အင်းလေးကန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရပ်ဖက် အဖွဲ့အစည်းနှင့် ဒေသခံကိုယ်စားလှယ်များ ပါဝင်နိုင်မည့် ဥပဒေကြမ်း အား ပြည်နယ်ဥပဒေကြမ်း ကော်မတီထံ ပေးပို့ထားပြီဖြစ်ကြောင်း ညောင်ရွှေမြို့နယ်၊ အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦး ခင်မောင်ဝင်းက ပြောသည်။
ယင်းဥပဒေအရ အရပ်ဖက် အဖွဲ့အစည်း ကိုယ်စားလှယ် ၄ ဦး၊ ဒေသခံကိုယ်စားလှယ် ၃ ဦးတို့မှ ကန်အုပ်ချုပ်ရေး အဖွဲ့တွင် ပါဝင်ခွင့်ရမည် ဖြစ်ပြီး အကြံပြုချက် ပေးပို့နိုင်ရန် အတွက်လည်း ရှမ်းပြည်နယ် လွှတ်တော်က ဖိတ်ခေါ်ကြေညာထားသည်။
ဦးခင်မောင်ဝင်း က “ဒီဥပဒေကို အမြန်ဆုံးပေါ်ပေါက်စေချင်ပါတယ်၊ ဒါမှလဲ သေသေချာချာ စီမံခန့်ခွဲနိုင်မှာပါ၊ လူထုထံက အကြံပြုချက် တွေလဲ တောင်းခံထားသလို လာမယ့် ဇွန်လ ပထမပတ်မှာလဲ လူထုထံရှင်းလင်း ချပြမှုတွေလုပ်သွားမှာပါ” ဟု ပြောသည်။
“အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးဥပဒေ” ဟု အမည်ပေးထားသည့် ယင်းဥပဒေကြမ်းတွင် ကန်အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ အဖြစ် အင်းသား တိုင်းရင်းသား ရေးရာဝန်ကြီးအား ခန့်အပ်ထားပြီး ညောင်ရွှေမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စား လှယ်များအပြင် ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများက ဒုတိယဥက္ကဋ္ဌ များ အဖြစ် ပါဝင် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဥပဒေကြမ်းအား လူထုထံ ချပြရှင်းလင်းပွဲကို ဇွန်လ ၅၊ ၆၊ ၇ ရက်နေ့တို့တွင် ပြုလုပ်သွားရန် ပြည်နယ်လွှတ်တော်က ကြေညားထားပြီး လတ်တလော ရေးဆွဲထုတ်ပြန်ထားသည့် အချက်များအား ကျေနပ်မှုရှိကြောင်း ညောင်ရွှေ ဒေသခံ ဦးမြတ်မင်းစိုး က ပြောသည်။
ဦးမြတ်မင်းစိုး က “ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေကို ဆွေးနွေး ဆုံးဖြတ်ရမယ့်အဆင့်မှာ ပါကိုပါဖို့လိုပါတယ်၊ အင်းလေးဒေသ ထိန်းသိမ်းရေး အတွက်လည်း ဒီဥပဒေက လိုအပ်ပါတယ်၊ စီမံကိန်းတွေအမျိုးမျိုး ဒီမှာလာလုပ်သွားကြပေမယ့် ကန်က တော့ တနေ့တခြား ပိုမိုယိုယွင်းလာတာကို ထိရောက်စွာ ထိန်းသိမ်းလိုအပ်နေပါပြီ” ဟု ပြောသည်။
အင်းလေးကန်အတွင်း ဓာတ်မြေသြဇာများ စည်းကမ်းမဲ့သုံးစွဲခြင်း၊ စီမံကိန်းများကြောင့် သစ်တောများ ရှင်းလင်းခြင်း၊ ကျွန်းမျောများ ချဲ့ထွင် ခြင်းနှင့် နှုန်းပို့ချမှုများကြောင့် ကန်ရေအနက် တိမ်ကောလာမှုပြသနာ၊ ရေအရည်အသွေး ညံ့ဖျင်းမှုပြသများအား ရင်ဆိုင်နေရပြီး ပြန် လည်ပြုပြင် ထိန်းသိမ်းရေးအတွက် နော်ဝေနိုင်ငံနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့၏ ကူညီမှုများဖြင့် ဆောင်ရွက်လျှက် ရှိသည်။
အင်းလေးကန်ထိန်းသိမ်းရေး ဥပဒေတရပ် ပြဌာန်းရေး အတွက် ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ၇ ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိဥပဒေကြမ်းအား လာမည့် ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားဖွယ်ရှိ ကြောင်းလည်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးနေမျိုးက ပြောသည်။
ဦးနေမျိုး က “ဥပဒေနဲ့မှ မထိန်းရင် မကြာခင်ကောသွားမယ့် အခြေအနေရှိတယ်၊ အခုတောင် တော်တော်ကောနေပါပြီ။ လုပ်ငန်းရှင်တွေ က အင်းလေးကန်ကိုပြပြီး လုပ်စားသွားကြပေမယ့် ဒေသခံတွေဘက်ကိုတော့ တကယ်တန်းပြောရရင် လှည့်ကိုမကြည့်ခဲ့ကြဘူး” ဟု ပြော သည်။
အင်းလေးကန် ပတ်ဝန်းကျင်တွင် ဟိုတယ်စီမံကိန်းများ၊ သစ်တောမြေများမှ ပုဂ္ဂလိကပိုင် လွဲပြောင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း အင်း လေး ဒေသခံများအနေဖြင့် လယ်ယာမြေ ပုံစံ ၇ ရရှိရန် အခက်အခဲများစွာ ရှိနေသည့် အတွက် ကျူးကျော်များကဲ့သို့ ဖြစ်နေသည့်အပြင် စိုက်ပျိုးရေး ချေးငွေရရှိရန်လည်း ခက်ခဲလျှက်ရှိကြောင်း သိရသည်။
အင်းလေးကန်ထိန်းသိမ်းဥပဒေ အတည်ပြုပြဌာန်းပြီးပါက ထိန်းသိမ်းရေး အဖွဲ့အနေဖြင့် အစုအဖွဲ့ပိုင်သစ်တောများ စိုက်ပျိုးခြင်း၊ ကျေးရွာ မြေတိုးချဲ့ခြင်းနှင့် စီးပွားရေးစီမံကိန်းများ ဖော်ဆောင်ခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဖြစ် ကြောင်းလည်း ဦးနေမျိုးက ပြောသည်။
ဆောင်းခိုငှက်များနှင့် ဒေသတွင်း တောရိုင်းတိရိစ္ဆာန် မျိုးစိတ်များ ကျင်လည်ကျက်စားရာ အင်းလေးကန်အား တောရိုင်းတိရိစ္ဆာန် ဘေးမဲ့ တော အဖြစ် ၁၉၈၅ ခုနှစ်တွင် စတင်သတ်မှတ်တည်ထောင်ခဲ့ဲခြင်းဖြစ်သည်။
ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အင်းလေးကန်အား အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမ ဆုံးသော ဇီဝအဝန်းနယ်မြေအဖြစ်လည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏လူသားနှင့်ဇီဝ အဝန်းနယ်မြေ အစီ အစဉ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကော်မတီက အတည်ပြုသတ်မှတ်ခဲ့သည်။
တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ အတွင်းရှိ မိုင်းသောက်ကျေးရွာအုပ်စု၊ သကြားစက်ကွင်း အတွင်း မြေဧက ၉၀ ပေါ်တွင်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီက ဟိုတယ်တည်ဆောက်ရန် စီစဉ်လျှက်ရှိရာတွင် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားရကြောင်း သိရသည်။
ယင်းမြေဧက ၉၀ အား တပ်မတော် အစိုးရလက်ထက်၊ သစ်တောဝန်ကြီးအဖြစ် ဦးသိန်းအောင် တာဝန်ယူခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လတွင် သဘာဝသစ်တောနယ်မြေမှ ထုတ်နှုတ်ကာ ဟိုတယ် တည်ဆောက်ရန် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ သိရသည်။
ဆက်စပ်ဖတ်ရှူရန် – ဦးသန်းရွှေသား၏ ဟိုတယ် စီမံကိန်းနေရာ ပယ်ဖျက်ရန် အစိုးရ အဖွဲ့ထံသို့ တင်ပြထား
ဦးသန်းရွှေသား ဟိုတယ်စီမံကိန်း ဒေသခံ အများစု ထောက်ခံဟု သမ္မတရုံး ပြော
ဦးသန်းရွှေသား ဟိုတယ် စီမံကိန်း အဖွဲ့စုံဖြင့် ကွင်းဆင်း စစ်ဆေးနေ
ဦးသန်းရွှေ သား၏ ဟိုတယ်စီမံကိန်းနေရာကိစ္စ အစိုးရ ဒေသခံပြည်သူများဘက်မှ ရပ်တည်