ယခုနှစ် မန္တလေး မဟာသြင်္ကန်ပွဲတော်တွင် လည်ပတ်သူများအားလုံးအတွက် အခမဲ့ အသုံးပြုနိုင်မည့် ရွှေ့လျားအိမ်သာ ၃၉ လုံးကို လူစည်ကားမည့် နေရာများတွင် ချထားပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ရွှေ့လျားအိမ်သာများကို မန္တလေးကျုံး တောင်ဘက်ရှိ ၂၆ လမ်းတခွင်တွင် ၁၇ လုံး၊ အရှေ့ခြမ်းရှိ ၆၆ လမ်းတခွင်တ်ွင် ၁၄ လုံးနှင့် မနော်ရမ္မံ တိုင်းရင်းသားသြင်္ကန်မဏ္ဍာပ်တွင် ၈ လုံး ချထားပေးသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက ပြောသည်။
ဒေါ်မြင့်မြင့်သန်း က “ရေလာကစားကြသူတွေ အတွက် မဖြစ်မနေ အရေးကြီးတာကြောင့် ကျမတို့ စည်ပင်သာယာရေး ကော်မတီအနေနဲ့ အလေးထား ဆောင်ရွက်ပေးရတာဖြစ်ပါတယ်” ဟု ဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ပွဲလမ်းသဘင်များတွင် အသုံးပြုရန်အတွက် ရွှေ့လျား အိမ်သာများ ငှားရမ်းပေးနိုင်စေရန် ရွှေ့လျားအိမ်သာ ၅၁ လုံးကို ဝယ်ယူထားပြီး ယခုသြင်္ကန် ကာလတွင် သြင်္ကန်ရေကစား မဏ္ဍပ်ရှိရာ နေရာများ၊ တောသြင်္ကန်၊ လမ်းလျှောက်သြင်္ကန်နှင့် တိုင်းရင်းသား သြင်္ကန် (ပြည်ထောင်စုသြင်္ကန်) ရှိရာနေရာ အနီးဝန်းကျင်တွင် ချထားပေးမည်ဖြစ်သည်။
မန္တလေးမြို့ခံ ဧည့်လမ်းညွှန်ဖြစ်သူ ကိုသိန်းထိုက်ဦး က “ကျနော်တို့ မန္တလေးက ကျုံးရေသုံးတာကို အခုချိန်ထိ မလွတ်သေးဘူး။ သြင်္ကန်မှာ အားလုံးက ရေစိုနေကြတာ။ အပေါ့အပါးသွားချင်ရင် ရေပတ်တဲ့နေရာမှာပဲ ရေစိုတာနဲ့အတူ ရောလွှတ်လိုက်ကြမှာပဲ။ ကျုံးဘေးမှာ သြင်္ကန်ရေကစားတာနဲ့ ကျုံးရေနဲ့အတူ ကျုံးထဲကို ပြန်ရောက်မှာပဲလေ။ အခု ရွှေ့လျားအိမ်သာတွေ ထားပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ ပြောချင်တယ်” ဟု ဆိုသည်။
ယခင်က အခိုင်အမာ ဆောက်ပေးထားသည့် အခပေးကာ အသုံးပြုရသည့် အများပြည်သူသုံး အိမ်သာ ၂ လုံးကို လုံခြုံရေး အခြေအနေနှင့် ပျက်စီးမှု တစုံတရာ ဖြစ်ပေါ်လာလျှင် အရေးယူခြင်းများ မပြုလုပ်လိုသဖြင့် ယာယီပိတ်ထားမည်ဟု သိရသည်။
ယခုချထားပေးမည့် ရွှေ့လျားအိမ်သာများတွင် တရက်လျှင် စည်ပင်သာယာရေးဝန်ထမ်း ၃ ဦးနှုန်းဖြင့် ၂ ဆိုင်းချကာ လုံခြုံရေးပိုင်းများ အတွက်ပါ ဆောင်ရွက်သွားမည်ဟု သိရသည်။
မဟာအောင်မြေမြို့နယ်မှ အသက် ၆၀ နှစ်ကျော် ဒေသခံ ဒေါ်စန်းမြင့် က “ကျမဆို သြင်္ကန်မလည်ဖြစ်တာ နှစ် ၂၀ ကျော်ပြီ။ လမ်းလျှောက်သြင်္ကန် စလုပ်တဲ့နှစ်ကစပြီး အိမ်က ကလေးတွေနဲ့ ကျုံးဘေးကို ပြန်ရောက်ဖြစ်တယ်။ အခုလို အိမ်သာလေးတွေပါ စီစဉ်ပေးထားမယ်ဆိုတော့ ပိုပြီးပြည့်စုံသွားတယ်လို့ မြင်မိတယ်” ဟု ဧရာဝတီသို့ပြောသည်။
ယခင်နှစ်များက မန္တလေးကျုံးအရှေ့ဘက်ရှိ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များသာ ချထားပေးခဲ့သော်လည်း ယခုနှစ်တွင် လမ်းလျှောက်သြင်္ကန်ကိုပါ တိုးချဲ့ဖြစ်သည့်အတွက် ယခင်ကလို မဏ္ဍပ်ကြီးများ ချထားမပေးတော့ဘဲ အန္တလေးကျုံး အနောက်ဘက်အခြမ်း လမ်း ၈၀ တွင်သာ ဖျော်ဖြေရေးမဏ္ဍပ် ၉ ခုကိုသာ ခွင့်ပြုခဲ့သည်။
အဆိုပါ မဏ္ဍပ်များတွင်လည်း ရွှေ့လျားအိမ်သာများ ထားရှိရန် သတ်မှတ်ပေးထားသည်။
ရွှေ့လျားအိမ်သာများကို ငှားရမ်းမှုအနေဖြင့် အိမ်သာတလုံးကို တရက်လျှင် ကျပ် ၄ သောင်း သတ်မှတ်ထားပြီး မိလ္လာ စုပ်ယူခအဖြစ် တခေါက်လျှင် ကျပ် ၄ သောင်း သတ်မှတ်ထားကြောင်း၊ အခမဲ့ ရွှေ့လျားအိမ်သာများအပြင် ငှားရမ်း အသုံးပြုသည့် ရွှေ့လျားအိမ်သာများအားလုံးကို သြင်္ကန်ရက်အတွင်း နံနက် ၅ နာရီခွဲတွင် မိလ္လာကားများဖြင့် လာရောက် သန့်ရှင်းမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းရေးဌာနမှ ဒေါ်ညိုညိုဝင်း က “ကျုံးအနောက်ဘက်က ရေကစားမဏ္ဍပ်ကြီးတွေကို ရွှေ့လျားအိမ်သာထားဖို့ တင်ဒါခေါ်ကတည်းက စည်းကမ်း သတ်မှတ် ပေးထားပြီးသားပါ။ ရွှေ့လျားအိမ်သာတွေကို စည်ပင်အဖွဲ့က ငှားရမ်းလို့ရသလို အပြင်ကလည်း ငှားသုံးခွင့် ပေးထားပါတယ်။ ကျမတို့ဆီကနေ မဏ္ဍပ် ၃ ခုက ရွှေ့လျားအိမ်သာ ၁၀ လုံး ငှားထားတယ်။ ကျန်တာက အပြင်ကနေ ငှားတယ်လို့ သိရတယ်” ဟု ပြောသည်။
ယခုနှစ်တွင် မန္တလေးမြို့တွင် လမ်းလျှောက်သြင်္ကန်၊ တောသြင်္ကန်၊ တိုင်းရင်းသားသြင်္ကန်အပြင် တိုင်းရင်းသား ရိုးရာအတိုင်း ရေပတ်ကစားခြင်း၊ တိုင်းရင်းသားရိုးရာ အစားအသောက်များဖြင့် စတုဒီသာမုန့်များကျွေးခြင်း၊ တိုင်းရင်းသား ရိုးရာ အစားအသောက်များ ရောင်းချခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။
တောသြင်္ကန် ညဈေးတွင် နိုင်ငံခြားသား ခရီးသွားများအတွက် စွဲဆောင်မှုဖြစ်စေရန် မြန်မာ့ရိုးရာ အစားအစာများ ရောင်းချခြင်း၊ မြန်မာ့ရိုးရာ ရုပ်သေးပွဲများ၊ ရှေးယခင်ကကဲ့သို့ ပိတ်ကားရုပ်ရှင်များ ပြသခြင်းများဖြင့် တောဓလေ့ရိုးရာများ ပါဝင်မည်ဟု သိရသည်။