အာဏာသိမ်းပြီးတဲ့နောက် လူအများစုက စစ်ခေါင်းဆောင်တွေကို နာမ်နှိမ်စေတယ်ဆိုတဲ့ အယူနဲ့ အမျိုးသမီးဝတ် ထဘီတွေ၊ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေမှာ စစ်ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကပ်ပြီး စီရင်မှုတွေကို တွင်တွင်ကျယ်ကျယ် လုပ်ခဲ့ကြပါတယ်။
၂၀၂၂ ခုနှစ်၊ မေလ ၂ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ လုပ်တဲ့ အမေရိရောက်မြန်မာတွေရဲ့ ရန်ပုံငွေ ရှာပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပုံကို ထဘီစွပ်တဲ့ ကစားနည်းတခု ထည့်သွင်းတာကြောင့် အတော်ပွဲဆူသွားစေပါတယ်။
အမျိုးသမီးတွေ ဝတ်တဲ့ ထဘီကို သုံးပြီး နာမ်နှိမ်စီရင်တာဟာ ထဘီကို နိမ့်ကျစေတယ်၊ အမျိုးသမီးတွေကို နှိမ့်ချတယ်ဆိုတဲ့ အယူအဆတွေကို အခြေခံပြီး လုပ်တာလို့ ဆိုကာ လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။
နှိမ့်ချခြင်း/မနိမ့်ကျခြင်း၊ အယူသည်းခြင်း ရှိ၊ မရှိဆိုတာထက် လောကီအစီအရင် အသုံးပြုခြင်း အနေနဲ့ စဉ်းစားကြည့်ရင်ဖြင့် လောကီအစီအရင်တွေ၊ ယတြာတွေဟာ မြန်မာ့လူမျိုးတွေရဲ့ သိမှုနဲ့ အတွေ့အကြုံအရ အမြဲရှိနေခဲ့ပြီး မြန်မာ့သမိုင်းတလျှောက် အစဉ်အဆက် လုပ်ဆောင်ခဲ့ကြတာကို သာဓကများစွာအရ တွေ့ရပါတယ်။
နှိမ့်ချခြင်း/မနိမ့်ကျခြင်း၊ အယူသည်းခြင်း ရှိ၊ မရှိဆိုတာထက် လောကီအစီအရင် အသုံးပြုခြင်း အနေနဲ့ စဉ်းစားကြည့်ရင်ဖြင့် လောကီအစီအရင်တွေ၊ ယတြာတွေဟာ မြန်မာ့လူမျိုးတွေရဲ့ သိမှုနဲ့ အတွေ့အကြုံအရ အမြဲရှိနေခဲ့ပြီး မြန်မာ့သမိုင်းတလျှောက် အစဉ်အဆက် လုပ်ဆောင်ခဲ့ကြတာကို သာဓကများစွာအရ တွေ့ရပါတယ်။
အလှူနဲ့ မင်္ဂလာယူ အခမ်းအနားတွေကို ဗေဒင်ယတြာ ကျွမ်းကျင်တဲ့ ပညာရှင်များနှင့် ချိန်ညှိကာ နေ့ကောင်းရက်သာ ရွေးချယ်လေ့ရှိသလို အရောင်းအဝယ်၊ စီးပွားရေးလုပ်ငန်းများ ပြုလုပ်ရာတွင်လည်း ဗေဒင်၊ ဝေဒပညာရှင်များ အကူအညီနဲ့ အချိန်၊ နေရာ ရွေးချယ်ကြရုံသာမက အဆောင်ယတြာများကို ဆောင်ယူလေ့ရှိပါတယ်။
ဒါ့အပြင် မိသားစု ကျန်းမာရေး မကောင်းဖြစ်ကြလျှင်လည်း ဆရာဝန်ထံ သွားရောက်ကုသတာအပြင် အညံ့အခိုက်များ ပြေပျောက်ဖို့ ယတြာချေခြင်းအမှုကို ပြုလေ့ရှိကြပါတယ်။ ဒါက အယူသည်းသည် ခေတ်နောက်ပြန် ဆွဲတယ်ဆိုတာမျိုးထက် မသေချာတဲ့ အခြေအနေတခု ဖြစ်လာရင်ဖြင့် ကောင်းကျိုးဖြစ်စေ ဒါမှမဟုတ် အဆိုးဘက် မရောက်စေဖို့အတွက် လုပ်လေ့ရှိတာ ဖြစ်ပါတယ်။

အခု စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း လောကီအစီအရင်တွေ ယတြာတွေ၊ တဘောင်တွေကို သုံးပြီး အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုကို ပြည်သူအများက တုံ့ပြန်ခုခံခဲ့ကြာတာ ရှိသလို အာဏာသိမ်း သူများကလည်း အစီအရင်တွေလုပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။
အထင်ရှားဆုံးကတော့ အာဏာသိမ်းမှုအပြီး အစောဆုံး အဖမ်းခံခဲ့ရတဲ့ ဗေဒင်လက္ခဏာပညာရှင် လင်းညို့တာရာပဲ ဖြစ်ပါတယ်။
လင်းညို့တာရာရဲ့ ၂၀၂၁ ခုနှစ် ဟောကိန်း ဖြစ်တဲ့ “ဆတ်ဆတ်အထိ မခံသော အစိုးရ ပေါ်ပေါက်မည်၊ နာမည်ကြီး ဆရာတော်ကြီး ပျံလွန်တော်မူမည်” စတာတွေဟာ စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခြင်းနှင့် ပျဉ်းမနားမြို့ နိုင်ငံတော် သြဝါဒစရိယ ဈေးကုန်းဆရာတော်ကြီး ရဟတ်ယာဉ် ပျက်ကျ ပျံလွန်တော်မူမှုတို့နှင့် တိုက်ဆိုင်တာကြောင့် အင်မတန် နာမည်ကြီးခဲ့ပါတယ်။
လင်းညို့တာရာဟာ စစ်အာဏာသိမ်းမှုကို ကျရှုံးစေရန် ဖယောင်းတိုင်ကို အပ်ချောင်းစိုက်စေလျက် အောက်လမ်းအစီအရင် ပြုလုပ်ရန် ပြည်သူများကို တိုက်တွန်းခဲ့ပြီး မြန်မာနိုင်ငံတဝှမ်းက လိုက်ပါ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒါပြီးတဲ့နောက်မှာတော့ စစ်တပ်က လင်းညို့တာရာကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ လွတ်မြောက်ခြင်း မရှိသေးပါဘူးလို့ Myanmar Now က ယမန်နှစ် ဖေဖော်ဝါရီလ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
လောကီအစီအရင်တွေ၊ ဝေဒပညာတွေကို စီရင်ပြုလုပ်လာတာတွေကို သရုပ်ခွဲရင် အာဏာလက်ဝယ်ရှိသူနဲ့ အာဏာ မရှိသူ ဖိနှိပ်ခံများ ပြုလုပ်မှုဆိုပြီး နှစ်မျိုးတွေ့နိုင်ကာ အဲဒီအကြားက အားပြိုင်မှုကိုလည်း မြင်နိုင်ပါတယ်။
ဒီလို လောကီအစီအရင်တွေ၊ ဝေဒပညာတွေကို စီရင်ပြုလုပ်လာတာတွေကို သရုပ်ခွဲရင် အာဏာလက်ဝယ်ရှိသူနဲ့ အာဏာ မရှိသူ ဖိနှိပ်ခံများ ပြုလုပ်မှုဆိုပြီး နှစ်မျိုးတွေ့နိုင်ကာ အဲဒီအကြားက အားပြိုင်မှုကိုလည်း မြင်နိုင်ပါတယ်။
လောကီအစီအရင်တွေကို အာဏာပိုင်စိုးတဲ့ လူတွေက ပိုမိုယုံကြည်လေ့ရှိကြတယ်၊ ဒါမှမဟုတ် အယူသည်းလေ့ရှိတယ်လို့ ပုံမှန်အားဖြင့် မီဒီယာတွေမှာ တွေ့ရလေ့ရှိပါတယ်။ ဒါဟာ အတိုင်းအတာ တခုအထိ မှန်တယ်လို့ ယူဆလို့ရပေသည့် လူများစုက နေ့တိုင်း နိစ္စဒူဝ လုပ်လေ့ရှိတာကိုလည်း မေ့ထားလို့မရပါဘူး။
ဒါပေသည့် အာဏာရှိသူများဟာ ဖြစ်လာနိုင်တဲ့ရန်၊ မကောင်းမှုတွေကို တတ်နိုင်သလောက် အစီအရင်များနဲ့ ကာကွယ်လေ့ရှိပါတယ်။ ရှေးမြန်မာမင်းများရဲ့ ဝန်ကြီးအဖွဲ့မှာ လောကီအစီအရင်ကို တတ်ကျွမ်းတဲ့ ပုဏ္ဏားနဲ့ ပရောဟိတ်များဟာ အတိုင်ပင်ခံအဖြစ် ပါဝင်လေ့ရှိပါတယ်။
ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရား လက်ထက်မှာဆိုရင် တဘောင်အဆိုအရ နတ်ရွာစံနိုင်ကြောင်း ပရောဟိတ်များက အကြံပြုလို့ မူလနန်းတော်မှာ မနေဘဲ ယတြာအစီအရင်အနေနဲ့ ယာယီနန်းတော်မှာ ရွှေ့နေတာမျိုး ရှိခဲ့ပါတယ်။
ဒါ့အပြင် ကနောင်မင်းသားကြီး အသတ်ခံရပြီးနောက် ၎င်းရဲ့ အလောင်းကို မင်းမြှောက်တန်ဆာများနဲ့ မူလနန်းတော်မှာ ပြင်ဆင်ပြီး ဘုရင်နတ်ရွာစံနိုင်တယ်ဆိုတဲ့ တဘောင်ကို မင်းတုန်းအစား ကနောင်မင်းသားက ဘုရင်အဖြစ် အစားထိုးခံသွားဟန် ယတြာထပ်မံ ချေခဲ့ပါသေးတယ်လို့ Aurore Candier ရဲ့ စာတမ်းတခုမှာ ဖော်ပြထားပါတယ်။
လွတ်လပ်ရေး ရပြီးနောက် ဝန်ကြီးချုပ် ဦးနု လက်ထက်မှာလည်း ရိုးရာနတ်တွေကို ပူဇော်ပသတာ၊ ဗလိနတ်စာကျွေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်လို့ BBC က ဖော်ပြတဲ့ ဘိုဘိုရဲ့ “နတ်ကိုးကွယ်မှုနဲ့ နောက်ကွယ်က အကြောင်းတရားများ” မှာ ဖော်ပြထားပါတယ်။
ဆိုရှယ်လစ်လို့ လက်ဝဲ ရုပ်ဝါဒအားကောင်းတဲ့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာတောင်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းကတော့ ယတြာနှင့် ဗေဒင်တွေကို အဓိက ယုံကြည်သူဖြစ်တယ်လို့ နာမည်ကျော်ပါတယ်။
မြန်မာတပြည်လုံးကို ဒုက္ခရောက်စေခဲ့တဲ့ (၂၅/၃၅/၇၅) ကျပ်တန်များကို ဖျက်သိမ်းပြီး (၉) နဲ့ စားလိုပြတ်တဲ့ (၉/၄၅/၉၀) ကျပ်တန်များနဲ့ မြန်မာ့ငွေကြေးကို အစားထိုးလိုက်တာကလည်း ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ဝေဒပညာအပေါ် သက်ဝင်ယုံကြည်မှုနဲ့ အများကြီး သက်ဆိုင်တယ်လို့ ဆိုကြပါတယ်လို့ Southeast Asia in the New International Era စာအုပ်ပါ စာတမ်းတစောင်မှာလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဝေဒပညာရှင် ဒေါက်တာ ဖေဉာဏ်ကို လောကီအစီအရင် ဝေဒပညာနဲ့ ပက်သက်ရင် အားထားခဲ့သလို စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ခင်ညွန့်ကလည်း တိံကြားမင်းခေါင်ကို အင်မတန်အားထားခဲ့ကြောင်း တွေ့ရပါတယ်။
နေပြည်တော် မြို့သစ်တည်တာ၊ ရွေတိဂုံစေတီတော် ပုံတူ ဥပ္ပါတသန္တိ စေတီတော်ကြီးကို နေပြည်တော်မှာ တည်ထားတာ စတာတွေဟာ လောကီအစီအရင်များနှင့် မလွတ်ကင်းနိုင်လို့ ယူဆကြကြောင်း ၂၀၁၆ ခုနှစ်၊ ဧပြီလက “မြန်မာတို့နှင့် လောကီအစီအရင်များ” ဆိုပြီး ဧရာဝတီ သတင်းမှာ ဖော်ပြခဲ့ဖူးပါတယ်
ဒါ့အပြင် သမ္မတ ဦးသိန်းစိန် အာဏာရပြီးနောက်ပိုင်း တပ်မတော် အရာရှိဟောင်းများနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ (USDP) က နေပြည်တော်၊ မင်းဝင်တောင်ပေါ်မှာ တည်ထားခဲ့တဲ့ “အာဏာတည်စေ၊ ပလ္လင်မြဲစေ၊ ရာထူးတိုးစေ” ယတြာရုပ်တုများကလည်း ဗုဒ္ဓဆင်းတုတော်နဲ့ သဏ္ဍာန်ကွဲလွဲတဲ့အပြင် “ညာတင်ကုဋ်”ဆိုတဲ့ ယတြာရုပ်ထုတွေ့နဲ့ ဆင်တူနေတဲ့အတွက် ပွဲဆူသွားခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဖယ်ရှားဖို့ ညွှန်ကြားခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
အာဏာရှင်များရဲ့ ဖိနှိပ်မှုကို အာဏာ လက်ဝယ်မရှိသူ ဖိနှိပ်ခံများက အတိတ်နိမိတ်၊ တဘောင်တွေ၊ ဒေသိယစကားတွေ၊ ဓလေ့ထုံးထမ်းဆိုင်ရာ အစီအရင်တွေနဲ့ တုံ့ပြန်တွန်းလှန်ကြတာကို သမိုင်းစဉ်ဆက် တလျှောက် တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း ရှေးယခင် စစ်အာဏာရှင်တွေနည်းတူ ဗေဒင်ယတြာအပေါ် အထူးတလည် ယုံကြည်ကြောင်း သူရဲ့ လုပ်ဆောင်ချက်တွေက ထင်ရှားစေပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် အနိုင်ရပါတီက ဖွဲ့မယ့် အစိုးရမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒုတိယသမ္မတ (၁) နေရာအထိ မှန်းလို့ရတဲ့ တပ်ချုပ်ဟာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလထဲမှာ ပုဂံက ထီးလိုမင်းလို ဘုရားကို ထီးတင်ခဲ့ပါတယ်လို့ မြန်မာတိုင်းမ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါ ထီးတင်ပွဲမှာ တပ်ချုပ်ရဲ့ အခါတော်ပေး ဆရာတော်လို့ နာမည်ကြီးတဲ့ ဝဇီပိတ်ဆရာတော် ဥူးကောဝိဓက ကြီးမှူးခဲ့ပါတယ်။
ဒါ့အပြင် တပ်ချုပ်ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ မရှေးမနှောင်းမှာဘဲ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ အောင်မြေ ရွေဘိုမှာ အောင်မြေနင်းပြီး အောင်ဓာတ်ယူခြင်းများ ပြုလုပ်ခဲ့ပါသေးတယ်။
ဒီလိုပဲ အာဏာမသိမ်းမီမှာလည်း ပန္နက်ချတာတွေ လုပ်ခဲ့ပါသေးတယ်။ ဒါမျိုးဟာ စစ်တပ်မှ လုပ်တာမဟုတ်ဘဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ကံဦးလာဘ်ထူးစေတီ ထီးတော် တင်တာနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်းရဲ့ ကိုဗစ်ကာလ ဗိုလ်တထောင်ဘုရားမှာ လုပ်တဲ့ ရှင်ဥပဂုတ္တ ရေချတာနဲ့ အစ်မတော်မြနန်းနွယ် နန်းဆောင် ပြောင်းရွှေ့တဲ့ အစီအရင်အတွေဟာလည်း ထင်ရှားပါတယ်။
စစ်အာဏာသိမ်းမှုအပြီး နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို ရဲနဲ့ စစ်သားတွေက ပစ်ခတ်ဖြိုခွင်းရာမှာ ဦးခေါင်းထိခိုက် ဒဏ်ရာဖြင့် သေဆုံးသူတွေ များလာခဲ့ပါတယ်။ ဒီလိုအချိန်မှာ ခေါင်းကို ပစ်တာဟာ တပ်ချုပ်ရဲ့ အခါတော်ပေး ဝစီပိတ် ဆရာတော်ရဲ့ အစီအရင်ဖြစ်ကြောင်း အများပြည်သူအကြား ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါ အစီအရင်ကတော့ “ခေတ်ကို ပြောင်းချင် ခေါင်းကို ပစ်” ဟူ၍ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေကို လောကီအစီအရင်လုပ်ကြတာ၊ ယတြာချေတာကို သုံးသပ်ရင် ယုံကြည်တာကြောင့် လုပ်တာက တပိုင်းဖြစ်သလို တဘက်မှာလည်း အာဏာရှင်တွေရဲ့ တရားဝင်မှု (legitimacy) တည်ဆောက်ရေးတွေနဲ့ ဆက်စပ်နေပြန်ပါတယ်။
တရားဝင်မှု တည်ဆောက်တယ် ဆိုတဲ့နေရာမှာ စစ်တပ်ဟာ ရွေးကောက်ခံ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲက အပ်နှင်းတဲ့ တရားဝင်မှု မရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ရေးဆိုင်ရာ သြဇာတိက္က မရှိတာကြောင့် လူကြိုက်များပြီး အများလက်ခံတဲ့ တရားဝင်မှုမျိုးလည်း ရှိမနေပြန်ပါဘူး။ ဒါကြောင့် တိုင်းပြည် တည်ထောင်စဉ်ကတည်းက အရိုးစွဲ ယုံကြည်ခဲ့တဲ့ အယူအဆတွေကို ပြန်လည် ဖော်ထုတ်ပြီး တရားဝင်မှုကို တည်ဆောက်လာပါတယ်။
အာဏာရှင်များရဲ့ ဖိနှိပ်မှုကို အာဏာ လက်ဝယ်မရှိသူ ဖိနှိပ်ခံများက အတိတ်နိမိတ်၊ တဘောင်တွေ၊ ဒေသိယစကားတွေ၊ ဓလေ့ထုံးထမ်းဆိုင်ရာ အစီအရင်တွေနဲ့ တုံ့ပြန်တွန်းလှန်ကြတာကို သမိုင်းစဉ်ဆက် တလျှောက် တွေ့ရပါတယ်။
ယခင် ရှင်ဘုရင်တွေနေတဲ့ နေရာကို မင်းနေပြည်တော်လို့ သမုတ်ကြတာကြောင့် ဦးသန်းရွှေ လက်ထက်မှာ နေပြည်တော်ဆိုပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ မြို့သစ် တည်ဆောက်တာတွေ၊ ရှေးမြန်မာမင်းတွေလို သာသနာပြုမင်းအဖြစ် ခံယူပြီး ဘုရားတည်၊ ကျောင်းဆောက် လုပ်ဆောင်ကြမှုများက တရားဝင်မှု တည်ဆောက်နေတာနဲ့ အများကြီး ဆက်စပ်ပါတယ်။
မြို့သစ်တည်တာ၊ ဘုရားတည်တာတွေ လုပ်ဆောင်ရာမှာ ရှေးမြန်မာမင်းများလက်ထက်ကတည်းက ပုဏ္ဏားတွေလို အခါတော်ပေးတွေရဲ့ အစီအရင်တွေကို လုပ်ဆောင်ကြသလိုမျိုး စစ်အာဏာရှင်တွေကလည်း လောကီအစီအရင်တွေကို တသွေမတိမ်း လုပ်ဆောင်ကြရင်း တရားဝင်မှုကို တည်ဆောက်ရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။
အထင်ရှားဆုံးကတော့ စစ်အာဏာသိမ်းခေါင်းဆောင်ဟာ ၎င်းရဲ့ ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့နှင့် ၁၃ မိုင်ခန့် ဝေးတဲ့ ပွင့်ဖြူမြို့နယ်၊ သက်သာပန်းတောင်းရွာက သက်သာပန်းတောင်း အမည်ရှိတဲ့ စေတီတစ်ဆူကို ရှေးတဘောင် သိုက်စာများအရ အောင်မြေဖြစ်တဲ့အတွက် ထီးတော်တင်ပြီး စကြာပန်းတောင်းလို့ အမည်ပြောင်းခဲ့ပါတယ်။
ဒါ့အပြင် စေတီပရဝုဏ်အတွင်းမှာ အတိုက်အခံ လွတ်ကင်းအောင်၊ အသက်အန္တရာယ်ပြုမယ့်သူ အန္တရာယ်က ကင်းဝေးအောင် “အဘယ ဇာတကအင်း”ဆိုတဲ့ အင်းကွက် တခုကိုလည်း ပြုလုပ်ထားပြီး ၎င်းကိုယ်တိုင် အမွှေးနံ့သာများနဲ့ ပက်ဖြန်းခဲ့ပါသေးတယ်။
ပြည်ထောင်စုနေ့ အခမ်းအနားမှာလည်း ယတြာအစီအရင်အနေနဲ့ တက်ရောက်သူအားလုံးကို ချိတ်လုံချည်နဲ့ ပုံတော်ဖိနပ် ဝတ်ဆင်စေခဲ့တယ်လို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက Myanmar Now ရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အာဏာရှင်များရဲ့ ဖိနှိပ်မှုကို အာဏာ လက်ဝယ်မရှိသူ ဖိနှိပ်ခံများက အတိတ်နိမိတ်၊ တဘောင်တွေ၊ ဒေသိယစကားတွေ၊ ဓလေ့ထုံးထမ်းဆိုင်ရာ အစီအရင်တွေနဲ့ တုံ့ပြန်တွန်းလှန်ကြတာကို သမိုင်းစဉ်ဆက် တလျှောက် တွေ့ရပါတယ်။
ဒါဟာ ဆန္ဒပြပွဲကြီးတွေလို၊ လက်နက်ကိုင်တွန်းလှန်သလို မမြင်သာပေမယ့် လူမှုအသိုက်အဝန်းမှာ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတဲ့ နေ့စဉ်ရက်ဆက် ဆန့်ကျင်တွန်းလှန်မှု ပုံစံတွေ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင် James C. Scott ကတော့ “Weapons of the Weak: Everyday Forms of Peasant Resistance” မှာ အဲဒီအကြောင်းကို အကျယ်တဝင့် သုတေသနပြု ရေးသားခဲ့ပါတယ်။
အဲဒီ တွန်းလှန်မှုတွေကို မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွေမှာလည်း အကျယ်တဝင့် တွေ့နိုင်ပါတယ်။ စနေနံ အင်္ဂလိပ်ကို နိုင်ဖို့ တနင်္ဂနွေ ဂဠုန်မင်းပုံ သုံးပြီး စစ်ထွက်တဲ့ ပုံရိပ်သုံးတာ၊ ထီးရိုးကို မိုးကြိုးပစ်မည်ဆိုတဲ့ ခင်မောင်ရင်ရဲ့ စကြာသိုက် သီချင်းထဲကအတိုင်း မြင်ကွန်းမင်းရဲ့သားတော် ဗိုလ်မိုးကြိုး ဆိုပြီး ဗိုလ်မှူးကြီး ဆူဇူကီးကို ပွဲထုတ်ခဲ့တာတွေ၊ ဆရာစံက တုတ်ပြီးဓားပြီးဆေး၊ ဗုဒ္ဓရာဇာ ဂဠုန်အိပ်မက်တွေနဲ့ လယ်သမားအရေးတော်ပုံအတွက် စည်းရုံးခဲ့တာတွေက ထင်ရှားပါတယ်။
မြန်မာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း အထက်ပါ တွန်းလှန်မှုနဲ့ သဘောတရားတူတဲ့ လုပ်ဆောင်မှုများစွာ တွေ့လာရပါတယ်။
အထူးခြားဆုံးကတော့ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက တနိုင်ငံလုံးနီးပါးက သံပုံးတီးကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြပါတယ်။ သံပုံးတီးတယ်ဆိုတဲ့ အယူအဆဟာ မိစ္ဆာ၊ သရဲ၊ တစ္ဆေနှင့် မကောင်းဆိုးဝါးကို နှင်ထုတ်ခြင်းလို့ မှတ်ယူကြပါတယ်လို့ The Voice ဂျာနယ်က ဖော်ပြခဲ့ပါတယ်။
ပုဂံမြို့က ဒေသခံ ၁,၀၀၀ ကျော်ဟာ စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေကို တပ်ချုပ် မင်းအောင်လှိုင် ထီးတင်ခဲ့တဲ့ ထီးလိုမင်းလို ဘုရားမှာ “ငှက်ပျောပွဲ၊ အုန်းပွဲ”များနဲ့ ကျိန်စာတိုက်ခဲ့တယ်လို့ ကမာရွတ်သတင်းမှာ ဖော်ပြထားပါတယ်။ မ
ြန်မာပြည်အနှံ့က ပြည်သူများဟာလည်း နေထိုင်ရာ ဒေသက တန်ခိုးကြီးဘုရာများ၊ ရိုးရာနတ်ဓလေ့များနှင့် သက်ဆိုင်တဲ့ နေရာများ၊ သုသာန်များမှာ စစ်အာဏာရှင်ကို ကျိန်စာတိုက်ခြင်းနှင့် ယတြာအစီအရင်များ ပြုလုပ်ခဲ့ကြပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ရွှေသိမ်တော်ဘုရားမှာ ဒေသခံများက “သပိတ်မှောက်မှဆီ၊ ရွှေသိမ်တော်မြတ်ဆီသို့၊ ‘မင်း’ ဆိုးယုတ်ကြောင့်၊ ပြည်သူ နှလုံး၊ မရွှင်ပြုံး၍၊ ဆုရည်လို့ငှာ၊ ချီတက်လာပြီး၊ ပြည်သူ့ ကျိန်စာ၊ တိုက်ရပါသည်၊ ဆိုသစ္စာ စကား၊ မှန်သော်ငြားက၊ ကျောက်ဆည် ဘုရား၊ ကျိန်စာများသည်၊ မိစ္ဆာ ‘မင်း’ ယုတ်၊ မျိုးလုံးပြုတ်အောင် ‘ပြည်သူ့’ သစ္စာစူးစေသော်” ဟု တိုင်တည်ခဲ့ကြတယ်လို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ကမာရွတ် မီဒီယာရဲ့ ရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။
လောကီအစီအရင်များကို အကြောင်းပြုပြီး ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားများကို ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့မှုလည်း ရှိခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ရဲ့ သမီးဖြစ်သူ စာရေးဆရာမ မေသင်္ကြန်ဟိန်က တပ်ချုပ်ရဲ့ မင်းဆရာ ဖြစ်တဲ့ သီတဂူဆရာတော်ရဲ့ မွေးဇာတာကို ဝေဒပညာဖြင့် တွက်ချက်ကာ ယတြာ (၂) ခု ပြုလုပ်ပေးရန် လူမှုကွန်ရက်စာမျက်နှာ ပေါ်ကတဆင့် တောင်းဆိုခဲ့ပြီး ထောင်နဲ့ချီသော ပြည်သူများက ပြန်လည် မျှဝေခဲ့ကြပါတယ်။
အဆိုပါ ယတြာ နှစ်ခုအနက်မှ တခုမှာ သက်တော် ၈၅ နှစ်ရှိပြီး သီတဂူဆရာတော်အနေနဲ့ သတ္တဝါ ၈,၅၀၀ ကို ကယ်တင်ပေးရန် ဖြစ်ပါတယ်။ ထိုအချိန်က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားကြတဲ့ ပြည်သူ ၈,၄၀၀ ကျော် ဖမ်းဆီးခံထားရချိန် ဖြစ်ပါတယ်။
အာဏာသိမ်းပြီး သိပ်မကြာခင်မှာဘဲ ၁၉၉၂ ခုနှစ် ရွှေပေါ်ကျွန်း ဆရာတော်ကြီး ရေးသားခဲ့တယ်လို့ ယူဆရတဲ့ “မီးကုန်ယမ်းကုန် ရိက္ခာကုန် တပ်တွင်း သူပုန်ထလိမ့်မည်” အစချီပြီး “ထို့နေ့အခါ မင်းမိစ္ဆာ ယတြာဘယ်လိုကောင်းကောင်း တပေါင်း မကျော်ပြီ” ဆုံးတဲ့ တဘောင်တခု ပြန်လည် ပေါ်ထွက်လာခဲ့ပါတယ်။
အဆိုပါတဘောင်ကြောင့် စစ်အာဏာရှင်ဟာ တပေါင်းလမှာ ပြုတ်ကျလိမ့်မယ်လို့ တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့ကြသလို အဆိုပါ တပေါင်မှ “တပေါင်းစစ်ချီ ဒေါင်းစစ်သည် သောင်းချီတက်လိမ့်မည်” ဟူသော စာသားကို ဆန္ဒပြပွဲများတွင် ထုတ်ယူ သုံးစွဲခဲ့ကြပါတယ်။
အထက်ပါ တဘောင်ကြောင့် အာဏာသိမ်းစစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ပုလဲမြို့နယ်အခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်နဲ့ ခေါင်းဆောင် ဗိုလ်နဂါးတို့ဟာလည်း တဘောင်တွေ၊ ဒေသိယ တွန်းလှန်မှု စကားတွေဆိုတာဟာ ဘုန်းကြီး၊ ရဟန်းရေးမှ မဟုတ်ဘဲ ပြည်သူများအကြား နေ့စဉ် ပြောဆိုမှုတွေကြားလည်း ပေါ်ထွက်လာတတ်ပါသေးတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်ပိုင်း သေနတ်ပစ်သတ်ခံရရင် “ဖောင်းဒိုင်း”၊ ဓားနဲ့ ထိုးခံရင် “ဇွပ်ဇွပ်” စသဖြင့်လည်း ပြည်သူများအကြား သုံးစွဲခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာတွေဟာ မကောင်းဆိုးဝါးများ၊ နတ်ဆိုးများ၊ အောက်လမ်း အစီအရင် ယတြာများကို ဟန့်တားနိုင် ကာကွယ်နိုင်သည့် တခုတည်းသော အရာမှာ ဘုရားဟောခဲ့တဲ့ ပရိတ်နှင့် ပဌာန်းများ ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
ဒါကြောင့်ဘဲ တပ်ချုပ်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်ပြီး တပ်မတော်သား ဇနီးများဟာ နေပြည်တော်မှာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့က အသံမစဲ ပဌာန်း ၅ ကျမ်းကို ၁၁ ရက်တိုင်တိုင် ရွတ်ဆိုကြတယ်လို့ သိရပါတယ်။
ဒီလို ၁၁ ရက် ရွတ်ဆိုတာဟာ ၁၁ မီး ငြိမ်းရန်အတွက် ယတြာပြုလုပ်တယ်လို့လည်း ပြည်သူအများက ထင်ကြေးပေးကြပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလက The Diplomat မှာ Naw Theresa က ရေးသားခဲ့ပါတယ်။
ယခင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စစ်ကိုင်တိုင်းဝန်ကြီးချုပ်က အင်းတော်သုသာန် ရှင်းလင်းချိန်က ရရှိခဲ့တဲ့ ကုက္ကိုပင်ကို ထွင်းထုထားတဲ့ ကမ္ဘာအကြီးဆုံး စည်တော်ကြီးကို သီတဂူဆရာတော် ဝိဇာတမွေးနေ့ အထိမ်းအမှတ် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး သမိုင်းဝင်ကောင်းမှုတော် စေတီမှာ ထားရှိခဲ့ပါတယ်။
အဆိုပါစည်တော်ကြီးကို ယခင်အစိုးရက သုသာန်က ရတဲ့ သစ်သားကို အင်ဒို/ပသီ အောက်လမ်းနည်း ယတြာအစီအရင်များနဲ့ ပြုလုပ်ထားလို့ စစ်ကိုင်းတိုင်းဟာ အာဏာရှင်ဆန့်ကျင်ရေး အားကောင်းပြီး စစ်ကောင်စီတပ်များ အကျအဆုံးများရတယ်လို့ဆိုကာ ဖယ်ရှားကာ မူလ အင်းတော်မြို့ကို ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ ဧရာဝတီ သတင်းဌာနက ဖော်ပြဖူးပါတယ် ။
အထက်ပါ အခြေအနေများကို ချိန်ထိုးသုံးသပ်ပါက လောကီအစီအရင်၊ ဝေဒပညာတွေဟာ မြန်မာ့နိုင်ငံရေးမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပက်သက်နေတယ်လို့ ဆိုရပါမယ်။ အာဏာသိမ်းစစ်တပ်နဲ့ ဆန့်ကျင်တဲ့ ပြည်သူများအကြား လောကီပညာ၊ ဝေဒပညာတွေကို သုံးပြီး ယတြာ၊ အောက်လမ်းအစီအရင်တွေ ပြလုပ်အားပြိုင်ကြတာကို အထင်အရှားတွေ့ရပါတယ်။ ဒါကြောင့် နေ့စဉ်ဖိနှိပ်မှုနဲ့ တွန်းလှန်မှုကို လေ့လာကြရင် အထက်ပါ အချက်အလက်တွေကို ချန်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
(ဥသြ (နိုင်ငံရေးသိပ္ပံ) သည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံပညာ ကျောင်းသားတဦး ဖြစ်ပြီး Myanmar Youth for Peace Development ရဲ့ သုတေသီ တဦးလည်း ဖြစ်ပါသည်။)
ကိုးကား – Candier, Aurore, “Conjuncture and Reform in the Late Konbaung Period: How Prophecies, Omens and Rumors Motivated Political Action from 1866 to 1869.” Journal of Burma Studies, Volume 15, Number 2, December 2011, pp. 231-262
– Dayley, Robert & Neher, Clark D., “Southeast Asia in the New International Era,” Westview Press, 2013
– ဘိုဘို – ဂဠုန်ဆရာစံရဲ့ လယ်သမားသူပုန်ကြီးနဲ့ ကမ္ဘာ့ဆန်အိုးဖြစ်ခဲ့တဲ့ မြန်မာပြည်။ BBC Burmese, ၂၁ ဒီဇင်ဘာလ
– Theresa, Naw, “Prophecies, Rituals, and Resistance in Myanmar,” The Diplomat, 19 April 2022
You may also like these stories:
စစ်ကောင်စီခေါင်းဆောင် မွေးနေ့ ဒေါက်တာသာရင်မြတ်အလှူ တက်ရောက်
ရခိုင်ပြည် မဟာမုနိသိမ်တော် ပြုပြင်ရေးက ထွက်လာသော အတွေးများ
တနိုင်ငံလုံး မီးတင်ရှို့သည့် စစ်ကောင်စီက ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓဆင်းတုတော်အတွက် ငွေပုံအောသုံးနေ
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ
မြန်မာ့ လူသတ်ဂိုဏ်းချုပ်နှင့် ကြံရာပါများ
ထင်ရှားသော ဆရာတော်ကြီးများကြား မဟာမိတ်များ စစ်ကောင်စီ ရှာဖွေ