မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းရှိ တောင်စွန်းရဲဘက် ကုန်ထုတ်စခန်းမှ လမ်းခင်းကျောက် ထုတ်လုပ်ခွင့် အတွက် ပြန်လည် လျှောက်ထားလာမှု အပေါ် ကန့်ကွက်ကြောင်း ဘီးလင်းမြို့နယ် အမှတ် ၁၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။
တောင်စွန်းစခန်းက လျှောက်ထားလာသည့် မြေ ၄ ဧကသည် ကွင်းဆင်းစစ်ဆေးမှုအရ သဘာဝနယ်မြေနှင့် မလွတ် ကင်း သည့်နေရာ ဖြစ်နေသည့်အပြင် ထိုဒေသတွင် ကျောက်ထုတ်လုပ်ငန်းများ ပိတ်သိမ်းရန် ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရ တို့က ညွန်ကြားထားပြီးဖြစ်သည့် အတွက် မလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ကေလာသတောင် သဘာဝနယ်မြေသည် မူလကပင် ပြည်နယ် အစိုးရအဖွဲ့က ကျောက်ထုတ်ခွင့် ပိတ်ထားသည့် နေရာ ဖြစ်ပြီး တောင်စွန်းစခန်း ကျောက်ထုတ် လုပ်ငန်းများကို ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်နေ့က စတင်ကာ ရပ်ဆိုင်း ထားခဲ့ ရကြောင်း သိရသည်။
ဒေါက်တာ ခင်နိုင်ဦးက “ပြန်ပြီးတော့ သူတို့ လျှောက်တဲ့နေရာကို ကွင်းဆင်းကြည့်တော့ တိုင်ငုတ်စိုက်ထားတာ တွေ့ရ တယ်၊ အဲ့ဒါကို သေချာစစ်တော့ သဘာဝနယ်မြေနဲ့ မလွတ်ဘူး၊ သစ်တောကစစ်တော့လည်း ပေါ်တယ်၊ လွတ်တယ်ဆို ရင်တောင် တကယ်တမ်းက လျှောက်ခွင့်မရှိဘူး၊ သစ်တောက ကန့်ကွက်စာပို့မှာပါ”ဟု ပြောသည်။
ကေလာသတောင် တောရိုင်း တိရစ္တာန် ဘေးမဲ့တော ဧရိယာအတွင်း ပါဝင်ခဲ့သည့် တောင်စွန်းစခန်းနှင့် ပတ်သက်၍ သဘာဝ နယ်မြေဧရိယာမှ ၄၄.၈၁ ဧကအား အကျဉ်းဦးစီး ဌာနပိုင်မြေ အဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က ကြေညာ ပေးခဲ့သည်။
ဝန်ကြီးဌာန ကြေညာချက်တွင် တောင်စွန်းစခန်းအား မြေ ၄၄.၈၁ ဧက အသုံးပြုခွင့် ပေးခြင်းသည် အခိုင်အမာ အဆောက် အအုံများ အတွက်သာဖြစ်ပြီး ကျောက်ထုတ်ရန် ခွင့်ပြုပေးခဲ့ခြင်း မဟုတ်ကြောင်း ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။
တောင်စွန်းစခန်းမှ ကျောက်ထုတ်ခွင့် ပြန်လည် လျှောက်ထားမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လုူ့အခွင့် အရေး ကော်မရှင် (MNHRC) က နယ်မြေကွင်းဆင်း စစ်ဆေးခဲ့ပြီး ကျောက်ထုတ်လုပ်ခွင့်ကို ခွင့်ပြုသင့်ကြောင်း သမ္မတ ရုံး သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ ရက်စွဲဖြင့် တင်ပြထားကြောင်း သိရသည်။
MNHRC စိစစ်သုံးသပ်ချက်တွင် တောင်စွန်းစခန်းဧရိယာသည် သဘာဝနယ်မြေမှ ကင်းလွတ်ကျန်ရှိနေပြီး လွတ်ရက်နီး အကျဉ်းသားများ သင့်တင့်သည့်ဝင်ငွေနှင့် အခြားအခွင့်အရေးများ ရရှိနိုင်ခွင့်တို့အတွက် ကျောက် ထုတ်လုပ်မှုကို ခွင့်ပြု သင့်ကြောင်း ဆိုထားသည်။
မူလ ၁၈၂.၃၉ ဧကလုပ်ကိုင်ခဲ့ရသည့် တောင်စွန်းစခန်းတွင် ကျောက်ထုတ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည့် အတွက် လက်ရှိ အကျဉ်းသားဦးရေ ၁၇၄ ဦးဖြင့် လယ် ၄၆ ဧက လုပ်ကိုင်နေရသည့် အတွက် ကျောက်ထုတ်လုပ်ငန်း ပြန်လည် လုပ်ကိုင် ခွင့်ပြုပါက အခြား လူဦးရေကြပ်တည်းသည့် ထောင်များမှ အကျဉ်းသား တချို့ကိုလည်း ထုတ်နုတ် လက်ခံ နိုင်မည် ဖြစ်ကြောင်း MNHRC က သုံးသပ်ထားသည်။
ဒေသခံများ အနေဖြင့်မူ သဘာဝ နယ်မြေအတွင်း ကျောက်ထုတ် လုပ်ငန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက် မှုများ အပေါ် ကန့်ကွက်ခဲ့ပြီး ၎င်းတို့၏ ဆန္ဒမဲလက်မှတ် နှစ်ထောင်ကျော်ဖြင့်လည်း ၂၀၁၇ ခုနှစ်အတွင်းတွင် ကျောက် ထုတ် လုပ်ငန်းများ အပြီးတိုင်ရပ်ဆိုင်းရေး ဒေါက်တာ ခင်နိုင်ဦးက ပြည်နယ် လွှတ်တော်သို့ အဆိုတင်ခဲ့သည်။
ရန်ကုန်-မုတ္တမကားလမ်း အရှေ့ဘက် ၁၀ မိုင်ခန့်ရှိ တောင်စွန်း စခန်းအနေဖြင့် ကျောက်ထုတ်လုပ်ငန်းအား ၁၉၇၉ ခုနှစ် ဧပြီလမှ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကုန်သွယ်ခွန်နှင့် သစ်တောအခွန်ငွေကျပ် ၁၁၃.၇ သန်းအား နိုင်ငံတော်သို့ပေးသွင်းခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) က သုံးသပ်ချက်တွင် ဖော်ပြထားသည်။
တောင်စွန်းစခန်းတာဝန်ခံ ဦးကျော်ဇေယျ၏ လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားမှုနှင့် ပတ်သက်ပြီး ကန့်ကွက်လိုသူများ အနေဖြင့် ဇူလိုင်လ ၃ ရက်နေ့ နောက်ဆုံးထား ကန့်ကွက်နိုင်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။
မွန်ပြည်နယ်အတွင်း လမ်းခင်းကျောက် ထုတ်လုပ်ခွင့်လိုင်စင် ရထားသူများမှာ ကျိုက်ထိုမြို့နယ်တွင် ၅၅ ဦး၊ ပေါင်မြို့ နယ် တွင် ၂၄ ဦး၊ ကျိုက်မရောမြို့နယ်တွင် ၁၈ ဦး၊ ရေးမြို့နယ်တွင် ၅ ဦး၊ သထုံမြို့နယ်တွင် ၄ ဦး၊ ဘီးလင်းမြို့နယ် တွင် ၂ ဦးနှင့် သံဖြူဇရပ်မြို့နယ်တွင် ၁ ဦး စုစုပေါင်း ၁၀၉ ဦး လိုင်စင်ရထားကြောင်း မွန်ပြည်နယ် လွှတ်တော်က သိရ သည်။
ထို့ပြင် စည်းကမ်းဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့် ကျောက်ထုတ် လုပ်ငန်းများကိုလည်း စိစစ်အရေးယူ သွားမည် ဖြစ် ကြောင်းလည်း မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဇွန်လ ၈ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ပြောဆိုထားသည်။