တာမွေမြို့နယ်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ လူသတ်မှုတရားခံများကို ညတွင်းချင်း ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကလေးချင်းဆော့ကစားရာမှ ဖြစ်ပွားခဲ့သည့် စကားများ ရန်ဖြစ်မှုအပေါ် အငြှိုးထားကာ တာမွေမြို့နယ် တွင် နေထိုင်သည့် မိသားစုတစ်စုကို အုပ်စုဖွဲ့ပြီး ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ရာမှ လူသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါလူတစ်စု ဓားဖြင့်ဝင်ရောက် ထိုးခုတ်မှုကြောင့် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာ များနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့သည့်အပြင် နောက်ထပ် အမျိုးသား ၂ ဦးမှာလည်း ဆေးရုံတွင် ဆေးကုသမှုခံလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန် တာမွေမြို့နယ်ရှိ ကတုံးမ(ခ) ဇော်ဟိန်းသူနှင့် ဇနီး၊ ယောက္ခမဖြစ်သူတို့သည် ကျိုက္ကဆံလမ်းမပေါ်ရှိ ကလေးကစားသည့် ဆိုင်ရှေ့တွင် ၎င်း၏ ကလေးအား အနီးရှိ ကလေးတစ်ဦးမှ ကစားစရာ သေနတ်ဖြင့် ဦးခေါင်းအား ထုနေသောကြောင့် မထုရန်ပြောဆိုရာမှ အဆိုပါကလေး၏ မိခင်ဖြစ်သူ နှင့်စကားများရန်ဖြစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယင်း ည ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဝင်းထွဋ်ဝင်းဆိုသူက ဖုန်းဆက်၍ “မင်းတို့စောက်ချိုးမပြေဘူး မင်းတို့ကို လာခုတ်မယ်” ဟု ပြောကြားခဲ့ပြီး ဖုန်းထဲတွင် အပြန်အလှန် စကားများခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် ဇော်ဟိန်းသူနှင့် မိသားစုများမှာ တိုက်အောက်သို့ဆင်းလာစဉ် ကား ၃ စီး ရပ်တန့်၍ လူတစ်စုဆင်းလာပြီး လှံ၊ ဓားများ ကိုင်ဆောင်ကာ ပြေးဝင်ထိုးခုတ်မှုကြောင့် ကိုဇော်ဟိန်းသူ မှာ ဒဏ်ရာများဖြင့် ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားခဲ့ပြီး ၎င်း၏ အလုပ်သမား တစ်ဦးနှင့် ယောက္ခထီးဖြစ်သူမှာ ထိုးသွင်းဒဏ်ရာ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် လာရောက် ထိုးခုတ်သည့် အုပ်စုမှာ ဘယ်ပုံဘယ်နည်းဖြင့် ပါဝင်ပတ်သက်နေသည် ဆိုသည်ကိုတော့ ရှင်းပြထားခြင်းမရှိပါ။ သို့သေ်ာလည်း အဆိုပါ လူသတ်တိုက်ခိုက်သူများထဲမှ အချို့မှာ သာကေတ မြို့နယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြား သူများဖြစ်ပြီး ယခုဖြစ်စဉ်၏ နောက်ကွယ်က အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်သင့်သည်ဟု သာကေတမြို့နယ်တွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ အမှုကို တာမွေမြို့မရဲစခန်း (ပ)၈၈၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး စုံစမ်းခဲ့ရာ မှုခင်းဖြစ်ပွားရာနေရာတွင် ပြစ်မှုကျူးလွန်သူများကျန်ရှိခဲ့သော DD/——– Toyota Succeed ပေါ်မှ ဓားရှည် ၉ ချောင်း၊ ဓားတို ၂ ချောင်း၊ လှံ ၂ ချောင်း၊ ပေါက်စိန် ၁ လက်၊ သံလက်သီး ကွင်း ၁ ခုနှင့် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးမှ ဓားရှည် ၂ ချောင်း၊ တာမွေ ယာယီဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည် ၂ ချောင်းတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)နေ ဖြူတုတ်(ခ)သိန်းထွေး နှင့် ဝင်းမြင့်၊ သာကေတ မြို့နယ်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ သီဟအောင်၊ ယဉ်မိုး(ခ)မိုးကြီးတို့အား ညတွင်းချင်းဖမ်းဆီးရမိခဲ့ပြီး သာကေတမြို့နယ် နေ သိန်းထိုက်အောင်(ခ) အန်းကုန်း နှင့် ဝင်းထွဋ်ဝင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မင်းအောင်တို့ကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ခဲ့သူ ၈ ဦးတို့အား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးထားပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။