စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ချင်းတွင်းမြစ်အတွင်း မေလ ၂၇ ရက်နေ့က စက်လှေ မှောက်သောကြောင့် လူ ၅ ဦး သေဆုံး သွားသည်။
စက်လှေမောင်းသူနှင့် အလုပ်သမားများ အပါအဝင် လူ ၁၁ ဦး တင်ဆောင်လာသော စက်လှေသည် မုံရွာမြို့မှ ကလေးဝ သို့ ဆီတိုင်ကီများ သယ်ဆောင်ရန် သွားရောက်စဉ် မုံရွာမြို့ ချင်းတွင်း တံတားအနီးတွင် အခြား ရေယာဉ် တစင်းနှင့် တိုက်မိခြင်း ဖြစ်သည်။
“တံတား ပိုင်တိုင်နားမှာ ဒီစက်လှေက တခြား လှေတစင်းကို ကျော်တက်ဖို့ အရှိန်မြှင့်လိုက်တာ။ အရှိန် မထိန်းနိုင်တော့ ဘဲ ရှေ့ကလှေကို ဘေးချင်း ဝင်တိုက်ပြီး နစ်သွားတယ်”ဟု ထိုဖြစ်ရပ်ကို မြင်လိုက်သော ကိုကျော်စိုးက ပြောသည်။
စက်လှေ မောင်းသူ၊ စက်လှေ အလုပ်သမား ၂ ဦးနှင့် ကလေး ၂ ဦးတို့၏ အလောင်းများကို ဆယ်ယူရရှိကြောင်း ကယ်ဆယ် ရေး အဖွဲ့၏အဆိုအရ သိရသည်။
“ဒီဖြစ်ရပ်ကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။ တံတားနားမှာ မြစ်ကြောင်းကကျဉ်းတယ်။ အထူးသဖြင့် တော့ နွေရာသီမှာပေါ့“ ဟုလည်း ကိုကျော်စိုးပြောပြီး ထိုနေရာတွင် အလားတူဖြစ်ရပ်မျိုး မကြာခဏ ဖြစ်လေ့ရှိကြောင်း လည်း ရှင်းပြသည်။
မိုင် ၇၅၀ ရှည်သော ချင်းတွင်း မြစ်သည် စစ်ကိုင်းတိုင်း အလယ်ပိုင်းမှ မုံရွာနှင့် အထက်ပိုင်းမှ ခန္တီး၊ ထမံသီ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနှင့် ကန္နီ မြို့များကို ရေကြောင်းလမ်းဖြင့် ဆက်သွယ်ပေးသည်။
ဒေသတွင်းမှ ကုန်စည်အများအပြား ပို့ဆောင်ရေး အတွက်သာမက ခရီးသည် ပို့ဆောင်ရေး အတွက်လည်း ချင်းတွင်း မြစ်ကို အသုံးပြုကြသည်။
ချင်းတွင်းမြစ်သည် တောင်တန်းများကြားတွင် ဖြတ်သန်း စီးဆင်းရသောကြောင့် ရေစီးသန်သလို၊ ရေကြောင်းကြပ် ခြင်း နှင့် ဝဲများရှိခြင်းကြောင့် မြစ်ကြောင်းအတွင်း သွားလာခြင်းသည် အန္တရာယ်များပြီး ထိခိုက် သေဆုံးမှုများ မကြာ ခဏ ဖြစ်တတ်သည်ဟု ရေကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်များ၏ အဆိုအရ သိရသည်။
အမြန်နှုန်းဖြင့် မောင်းနှင်ခြင်းနှင့် ကုန်ပိုတင်ခြင်းတို့နှင့် ပတ်သက်သော သတိပေးချက် အပါအဝင် စည်ကမ်း အများ အပြား ကို ရေကြောင်း သွားလာရေး အာဏာပိုင်များက ထုတ်ပြန်ထားပြီး ချိုးဖောက်ပါက ဒဏ်ငွေ ကျပ် ၃ သိန်းအထိ သို့မဟုတ် ထောင် ၃ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်နိုင်သည်ဟု ဆိုသည်။
ထိုသို့ စည်းကမ်းချက်များ ရှိသော်လည်း စက်လှေ မောင်းသူများသည် စည်းကမ်းများကို လိုက်နာခြင်း အားနည်းနေ သလို၊ ရေကြောင်း အာဏာပိုင်များကလည်း ထိုစည်းကမ်းများကို အကောင်အထည်ဖော်ခြင်း အားနည်းနေသေးသည့် အတွက် မြစ်အတွင်း မတော်တဆမှုများ ပပျောက်နိုင်ခြင်း မရှိသေးဟု ချင်းတွင်းမြစ်အတွင်း စက်လှေပြေးဆွဲသူ ဦး အောင်စန်းမြင့် က ပြောသည်။
“ငွေပိုရအောင် အာဏာပိုင်တွေကို လာဘ်ထိုးပြီး စက်လှေပေါ်မှာ ကုန်ပိုတင်ချင်၊ ခရီးသည် ပိုတင်ချင်တဲ့ လှေပိုင်ရှင်တွေ ရဲ့ လောဘတွေ၊ အတ္တတွေ ရှိနေသေးလို့ အခုလိုဖြစ်ရပ်တွေ လျော့မသွားတာ။ လူတိုင်းလူတိုင်း ဥပဒေ လိုက်နာရင်၊ တိတိ ကျကျဆောင်ရွက်ရင် ဒီလို ဝမ်းနည်းစရာ မတော်တဆဖြစ်ရပ်တွေ ရှိမှာမဟုတ်ဘူး”ဟုလည်း သူက ပြောဆိုသည်။
You may also like these stories:
လူ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး ကမ္ဘာပေါ်မှာ သီးသန့်ရှိနေတဲ့ နေရာဒေသအချို့
တရုတ် သင်္ဘော နစ်မြုပ်မှု မြန်မာ ၁ ဦးသေဆုံး၍ ၄ ဦး အသက်ရှင်
အင်းလေးဒေသ ထိန်းသိမ်းရေး ဒေသန္တရ ဥပဒေပြဌာန်းရန် စီစဉ်
မြေးဖြစ်သူ ဝင်းခန့်မိုးကို အိုက်တင်အပိုင်းတွေ မသင်ပေးဖြစ်ဘူးလို့ ချိုပြုံး ပြော