မြန်မာနိုင်ငံတွင် ကြိုးတံတား ၂၉ စင်းရှိသည့် အနက် ၂ စင်းမှာ အဆိုးဆုံး အခြေအနေရှိနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ပြောသည်။
ဆိုးရွားနေသည့် တံတား ၂ စင်းမှာ မကွေးတိုင်းဒေသကြီး အတွင်းရှိ မယ်ဇလီတံတား နှင့် ကရင်ပြည်နယ်ရှိ ဂျိုင်း (ဇာသပြင်) တံတား ဖြစ်ပြီး ယင်းတံတား ၂ စင်းလုံးမှာ အန္တရာယ်ရှိသည့် အနေအထား ဖြစ်ကြောင်း ကြေညာထားသည် ဟု သိရသည်။
ဒုတိယ ဝန်ကြီးက “၂၉ စင်းကိုလုံးကို စစ်ဆေးနေပါတယ်။ အဲဒီထဲမှာ အဆိုးဆုံး တံတား ၂ စင်းကို တရုတ်က ထောက်ပြပါတယ်။ ဒါကို လောလောဆယ်မှာ ဒါကို အန္တရာယ်ရှိ အခြေအနေဟု ကြေညာထားပါတယ်” ဟု ပြောသည်။
မေလ ၁၅ ရက်၌ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ ဒုတိယ ၁ နှစ်တာကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ဝန်ကြီးက သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
တရုတ်နိုင်ငံမှ ပညာရှင် ၂၂ ဦးရောက်ရှိလာပြီး မြန်မာနိုင်ငံ အတွင်းရှိ ကြိုးတံတားများ စစ်ဆေးနေကြောင်း၊ ပြည်တွင်းရှိ အင်ဂျင်နီယာများကိုလည်း လက်တွဲ သင်ပေးမှုများ ရှိကြောင်း၊ အန္တရာယ်ရှိသည့် ကြိုးတံတား ၂ စင်းကို အမြန်ဆုံး လဲလှယ် ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။
လတ်တလော၌ မြောင်းမြ ကြိုးတံတား ကျိုးကျခဲ့သည့် ဖြစ်စဉ်မျိုးလို ကွန်ကရစ်တုံး ပြတ်ပြီး ကြိုးထွက်လာခြင်းများ မဖြစ် ပေါ်စေရန်အတွက် ပြုပြင် ဆောင်ရွက်မှုများ ရှိကြောင်း ဦးကျော်လင်းက မီဒီယာများကို ပြောသည်။
မြန်မာနိုင်ငံမှ ပညာရှင်များ အနေနှင့် ကြိုးတံတားများကို အန္တရာယ် ရှိ မရှိ စစ်ဆေးရာတွင် တနှစ်လျှင် ၂ ကြိမ်နှုန်းဖြင့် စစ်ဆေးမှုများ ပြုလုပ်သော်လည်း စစ်ဆေးသည့် အခါ၌ အပြင်ပိုင်း မြင်ရသည့် ကြိုး၊ တာဝါ၊ စတီး သံဘောင်၊ ကြိုးတံတား ကို ချိတ်ဆွဲထားသည့် ကြိုးများ၊ အခင်းများ အစရှိသည် တို့ကိုသာ စစ်ဆေးမှုများ ပြုလုပ်နိုင်သဖြင့် အတွင်းပိုင်းကို ဓာတ်မှန် ရိုက်စစ်နိုင်သည့် တရုတ်နိုင်ငံမှ ပညာရှင်များ လာရောက်၍ ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။
မေလ ၁၂ ရက်၌ ဇာသပြင် တံတား ခံနိုင်ဝန်အားကိုလည်း ၁၃ တန်သို့ လျှော့ချလိုက်ကြောင်း သတိပေး ဆိုင်းဘုတ်စိုက် ထူထားပြီး ခရီးသည်တင် ယာဉ်များမှ ခရီးသည်များအနေနှင့် တံတားပေါ် လမ်းလျှောက် ဖြတ်သန်း နေရသည်။
ပြီးခဲ့သည့် ဧပြီလ၌ သထုံ-ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ကြိုးတံတားသည်လည်း သက်တမ်း ရင့်လာသည်နှင့်အမျှ ခံနိုင်ဝန်အား လျှော့နည်းလာမှုကြောင့် ဧပြီ ၁၉ ရက်မှစ၍ ၁၃ တန်(ယာဉ်နှင့် ကုန်) အောက် ယာဉ်များသာ ဖြတ်သန်း ခွင့်ပြုမည် ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ အသိပေးထားသည်။
ဇူလိုင် ၃၁ ရက် နောက်ပိုင်း၌ မြန်မာ တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်း၏ အခြေအနေကို ထုတ်ပြန် ကြေငြာသွားမည် ဖြစ် ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။