ချင်းပြည်နယ် မြို့နယ် ၉ မြို့နယ်အား အချိုးညီဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လျက် ရှိကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က ပြောသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သော နှစ် ၇၀ မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ် က ပြောကြားခြင်းဖြစ်သည်။
ယင်း အခမ်းအနားကို ချင်းပြည် နယ် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ ကျင်းပခြင်း ဖြစ်ပြီး ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က မိန့်ခွန်း ပြောကြားခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က “မိမိတို့ ချင်းပြည်နယ် အစိုးရအနေနဲ့ ပြည်နယ် အတွင်းမှာ လူမှုဘဝ ဖွံ့ဖြိုး တိုးတက် ရေး နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းရေး ဒီမိုကရေစီစနစ် ပိုမို ထွန်းကားရေးနဲ့ ချင်း လူမျိုးများကြား အပြန် အလှန် ယုံကြည်သင့်မြတ်မှုမှသည် တနိုင်ငံလုံး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး သို့ တက်လှမ်းနိုင်ရေးတို့ကို ဦးတည် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။
ထို့ပြင် မိမိတို့ အစိုးရ အနေနှင့်ပြည်နယ်အတွင်းရှိ ၉ မြို့နယ်စလုံး အချိုးညီ ဖွံ့ဖြိုးတိုးတက်ပြီး မြို့နယ် ၁ ခုနှင့် ၁ ခုကြား၌ လိုအပ်ချက်ကွာဟမှု ကျဉ်းနိုင်သမျှ ကျဉ်းအောင် ဦးတည်ဆောင်ရွက်လျက် ရှိသကဲ့သို့ ချင်းမျိုးနွယ်စု ၁ ခုနှင့် ၁ ခုကြားမှာ လည်း အချင်းချင်း အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ခင်လေးစားမှု ပိုမို တိုးတက်ခိုင်မြဲနိုင်အောင် ဆောင်ရွက်လျက်ရှိသည် ဟုလည်း ဆိုသည်။
“အထူးသဖြင့် ၁ ခုတည်းသော လူမျိုး၊ ၁ ခုတည်းသော ချင်းပြည်နယ်အဖြစ် နောင်လာမယ့် မျိုးဆက်သစ်တွေကို အမွေ အနှစ် အစဉ်အလာကောင်းများ လက်ဆင့်ကမ်း ပေးသွားနိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်”ဟု ဦးဆလိုင်းလျန် လွယ်က ဆက်လက် ပြောဆိုသည်။
အလားတူ ချင်းပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း တောင်ပိုင်းနှင့် မြောက်ပိုင်း ကြား အကောင်အထည်ဖော်မှုများ ကွဲပြားနေပြီး တောင်ပိုင်းဘက်တွင် ပိုမို ဆောင်ရွက်မှုများ ရှိနေကြောင်း ပြောဆိုသံ များ လည်း ထွက်ပေါ်လျက် ရှိသည်။
ထို့ပြင် ချင်းတိုင်းရင်းသား မျိုးနွယ်စုပေါင်း ၅၀ ကျော်ရှိပြီး ဘာသာစကား အနေဖြင့်လည်း မတူကွဲပြားလျက်ရှိရာ စာပေနှင့် စကား ၁ ခု တည်း ဖြစ်တည်ရေး အတွက် ဆောင်ရွက်နေကြသော်လည်း သဘောတူညီမှု မရသေးကြောင်းလည်း ချင်း လူမျိုး များ ထံမှ သိရသည်။
“ကျနော်တို့မှာ လူမျိုး ၅၃ မျိုးရှိတယ်။ ဖလမ်းစကား၊ ထန်တလန်စကား၊ ဟားခါးစကား၊ မတူပီစကား၊ မင်းတပ်စကား အဲဒီလိုတွေ ကွဲနေတယ်။ မတူကြဘူး”ဟု ချင်းလူငယ် ၁ ဦးက ပြောသည်။
ယင်းသို့ စာပေနှင့် ဘာသာစကား ၁ ခုတည်းဖြစ်စေရန် အတွက် ဘုံစကားအား ရွေးချယ်ရန် အခက်အခဲ ဖြစ်နေကြောင်း အရှို ချင်း အမျိုးသား ပါတီ (ACNP) ၏ အထွေအထွေ အတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ဧရာဝတီသို့ ပြောသည်။
“စာပေနဲ့ စကားက တခုတည်း ဖြစ်ရင်တော့ ပြောဆို ဆက်သွယ်ရတာ ပိုလွယ်သွားမယ်။ အဓိပ္ပာယ်ပိုရှိမယ်။ အခုက မျိုးနွယ် ၁ ခုနဲ့ ၁ ခု ကွဲပြားနေတာတွေ ရှိတယ်။ အင်္ဂလိပ်ရော မြန်မာလိုတွေရော သုံးကြတယ်။ ၁ မြို့နဲ့ ၁ မြို့က အသုံးအ နှုန်းတွေ မတူကြတော့ ရုတ်တရက်ဆို နားမလည်ကြဘူး။ အဲဒီလို ဘုံစကားကို ရွေးချယ်ရာမှာလည်း အားလုံးသဘော တူပြီး သုံးမှကောင်းပါတယ်။ အတင်းအကြပ်ဖိအားပေး သုံးခိုင်းတာမျိုးတွေ လုပ်ဖို့မလိုပါဘူး။ အချိန်အခါစောင့်ဖို့ လိုပါ တယ်” ဟုလည်း ၎င်းက ပြောဆိုသည်။
ချင်းပြည်နယ်၌် ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ကလေးဝ ဟူ၍ မြို့နယ် ၉ ခုရှိသည်။
လက်ရှိတွင် ချင်းပြည်နယ်အစိုးရ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြောက်ဘက်စွန်း ကျီခါးမြို့မှ တောင်ဘက်စွန်း ပလက်ဝမြို့အထိ လမ်းများ ဖောက်လုပ် ချိတ်ဆက်နိုင်ရေး အပါအဝင် ပြည်နယ်အတွင်းလမ်း တံတားများ လုံခြုံကောင်း မွန် ရေး၊ ချင်းပြည်နယ်နှင့် ပြည်မ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး တို့ကို ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် ပြောဆိုထားသည်။