ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့တွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁ နာရီခန့်က ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ကျောင်းဆောင်တဆောင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ယောဂီတဦး သေဆုံးခဲ့ကြောင်း ပြည်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြည်မြို့ ရွာဘဲရပ်ကွက်၊ ဖက်တန်းလမ်းရှိ ဥယျာဉ်စု ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ပေ ၃၀ x ၂၀ အကျယ် သွပ်မိုးပျဉ်ထောင် ကျောင်းဆောင်မှာ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် ကျောင်းဆောင်အောက်ထပ်တွင် နေထိုင်သည့် အသက် ၈၅ နှစ်အရွယ် ယောဂီအဖွားတဦးမှာ မီးလောင်၍ အသက် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်အိမ်က ကျောင်းနဲ့ ခြံစည်းရိုးပဲခြားတယ်။ မီးလောင်နေတယ်ဆိုပြီး အမေကနှိုးလို့ ထကြည့်လိုက်တော့ မီးက ခေါင်းတက်နေပြီ၊ အုတ်တံတိုင်းကနေ ကျော်ပြီး မီးပြေးသတ်တာ အနားကို ဘယ်လိုမှကပ်မရဘူး။ ချက်ခြင်းပဲ ဗဟိုမီးသတ်ကို ဖုန်းဆက်တော့ မကြာပါဘူး မီးသတ်ကားတွေရောက်လာတယ်။ ကိုယ်တွေရောက်တဲ့အချိန်က မီးညွန့်တွေ တအားတက်နေပြီ ဘာမှမလုပ်ပေးနိုင်တော့ဘူး။ လူကတော့ အသက် ၈၅ အရွယ် အမေတယောက် သေတယ်။ သူက နဂိုကတည်းကမှ အသက်ကြီးရောဂါ ခြေထောက်တွေသိပ်မကောင်းဘူး” ဟု ဖက်တန်းရပ်ကွက် အရန်မီးသတ်တပ်စုမှူး ဦးမင်းထက်က ဧရာဝတီကိုပြောသည်။
မီးလောင်မှုမှာ ကျောင်းဆောင်အောက်ထပ် ထင်းမီးဖို့ မီးကြွင်းမီးကျန်မှတဆင့် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုနှင့်ပတ်သက်၍ သေဆုံးသူယောဂီအဖွားအား မီးပေါ့ဆမှုဖြင့် ပြည်မြို့မရဲစခန်းမှ (ပ)၅၈၅/၂၀၁၈ ရဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။