပြည့်တန်ဆာများကို ၎င်းတို့ဘဝမှ ရုန်းထွက်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး ကဏ္ဍကို လည်း ထည့်သွင်းရေးဆွဲထားပြီး နောက်ဆက်တွဲ ပြဋ္ဌာန်းမည့် နည်းဥပဒေတွင် အသေးစိတ် ပါဝင်မည်ဖြစ် ကြောင်း ဒေါ်နော်သဝါးက ဆိုသည်။

ဥပဒေရေးဆွဲရာတွင် ပူးပေါင်း ပါဝင်လျက်ရှိသည့် လူထုကျန်းမာရေး စောင့်ရှောက်မှု၊ အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင် (Marie Stopes Myanmar) ကလည်း “မတန်တဆဖြစ်နေတဲ့ ထောင်ဒဏ် ဥပမာအားဖြင့်၊ နောက် အလွန်ကြီးလေးတဲ့ ငွေဒဏ် အစကတည်းက ငွေရေးကြေးရေး အဆင်မပြေလို့ လုပ်ကာမှ ငွေဒဏ်ထပ်ချလိုက်မယ်ဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲ။ အဲဒီအတွက် ပိုက်ဆံရှာရတာ ဘယ်လိုမှ အဆင်မပြေတဲ့အတွက် အဲဒီဝဲဂယက်ထဲက ဘယ်လိုမှ ပြန်ထွက်မလာနိုင်တော့တဲ့ ဖြစ်သွားပါတယ်။ အဲဒါတွေကို ပြင်ဖို့ လုပ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာဘဝရောက်ရသော အမျိုးသမီးများ ပိုမိုကောင်းမွန်သော ဘဝရရှိရေးအတွက် ပံ့ပိုးပေးသည့် လုပ်ငန်းများကိုလည်း ဥပဒေတွင် ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

ပြည့်တန်ဆာ နှိပ်ကွပ်ရေးဥပဒေကို ၁၉၄၉ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ဥပဒေသည် အကြောင်းအမျိုးမျိုး ကြောင့် ပြည့်တန်ဆာဘဝရောက်ရသော အမျိုးသမီးငယ်များကို ကူညီစောင့်ရှောက် ကာကွယ်နိုင်ခြင်း မရှိသည့်အပြင် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးများ ဆုံးရှုံးစေသည့် ဥပဒေတစ်ခုဖြစ်နေကြောင်း ကျွမ်းကျင်သူများက ဝေဖန်ကြသည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာပပျောက်ရေး ဥပဒေကို ၁၉၅၆ ခုနှစ်တွင် ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ အဖြစ် ပထမအကြိမ်ပြင်ဆင်ပြီး ဒုတိယအကြိမ် အဖြစ် ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အကြား အမျိုးသမီးများအနက် ဝ ဒသမ ၄၅ ရာခိုင်နှုန်းသည် အခကြေးငွေကို တိုက်ရိုက်ယူပြီး လုပ်ကိုင်နေကြသည့် လိင်အလုပ်သမအဖြစ် ရှိနေကြောင်း ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အစိုးရတို့ ၂ဝ၁၃ ခုနှစ်က ကောက်ခံထားသည့် ခန့်မှန်းခြေစာရင်း များအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading