ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုထားရှိမှုနှင့် ပတ်သက်၍ ကန့်ကွက်မှုများကို တပ်မတော်နှင့် ကိုင်တွယ်မည်ဟု ပြောဆိုခဲ့သူ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ခေါ်ယူသတိပေးရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တွင် လုပ်ပိုင်ခွင့် မရှိကြောင်း သတင်းရရှိသည်။
NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က “ဝန်ကြီးချုပ်ကိုတော့ ကျနော်တို့ ခေါ်ပြီး ပြောစရာ မရှိပါဘူး။ ဒါကို အုပ်ချုပ်ရေးပိုင်းက လိုအပ်ရင် ပြောပါလိမ့်မယ်။ အုပ်ချုပ်ရေးပိုင်းကို ပါတီက ဝင်ပြီး ပြောဆိုခွင့် မရှိပါဘူး။ အခြေခံ ဥပဒေအရ လုပ်ခွင့် မရှိပါဘူး။ ခေါ်ယူ သတိပေးတာမျိုးလည်း လုပ်ခွင့် မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ကယားဝန်ကြီးချုပ်၏ ပြောဆိုချက်နှင့် ပတ်သက်၍ NLD ဗဟိုအလုပ်မှုဆောင် အစည်းအဝေးသို့ တင်ပြရန် ရှိပြီး မူသဘောဖြင့် ထုတ်ပြန်ပြောဆိုနိုင်မည် ဖြစ်ကြောင်း၊ ယခုကိစ္စမှာ ပြောဆိုသူ ကိုယ်တိုင် တာဝန်ခံရမည့် ကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့က ပြည်နယ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ကြေးရုပ်ထားရှိရေး ကန့်ကွက်နေသူများ အကြား ဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်မှုများ ပြင်းထန်လာပါက တပ်မတော်ကို ကိုင်တွယ်ရန် တာဝန်ပေးရမည်ဟု ပြောဆိုခဲ့ခြင်းမှာ နိုင်ငံရေး အသိုင်းအဝိုင်းတွင် လွန်စွာ ဂယက်ရိုက်ခဲ့ကြောင်း သိရသည်။
အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ယခုကိစ္စနှင့် ပတ်သက်၍ ၎င်းမှာ ခရီးသွားနေ၍ မှတ်ချက်ပေးရန် စောသေးကြောင်း ဧရာဝတီသို့ ပြောပြပြီး ယင်းမတိုင်မီက ဗိုလ်ချုပ် ရုပ်ထု စိုက်ထူမှုများနှင့် ပတ်သက်၍ ဒေသခံများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရက ကယားပြည်နယ် အစိုးရအဖွဲ့ထံသို့ ညွှန်ကြားထားကြောင်း သိရသည်။
တပ်မတော်ကမူ ဝန်ကြီးချုပ်၏ ပြောဆိုချက်သည် အခြေခံ ဥပဒေကို နားလည်မှု လွဲမှားစွာ ၎င်း၏ ထင်မြင်ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာ ဖြစ်ကြောင်း၊ တပ်မတော်၏ တာဝန်မှာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည့် အဖွဲ့သာဖြစ်ကြောင်း မနေ့က ညပိုင်းက သဘောထား ထုတ်ပြန်ခဲ့သည်။
အာဏာရ NLD ပါတီကမူ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း ကန့်ကွက်လိုသူများကို မေတ္တာရပ်ခံလိုသည်မှာ ဗိုလ်ချုပ်သည် မြန်မာလူမျိုး တဦးတည်းပိုင်သည့် ခေါင်းဆောင်မဟုတ်ကြောင်း၊ ဗိုလ်ချုပ် စတင်ခဲ့သည့် ပင်လုံစာချုပ်သည် ယနေ့ တိုင်းရင်းသား ခေါင်းဆောင်များ တောင်းဆိုနေသည့် ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံမူဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။
“ဗိုလ်ချုပ်ကို ပစ်ပယ်ရင် ပြည်ထောင်စုမူကိုလည်း ပစ်ပယ်ရာ ရောက်ပါမယ်။ နောက်ပြီးတော့ တိုင်းရင်းသား အချင်းချင်း သွေးကွဲပြီးတော့ ကျနော်တို့ ပြည်ထောင်စု ပြိုကွဲရေးကိုလည်း ဦးတည်ထားပါလိမ့်မယ်။ အဲဒီတော့ နိုင်ငံရေးအဖျက်အမှောက်တွေကို သတိကြီးကြီးထားဖို့ လိုပါတယ်”ဟု ၎င်းက သတိပေးခဲ့သည်။
လက်ရှိ တိုင်းပြည်၏ အခြေအနေမှာ ဗိုလ်ချုပ်ရုပ်ထုကိစ္စထက် အရေးကြီးသည့် ပြဿနာ များစွာရှိနေရာ တိုင်းပြည်ဘာကြောင့် ချွတ်ခြုံ ကျနေရသလဲဆိုသည့် အရေးကြီးသည့် ကိစ္စများကို ဦးစားပေးစေလိုကြောင်း၊ အမည်နာမအပေါ်တွင် မူတည်၍ ပြဿနာများ ဖြစ်နေ ရခြင်းကြောင့် ၂ ဖက်စလုံးကို အပြစ်ပြောလိုပြီး အိမ်နီးချင်း နိုင်ငံများကို ထွက်ကြည့်ရန် လိုနေပြီဖြစ်ကြောင်း ကယားပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ပြောသည်။
“ကယားပြည်နယ် ဝန်ကြီးချုပ်စကားကို နားထောင်ကြည့်ရတာလည်း လူငယ်လည်း ဖြစ်တယ်။ မပြည့်တာလည်း ပါတယ်။ သူ့ဘက်က အားနည်းချက်လို့ပဲ ပြောမလား။ ဖြစ်သွားပြီးမှတော့ မပြောချင်ဘူး။ သူ့အနေနဲ့ ပညာလေး နည်းနည်း ဦးဆောင်ဖို့ လိုနေတယ်။ ငါဝန်ကြီးချုပ်ပဲ ဘာဖြစ်ဖြစ် လုပ်မယ်ကွာဆိုတဲ့ အတွေးအခေါ်မျိုး ပါသွားတယ်ထင်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။
ပြည်နယ် အစိုးရအနေဖြင့် ဗိုလ်ချုပ်ရုပ်ထုကို ဒေသခံများ၏ သဘောထားဆန္ဒ မပါဘဲ ဇွတ်အတင်း စိုက်ထူထားရှိမည်ဆိုပါက ပြင်း ထန်သော လူထုလှုပ်ရှားမှုနှင့် ကြုံတွေ့ရမည်ဟု ဒေသခံ အဖွဲ့အစည်းများက သတိပေးထားပြီး ဇူလိုင်လ ၃ ရက်နေ့က လွိုင်ကော်မြို့ တွင် ပြုလုပ်ခဲ့သည့် ရုပ်ထုစိုက်ထူရေး ကန့်ကွက်ကြောင်း လူရာနှင့်ချီသော ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံး နှိမ်နင်းခဲ့ပြီး ဆန္ဒပြရာတွင် ပါဝင်သူ လူ ၁၆ ဦးထက်မနည်း တရားစွဲခံထားရသည်။
ရုပ်ထုထားရှိရေးကို ကန့်ကွက်နေသူများ၏ အဆိုအရ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ်တွင် ကယားပြည်နယ် (ကရင်နီပြည်) သို့ တကြိမ်သာ လာရောက်ဖူးပြီး ထိုခရီးစဉ်သည် ဗြိတိသျှတို့ထံမှ ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် လာရောက် စည်းရုံးသည့် ခရီးစဉ်သာဖြစ်ကြောင်း ပြောဆိုကြသည်။
ဧရာဝတီက ကယားပြည်နယ် ဝန်ကြီးချုပ်ထံ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဆောင်ခြင်း မရှိပါ။