အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အနည်းဆုံးလေးလကြာမည့် ဒုက္ခသည်ဝင်ရောက်မှု ယာယီပိတ်ပင်ခြင်း အမိန့်ကို သောကြာနေ့က လက်မှတ်ရေးထိုးလိုက်သောကြောင့် အမေရိကန်ပြည်ထောင်စု၏ ဒုက္ခသည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအစီအစဉ်များ တရားဝင်ရပ်ဆိုင်းသွားသည်။
နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်တားဆီးခံရသူများစာရင်းတွင် အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ဆီးရီးယားနှင့် ယီမင်စသည့် မွတ်စလင်အများစု နေထိုင်သောနိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများလည်း ပါဝင်သည်။
ထိုလုပ်ဆောင်ချက်ကြောင့် အမေရိကန်ပြည်ထောင်စုသို့ရောက်နှင့်သူ တသိန်းခန့်နှင့် ပြန်လည်ပေါင်းစည်းရန်အတွက် အမေရိကန်ပြည်ထောင်စုတွင် နေရာချထားပေးခံရရန် စောင့်ဆိုင်းနေကြသော မြန်မာ-ထိုင်းနယ်စပ်တွင် လတ်တလော နေထိုင်နေကြသည့် မြန်မာဒုက္ခသည်များအကြားတွင်လည်း အံ့သြမနှစ်မြို့မှုများ ဖြစ်ပေါ်စေခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာ-ထိုင်းနယ်စပ်မှ ဒုက္ခသည် ပြန်လည်နေရာချထားပေးရေးအစီအစဉ်ကို ၂၀၁၄ ခုနှစ်က ပင် ရပ်ဆိုင်းခဲ့သော်လည်း မရပ်ဆိုင်းမီက အစီအစဉ်ကို စောင့်ဆိုင်းနေသူများအပေါ် ထရမ့်၏အမိန့်က ရိုက်ခတ်နိုင်သည်ဟု ဆယ်စုနှစ် ၂ ခုကျော်ကြာ မြန်မာဒုက္ခသည်များအတွက် အကူအညီများခွဲဝေရေး အဆင်ပြေစေရန် လုပ်ဆောင်ပေးနေ သော လူသားချင်းစာနာမှုအဖွဲ့ဖြစ်သည့် Thailand Border Consortium (TBC) ၏မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ဒါရိုက်တာ Duncan McArthur က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
အခြားသောထိခိုက်သူများတွင် အမေရိကန်ပြည်ထောင်စု အထူးအကာအကွယ်ပေးရေး အစီအစဉ်အရနှင့် မိသားစုပြန်လည်ပေါင်းစည်းရေးအတွက် ပြန်လည်နေရာချထားပေးရန် စောင့်ဆိုင်းနေကြသူများပါဝင်သည်။
“ထိုင်းနယ်စပ်စခန်းတွေက ဒီလို လက်ကျန်ပြန်လည်နေရာပြန်လည်ချထားရေး အစီအစဉ်မှာ ပါဝင်သူတွေဟာ ဒုက္ခသည် ယာယီပိတ်ပင်မှုပါဝင်တဲ့အမိန့်ကြောင့် ထိခိုက်နိုင်ခြေ အရှိဆုံးသူတွေပါ” ဟု Duncan က ဆက်လက် ပြောကြားပြီး အစဉ်အလာအားဖြင့် မြန်မာဒုက္ခသည်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ လူမျိုးစုများအရေးတို့နှင့်ပတ်သက်လျှင် အမေ ရိကန်အင်အားကြီးပါတီနှစ်ခုလုံးက အပြင်းအထန် ထောက်ခံကြသည်ဟုလည်း ဆိုသည်။
ဒုက္ခသည်စိစစ်မှုများကို ယာယီရပ်ဆိုင်းထားမည်ဟု နိုင်ငံတကာရွှေ့ပြောင်းသွားလာမှုအဖွဲ့International Organization for Migration (IOM)၊ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီ-UN refugee agency နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UN High Commissioner for Refugees (UNHCR) တို့ကဲ့သို့သော နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့ အစည်းများက စခန်းကော်မတီခေါင်းဆောင်များသို့ တနင်္ဂနွေနေ့က အကြောင်းကြားလာကြောင်း ထိုင်းနယ်စပ်ရှိ လူဦးရေ အများဆုံး မဲလဒုက္ခသည်စခန်း ဥက္ကဌ စောအောနပ်စ်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
စိစစ်မှုပြန်လည်စတင်မည့် နေ့ရက် အတိအကျကိုလည်း ထုတ်ပြန်ကြေညာခြင်းမရှိဟု သိရသည်။
“မိသားစုတွေနဲ့ ပြန်လည်ဆုံစည်းဖို့ ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီလို့ မနေ့က အစည်းအဝေးတခုမှာ IOM နဲ့ UNHCR က ကျနော်တို့ကို ပြောတယ်။ တခြား နောက်ဆက်တွဲပြန်လည် နေရာချထားရေး အစီအစဉ်တွေလည်း အဆုံးသတ်သွားပုံရတယ်။ ဒါပေမယ့် ကျနော်တို့ကို ဘာရက်စွဲမှ အတိအကျမပြောဘူး” စောအောနပ်စ် က ပြောသည်။ မိသားစုပြန်လည်ဆုံစည်းရန် ပြန်လည်နေရာချထားရေး အစီအစဉ်လျှောက်ထားသူအချို့မှာ ကရင်ဒုက္ခသည် ကော်မတီသို့ ထိုကိစ္စကို တင်ပြပြီးဖြစ်သည်။
ထိုအမိန့်တွင် ထရမ့်သည် မွတ်စလင်အများစုနေထိုင်သော နိုင်ငံများမှ နိုင်ငံသားများကို ရည်ရွယ်ခဲ့ပုံရသော်လည်း သူ၏မူ ဝါဒသည် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန် အပါအဝင် မြန်မာနိုင်ငံမှ အခြားဘာသာဝင်ဒုက္ခသည်များကိုလည်း ထိခိုက်စေသည်ဟု စောအောနပ်စ်က ပြောသည်။
ထရမ့်၏အမိန့်သည် ၎င်းတို့မြို့သို့ရွှေ့ပြောင်းနေထိုင်ရန် ယခင်ကပင် ခွင့်ပြုခဲ့ပြီးသူ ၂၂၀ ခန့်ကို ထိခိုက်ပြီးဖြစ်သည်ဟု ဒုက္ခသည်များကို နယူးယောက်ရှိ ဆိုင်ရာကျူ(Syracuse) တွင် အခြေချနိုင်ရန် အကူအညီပေးနေသော Catholic Charities က ပြောသည်ဟု အမေရိကန်မီဒီယာများက ပြောသည်။ ထိုသူများတွင် မြန်မာဒုက္ခသည်များလည်း ပါဝင်သည်။
ပြန်လည်နေရာချထားရေး အစီအစဉ်ဆိုင်းငံ့ခြင်းသည် ထိခိုက်လွယ်သည်ဟု သတ်မှတ်ထားခြင်းခံရသော မြန်မာဒုက္ခသည်များအတွက် အထူးသဖြင့် အန္တရာယ်ရှိနိုင်သည်ဟု UNHCR ပြောခွင့်ရသူ Vivian Tan က ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“ဆိုင်းငံ့လိုက်တယ်ဆိုတာ လူတော်တော်များများအတွက်ကတော့ အန္တရာယ်များတဲ့နေရာမှာ ဆက်ပြီးနေရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒီကိစ္စ ပြန်လည်သုံးသပ်တာကို အဆင်ပြေပြေ ထိထိရောက်ရောက်ဆက်ပြီး လုပ်နိုင်မယ်၊ ပြန်လည်နေ ရာချထားရေးအစီအစဉ် အမြန်ပြန်စမယ်လို့ UNHCR က မျှော်လင့်ပါတယ်” ဟု သူမက ဆက်ပြောသည်။
အမေရိကန်နိုင်ငံက ပံ့ပိုးပေးသော ပြန်လည်နေရာချထားရေးနေရာများသည် လွန်စွာ အရေးပါသည်ဟုလည်း သူမက ပြောပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်နေရာချထား ပေးခံရသော ဒုက္ခသည် သန်းပေါင်းများစွာတို့သည် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်လူမှုအခွင့်အရေးရှင်သန်မှုကို အကျိုးပြု ကြောင်း ပြသနေသည်ဟု ဆိုသည်။
“အမေရိကန်နိုင်ငံအစိုးရအနေနဲ့ သူတို့စီစဉ်ထားတဲ့ ပြန်လည်သုံးသပ်မှုအတွင်း ထူးထူးခြားခြား စိုးရိမ်ပူပန်စရာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျမတို့ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပြန်လည်နေရာချထားတဲ့အစီအစဉ်တွေ ဟာ အထိခိုက်လွယ်ဆုံးဒုက္ခသည်တွေကို ကူညီဖို့ ရည်ရွယ်ပါတယ်” ဟုလည်း UNHCR မှ Vivian Tan က ဆက်ပြော သည်။