ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး သေဒဏ်ချခံထားရသော မြန်မာနိုင်ငံသား ၂ ဦးအမှုအတွက် ယနေ့ တရားရုံးက လက်ခံလိုက်သည့် အယူခံလွှာတွင် မျိုးဗီဇ (DNA) ဆိုင်ရာကို အဓိက တင်ပြထားကြောင်း သိရှိရသည်။
အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ခိုင်လုံသော သက်သေ၊ အထောက်အထားများ တင်ပြနိုင်ရန် အချိန်ယူပြင် ဆင်ခဲ့သော ထိုင်းရှေ့နေများကောင်စီက DNA စစ်ဆေးချက်များနှင့် ပတ်သက်၍ အဓိကထား တင်ပြခဲ့ကြောင်း ရှေ့နေအဖွဲ့ ခေါင်း ဆောင် မစ္စတာ နခေါ်န် ချုမ်ဖူချာတ် က ပြောသည်။
မစ္စတာ နခေါ်န်ချုမ်ဖူချာတ် က “ကျနော်တို့က အဓိကတင်တာက DNA နဲ့ ပတ်သက်ပြီး တင်တယ်။ လက်ခံလိုက်ပြီဆိုရင် ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လောက် တရားရင်ဆိုင်ရမယ့် အနေအထား ရှိပါတယ်”ဟု ဧရာဝတီကို ပြောသည်။
စာမျက်နှာ ၂၀၀ ခန့်ရှိသော ထိုအယူခံလွှာတွင် မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ထံမှ DNA ရယူ ပုံသည် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့် ကိုက်ညီခြင်း မရှိကြောင်း၊ ချွတ်ယွင်းချက်၊ အားနည်းချက်များနှင့် ခိုင်လုံမှုမရှိသော ထိုင်း ရဲတပ်ဖွဲ့၏ DNA စစ်ဆေးချက်များကို တရားစီရင်ရာတွင် မသုံးသင့်ကြောင်း စသည့် ချေပထောက်ပြချက်များ ပါဝင်ကြောင်းလည်း သိရ သည်။
လိပ်ကျွန်း လူသတ်မှု၌ ထိုင်းရဲတပ်ဖွဲ့၏ DNA စစ်ဆေးမှုသည် ပြည့်စုံမှုမရှိ၍ ပြန်လည် စစ်ဆေးရန် နိုင်ငံတကာ ဥပဒေရေးရာနှင့် မှုခင်း ဆေးပညာသိပ္ပံ ပါရဂူများကလည်း တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ကလည်း လိပ်ကျွန်းအမှုနှင့် သေဒဏ်ချခံထားရသူ နှစ်ဦး၏ စာမျက်နှာ ၁၉၈ မျက်နှာပါ အယူခံလျှောက်လွှာကို တရားရုံးက ယနေ့ လက်ခံလိုက်ပြီးနောက် အမှုနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့် ကိစ္စများကို ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“အယူခံတင်တာက မနက်ပိုင်းကပါ။ နေ့လယ် ၂ နာရီလောက်မှာ အယူခံကို လက်ခံလိုက်ပါပြီ။ ဥပဒေ လမ်းကြောင်းအတိုင်း လုပ် တဲ့ ဟာပဲလေ။ လက်ခံလိုက်ပြီဆိုတော့ တခုခုတော့ အဆုံးအဖြတ်ပေးမှာပေါ့”ဟု သံအမတ်ကြီး ဦးဝင်းမောင်က ပြောပြသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင် (ခေါ်) လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အတွက် ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက နောက်ဆုံးအကြိမ် အဖြစ် စတုတ္ထအကြိမ် ရက်တိုး တင်သွင်းထားသည့် အယူခံလွှာကို ယနေ့ နံနက်ပိုင်းတွင် ကော့စမွီတရားရုံးက လက်ခံလိုက်ခြင်း ဖြစ်သည်။
သေဒဏ်ချခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ခိုင်မာသည့် အထောက်အထား အချက်အလက်များရရှိရန် ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအဖွဲ့တို့က အယူခံရက်တိုး လျှောက်မှုကို ၄ ကြိမ် ဆက်တိုက်ပြုလုပ်ခဲ့သည်။
ယနေ့ အယူခံတရားရုံးသို့ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ မိခင်များပါ တက်ရောက်ခဲ့ကြပြီး မေလ ၂၄ ရက်တွင် နွန်ထဘူရီခရိုင်ရှိ ဘမ်ခွမ် အကျဉ်းထောင်တွင် သားဖြစ်သူနှစ်ဦးအား ထောင်ဝင်စာသွားရောက် တွေ့ဆုံမည်ဟု မိခင်များက ပြောဆိုကြသည်။
ကိုဝင်းဇော်ထွန်း၏ မိခင် ဒေါ်မြသိန်းက “ထိုင်းအစိုးရရဲ့ တရားစီရင်ရေးဟာ အမှန်တရားအတိုင်း ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။ သားက ဒီလူသတ်မှုမှာ ကျူးလွန်သူမဟုတ်ဘူးလို့ ယုံကြည်တယ်။ အဲဒီအတွက် ဒီအယူခံကတဆင့် သေချာပေါက် လွတ်မယ်လို့ ယုံကြည်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် အခင်းမဖြစ်ပွားခင်က ထိုင်းနိုင်ငံတောင် ပိုင်း လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က လူသတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့ကြောင်း မူလက ထွက်ဆိုခဲ့ကြသော်လည်း နောက် ပိုင်း တရားရုံးချိန်းများ၌ ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ပြီး အမှုကိုမကျူးလွန်ကြောင်း ပြန်လည်ထွက်ဆိုခဲ့ကြ သော်လည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့နှစ်ဦးအား လူသတ်မှုအပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံး ပြစ် ဒဏ် များ ချမှတ်ခဲ့သည်။