၁၉၃၄ မှ ၁၉၃၆ အတွင်း ခရီးရှည် ချီတက်ပွဲ စတင်ခဲ့သည့်နေရာ ဖြစ်သော ကျန်ဇီပြည်နယ်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် မကြာသေးမီက သွားရောက်ခဲ့ခြင်းက နိုင်ငံအတွင်းတွင် ပြင်းထန်သော အချေအတင် ဆွေးနွေးမှုတခုကို ပေါ်ပေါက်စေခဲ့သည်။
မေလ ၂၀ရက်နေ့က အမှတ်တရဗိမ္မာန်တွင် ပန်းခြင်းချရင်း ရှီကျင့်ဖျင်က တရုတ်နိုင်ငံသည် ယခုအခါ ပြည်တွင်းနှင့် ပြည် ပမှ စိန်ခေါ်မှုများကို ကျော်ဖြတ်ရန် ခေတ်သစ် ခရီးရှည်ချီတက်ပွဲတခုပေါ်တွင် ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။
ခေတ်သစ် ခရီးရှည် ချီတက်ပွဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရင်ဆိုင်မည့် ရှီကျင့်ဖျင်၏ ဗျူဟာဖြစ်သည်။ ရှီကျင့်ဖျင်က ကျန်ဇီသို့ သွားရောက်လည်ပတ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ဒေါ်နယ်ထရမ့်က တရုတ်အစိုးရအနေဖြင့် သူ၏ တောင်းဆိုမှုများကို လိုက်လျောရန် မကြိုးစားသရွေ့ ကုန်သွယ်ရေး သဘောတူညီချက်တခု အမေရိကန်ဘက်က အသင့်ဖြစ်မည် မဟုတ်ကြောင်း ဂျပန်နိုင်ငံ တိုကျို မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
တရုတ် မူဝါဒ ဆိုင်ရာ သုတေသီတဦးက လေ့လာဆန်းစစ်မှုတခုကို ထုတ်ပေးခဲ့သည်။ “ရှီကျင့်ဖျင်က အမေရိကန်ကို ဆန့် ကျင်တဲ့ သဘောထားတင်းမာတဲ့ ရပ်တည်မှုကို ပြောင်းသွားခဲ့ပြီလို့ အလွယ်တကူ တွေးလိုက်ရင် မှားယွင်းပါလိမ့်မယ်။ တကယ့်ရည်မှန်းချက်က ၂၀၃၅ ခုနှစ်အထိ ဆက်သွားမယ့် အမေရိကန်နဲ့ “၁၅ နှစ် စစ်ပွဲ” တခုမှာ နောက်ဆုံး အနိုင်ရဖို့ ဖြစ်ပါတယ်။”
ထိုစစ်ပွဲက ယာယီပြန်လည်ဆုတ်ခွာခြင်း ရွေးချယ်စရာတခုနှင့် အတူ ပေါ်လာလိမ့်မည် ဖြစ်ပြီး ဒေါ်နယ်ထရမ့်နှင့် ထိပ်တိုက် စစ်ပွဲတခုကို ရှောင်ရှားခြင်း ဖြစ်သည်ဟု အဆိုပါ သုတေသီက ပြောသည်။
တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပြီး များမကြာမီတွင် ယခု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ မူလ အရင်းအမြစ် ဖြစ်သော တပ်နီတော်က ကျန်ဇီြပြည်နယ်၏မြို့တော် ရွေကျင်း Ruijin တွင် အခြေစိုက်စခန်းတခုကို ထူထောင်ခဲ့ကြသည်။
သို့သော်လည်း ၎င်း၏ ရန်သူများကို ပတ်ဝိုင်းရန် ကြိုးစားနေခဲ့သော ကူမင်တန် အမျိုးသားရေးပါတီ၏ စစ်တပ်က အင်အားကြီးထွားလာသည့်အခါ တပ်နီတော် ဗိုလ်ချုပ်များက အခြေစိုက်စခန်းကို စွန့်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး ၂ နှစ်ကြာ ခရီးရှည်ကို စတင် ချီတက်ခဲ့ကြသည်။
ပထမပိုင်းတွင် တပ်နီတော်က အနောက်ဘက်သို့ ဦးတည်ခဲ့ပြီး နောက်ပိုင်းတွင် မြောက်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ရာ နောက်ဆုံးတွင် ခရီးအကွာအဝေး ကီလိုမီတာ ၁၂၀၀၀ အထိ ရောက်ရှိသွားခဲ့သည်။
ခရီးရှည် ချီတက်ပွဲပြီးဆုံးသည့်နောက်တွင် ကွန်မြူနစ်ပါတီက ၎င်း၏ အခြေစိုက်စခန်းသစ် ဖြစ်သည့် ရှန်ဇီပြည်နယ် ယင်အန်းတွင် အောင်မြင်စွာ ရပ်တည်နိုင်ခဲ့ပြီး နောက်ဆုံး၌ ကူမင်တန်နှင့် တိုက်ခိုက်သည့် ပြည်တွင်းစစ်တွင် အနိုင်ရရှိခဲ့သည်။
ကွန်မြူနစ်များက တရုတ်ပြည်သစ် တခုဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ကြ သည်။ ပိုမို၍ အင်အားကြီးမားသည့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ရှောင်ရှားရန် ခက်ခဲကြမ်းတမ်းသော ခရီးရှည် ချီတက်ပွဲကို စတင်ခဲ့ပြီး ၁၅ နှစ် အကြာတွင် ဖြစ်သည်။
ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်ကျော် ဆုတ်ခွာမှုက ယင်အန်း၌ အဆုံးသတ်သွားသည့် အချိန် တပ်နီတော်၏ တပ်ဖွဲ့များက သိသိသာသာ လျော့နည်းနေခဲ့ပြီ ဖြစ်သည်။
လက်ရှိ အမေရိကန်-တရုတ် ဆက်ဆံရေးတွင် ခရီးရှည်ချီတက်ပွဲ ဥပမာနှင့် တင်စားနှိုင်းယှဉ်ကြည့်မည် ဆိုပါက ကွန်မြူနစ် ပါတီက အလားတူ ပြဿနာရှိသော အခြေအနေတခုကို ရင်ဆိုင်နေရကြောင်း တွေ့နိုင်မည် ဖြစ်သည်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်က ပိုမို၍ အထိနာသွားရလိမ့်မည် ဆိုသည့် ဟိတ်ဟန်ကို လူသိရှင်ကြား ဆက်လက်ထိန်းသိမ်းထားရင်း လက်တွေ့တွင် အမေရိကန် အစိုးရ၏ ကုန်သွယ်ခွန်များနှင့် အထူးသဖြင့် Huawei Technologies အပါအဝင် အထင်ကရ တရုတ် ကုမ္ပဏီများအပေါ် တိုက်ခိုက်မှုတို့က တရုတ်ကို အားသာချက် နည်းသည့် ဘက်သို့ တွန်းပို့နေကြသည်။
တိုကျိုတွင် မေလ ၂၇ ရက်နေ့က ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က “ခင်ဗျားတို့ သိပါတယ် တရုတ်နိုင်ငံကို စွန့်ခွာပြီး ကုန်သွယ်ခွန်မရှိတဲ့ ဧရိယာတွေကို သွားနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေက ရာနဲ့ထောင်နဲ့ ချီနေပါပြီ” ဟု ပြောကြားခဲ့သည်။
ကုန်သွယ်ခွန် တိုးမြင့်ခြင်းများ၏ အကျိုးရလဒ်တခု အနေဖြင့် လုပ်သားအင်အား လျှော့ချရခြင်း လှိုင်းတခုက တရုတ် ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ၊ e-commerce ကဏ္ဍနှင့် တရုတ်နိုင်ငံတွင်းတွင် လုပ်ကိုင်နေသည့် နိုင်ငံခြား ကုမ္ပဏီများသို့ စတင် ပျံ့နှံ့နေပြီ ဖြစ်သည်။
အကယ်၍ အလုပ်သမားများက သူတို့၏ မြို့ပေါ်မှ အလုပ်များ ဆုံးရှုံးသွားခဲ့လျှင် သူတို့၏ ဇာတိမြို့များသို့ ပြန်ရန်က လွဲ၍ အများစုအတွက် ရွေးချယ်စရာ မရှိပါ။ အလုပ်လက်မဲ့ ရွှေ့ပြောင်းလုပ်သားများ၏ ထကြွမှုဆိုသည့် အတွေးထက် ကွန်မြူနစ် ပါတီကို ထိုးနှက်နိုင်သည့် တခြား စိုးရိမ်စရာကိစ္စ မရှိပါ။
ဖြစ်နိုင်သည့် အလာအလာ၏ သတိပေးချက်ကြောင့် နိုင်ငံတော်ကောင်စီက မေလ ၁၄ ရက်တွင် ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားသူများကို အလုပ်ရှာဖွေရေး အကူအညီပေးရန် အဖွဲ့အစည်းတခုကို ကမန်းကတန်း တည်ထောင်ခဲ့သည်။ “နိုင်ငံတော်ကောင်စီ အလုပ်အကိုင်ခန့်ထားရေး လုပ်ငန်းဦးဆောင်အဖွဲ့” အမည်ရှိ အဖွဲ့ကို တရုတ် ဒု တိယ ဝန်ကြီးချုပ် ဟူချွန်ဟွာ Hu Chunhua က ဦးဆောင်မည် ဖြစ်သည်။
ပင်ကိုယ် အရည်အချင်း ရှိသူတဦး ဖြစ်သော ဟူချွန်ဟွာသည် နိုင်ငံရေး အရဆိုလျှင် ရှီကျင့်ဖျင်နှင့် နီးကပ်သော အုပ်စုနှင့် အလှမ်းကွာသူ ဖြစ်သည်။ ဟူချွန်ဟွာက စီးပွားရေး ကိစ္စများကို တာဝန်ယူရသည့် ဒုတိယ ဝန်ကြီးချုပ် တဦးဖြစ်သော်လည်း သူ့ကို ယခုအချိန်အထိ အလုပ် အများအပြား တာဝန်ချထားပေးခြင်း မရှိခဲ့သေးပါ။ အလုပ်အကိုင်ရေးရာ အဖွဲ့၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရခြင်းက နိုင်ငံရေး စင်မြင့်အလယ်သို့ သူပြန်လာခြင်းကို ဖော်ပြနေသည်။
ဒုတိယ ဝန်ကြီးချုပ်က ရှီကျင့်ဖျင်၏ ရှန်ဟိုင်းဂိုဏ်းနှင့် ပြိုင်ဘက်ဖြစ်သော ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းနှင့် သက်ဆိုင်နေသည်။ သူရွေးချယ်ခံရခြင်းမှာ ရှီကျင့်ဖျင်နှင့် နီးစပ်သည့် လက်ထောက်များထဲတွင် လုံလောက်သည့် အတွေ့အကြုံ ရှိသူ နည်းပါးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ရွေးချယ်လိုက်ခြင်းက အကျပ်အတည်းကို ရှီကျင့်ဖျင်က ကွန်မြူနစ်ပါတီ တခုလုံးပါဝင်သည့် ချဉ်းကပ်မှု တခုဖြင့် တုန့်ပြန်နေကြောင်း ဖော်ပြနေသည်။
ကွန်မြူနစ် လူငယ်အဖွဲ့ချုပ် ဂိုဏ်းနှင့် သက်ဆိုင်သူနောက်တဦး ဖြစ်သော တရုတ်ဝန်ကြီးချုပ် လီကီကွမ်း Li Keqiang ကလည်း အနာဂတ် ဘွဲ့ရလူငယ်များ အလုပ်အကိုင်ရှာဖွေရေး သို့မဟုတ် စီးပွားရေးလုပ်ငန်းများ စတင်ရေးအတွက် အထောက်အကူပေးရန် မေလ ၁၃ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် တယ်လီဖုန်းကွန်ဖရင့်တခု ကျင်းပခဲ့သည်။
ခေတ်သစ် ခရီးရှည်ချီတက်ပွဲ သဘောတရားက ရှီကျင့်ဖျင်ကို နည်းလမ်း ၂ မျိုးဖြင့် သက်သာရာပေးနိုင်ပါသည်။
ပထမတခုမှာ သမိုင်းဝင်ကြိုးပမ်းမှုတခုကို သုံးစွဲလိုက်ခြင်းက အမေရိကန်နှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများတွင် ရှီကျင့်ဖျင်နှင့် ဒုတိယ ဝန်ကြီးချုပ် လျူဟဲ Liu He တို့၏ ကိုင်တွယ်မှုအပေါ် စိတ်ပျက်မှုများ တိုးလာနေသည့် ပါတီကို ညီညွတ်အောင် အထောက်အကူ ပြုပါလိမ့်မည်။
အခြားအကြောင်းပြချက်တခုမှာ ဒေါ်နယ်ထရမ့်နှင့် ညှိနှိုင်းမှုတခု ပြုလုပ်ရေး ပြည်သူလူထုကို ပြင်ဆင်ရန် ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းကို ရှောင်လွှဲရန် ခရီးရှည် ချီတက်ပွဲ စိတ်ဓာတ်ဖြင့် ယာယီဆုတ်ခွာခြင်းတခုအဖြစ် ခေါင်းစဉ်တပ်လိုက်ခြင်းက အလျှော့ပေးလိုက်ရမှု မှန်သမျှက ရည်ရွယ်ချက်ဖြင့် တမင်ပြုလုပ်ခြင်းဟု ယူဆခံရအောင် ပြုလုပ်ပေးလိမ့်မည် ဖြစ်သည်။
အံ့အားသင့်စရာ လုပ်ရတခု အနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီ သတင်းအချက်အလက်ရုံးက မေလ ၂၂ ရက်နေ့ တွင် နိုင်ငံခြား သတင်းမီဒီယာများအတွက် သတင်းစာရှင်းလင်းပွဲတခုကို ဘေဂျင်း၌ ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် China Center for International Economic Exchanges မှ သုတေသီ အကြီးအကဲ ကျန်ယန်ရှင်း Zhang Yansheng က တရုတ်နှင့် အမေရိကန်ကြားမှ ကာလ အလွန်ကြာမြင့်မည့် စစ်ပွဲတခုကို ကြိုတင်ဟောကိန်း ထုတ်လိုက်သည်။
၂ နိုင်ငံက ၂၀၃၅ ခုနှစ်အထိ တဘက်တွင် ဆွေးနွေး ညှိနှိုင်းပြီး နောက်တဘက်တွင် တိုက်ခိုက်နေကြလိမ့်မည်ဟု ကျန်ယန်ရှင်းက ပြောသည်။ သူက တရုတ်နိုင်ငံ၏ အမျိုးသားတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ ပညာရပ် ဆိုင်ရာကော်မတီ အတွင်းရေးမှူးချုပ်လည်း ဖြစ်သည်။
မေလ အစောပိုင်းတွင် အလားတူ အဖွဲ့အစည်းမှ အခြားသော သုတေသီတဦးကလည်း အမေရိကန်နှင့် တရုတ်တို့က တဘက်တွင် စေ့စပ်ညှိနှိုင်းပြီး တခြားတဘက်တွင် တိုက်ခိုက်ကြလိမ့်မည်ဟု လူသိရှင်ကြား ပြောကြားခဲ့သည်။
တရုတ်ဘာသာဖြင့် “ပြောပြော၊ တိုက်တိုက်” ဟု အဓိပ္ပါယ်ရသည့် စကားရပ်သည် ၂၀၃၅ အထိကြာမြင့်မည့် စစ်ပွဲအတွက် ပြင်ဆင်ရန် လိုအပ်သည်ဆိုသည့် နားလည်သဘောပေါက်မှုကို တရုတ်တနိုင်ငံလုံးတွင် စတင် ပျံ့နှံ့နေစေသည်။
၂၀၃၅ ခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီက ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သော နောက်ဆုံး အမျိုးသားကွန်ဂရက်တွင် ဆိုရှယ်လစ် လူ့ဘောင် ခေတ်မီပြောင်းလဲရေး အတွက် ပစ်မှတ်ထားသည့် နှစ်ဖြစ်သည်။ အလွယ်ကူဆုံး ဆိုရသော် တရုတ်နိုင်ငံက အမေရိကန်ကို စီးပွားရေးအရရော နည်းပညာအရပါ ကျော်တက်ရန် ဦးတည်သတ်မှတ်ထားသည့် နှစ်ဖြစ် သည်။
သတ်မှတ်ချိန်မတိုင်မီ အချိန် ၁၅ နှစ်ခွဲ ရှိပါသည်။ ၁၅ နှစ်ကာလသည် တရုတ်ကွန်မြူနစ်ပါတီက ခရီးရှည်ချီတက်ပွဲကို စတင်ခဲ့သည့် အချိန်နှင့် တရုတ်ပြည်သစ်ကို တည်ထောင်ခဲ့သည့် အချိန်ကြားမှ ကာလနှင့် ကိုက်ညီနေသည်။
တရုတ်နိုင်ငံက ခေတ်သစ် ခရီးရှည်ချီတက်ပွဲကာလအတွင်း တဘက်တွင် ညှိနှိုင်းဆွေးနွေး၍ တဘက်တွင် တိုက်ခိုက်သွားမည်၊ နောက်ဆုံးတွင် အမေရိကန်ကို အနိုင်ယူမည်ဟု ရှီကျင့်ဖျင် အမှန်တကယ် ကြေညာခဲ့သည်။
အချိန်က ရှီကျင့်ဖျင် ဘက်တွင် ရှိနေသည်။ အကယ်၍ ဒေါ်နယ်ထရမ့်က ၂၀၂၀ တွင် ပြန်လည်ရွေးကောက်ခံရသည် ဆိုလျှင်ပင် ၂၀၂၅ ဇန်နဝါရီလ နောက်ပိုင်းတွင် ရာထူး၌ ဆက်လက်ရှိနေနိုင်မည် မဟုတ်ပါ။ ရှီကျင့်ဖျင်က သူ့ကို တသက် တာလုံး တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေခွင့်ပေးသော အခြေခံဥပဒေ ပြင်ဆင်မှုတခုကို ပြုလုပ် နိုင်ခဲ့သည်။
တရုတ်နိုင်ငံအတွက် အမေရိကန်နှင့် လက်ရှိ ပဋိပက္ခက အလွန်ရှည်ကြာမည့် စစ်ပွဲ၏ အဖွင့်တိုက်ပွဲငယ် အဖြစ်သာ ရှိနေသေးသည်။ ရှီကျင့်ဖျင် အနေဖြင့် ပါတီအတွင်းမှ အချင်းချင်း တိုက်ခိုက်မှုကို ရှောင်ရှားနေနိုင်သမျှ ကာလပတ်လုံး ဖိအားများကို ခံစားရန် မလိုအပ်သေးပါ။
ထိုအချိန်တွင် မေလ ၂၇ ရက်နေ့က တိုကျိုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ပူးတွဲပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က အင်အားအပြည့်ဖြင့် ရှိနေသည်။
ယခုအခါ ပြိုပျက်လုနီးပါး ဖြစ်နေသည့် ကုန်သွယ်ရေး ဆွေးနွေးမှုများကို ရည်ညွှန်း၍ ဒေါ်နယ်ထရမ့်က ၅ လကြာ အပင်ပန်းခံ ညှိနှိုင်းဆွေးနွေးမှုများအတွင်း ပြုစုထားသည့် သဘောတူညီချက် မှုကြမ်းမှ အရေးပါသော အပိုင်းများကို တရုတ်နိုင်ငံက တဖက်သတ် ပယ်ဖျက်ခြင်းနှင့် ပတ်သက်၍ စိတ်မသက်မသာ ဖြစ်ရကြောင်း ပြောကြားခဲ့သည်။
မေလ အစောပိုင်းတွင် တရုတ်နိုင်ငံက မူကြမ်း၏ ၃၀ ရာခိုင်နှုန်းအထိ ပယ်ဖျက်ခဲ့ပြီး စာမျက်နှာ ၁၅၀ မှ ၁၀၅ မျက်နှာသို့ လျှော့ချခဲ့သည်။ ထိုသို့ သဘောထားပြောင်းလဲသွားခြင်းက မူကြမ်းမှ ဥပဒေနှင့် အညီဆောင်ရွက်ရမည့် ကိစ္စများက မမျှတသော သဘောတူညီချက်တခုနှင့် တန်းတူနေသည်ဟု ကွန်မြူနစ်ပါတီထိပ်ပိုင်းမှ ဝေဖန်ခဲ့ပြီး နောက်တွင် ပေါ်ပေါက်ခဲ့ ခြင်းဖြစ်သည်။
မေလ ၂၇ ရက်နေ့တွင် ဒေါ်နယ်ထရမ့်က ကုန်သွယ်ခွန်များကို ထပ်မံ ဂုဏ်တင်ခဲ့သည်။ “ကျနော်တို့က ကုန်သွယ်ခွန် ဒေါ်လာတွေ ဘီလီယံ ဆယ်ဂဏန်းနဲ့ ချီပြီး ရရှိနေပါတယ်” ဟု သူက ပြောသည်။ “အဲဒီ အရေအတွက်က အလွန်များပြား စွာ၊ အလွန်လွယ်ကူစွာနဲ့ တိုးတက်လာနိုင်ပါတယ်။ ဒါပေမယ့် အနာဂတ် အချိန်တခုမှာ တရုတ်နဲ့ အမေရိကန်က တကယ်ကိုကောင်းတဲ့ ကုန်သွယ်ရေး သဘောတူညီချက်တခု လုံးဝကို ရရှိလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့က အဲဒါ ကို မျှော်လင့်နေပါတယ်။”
မညီမျှသော သဘောတူညီချက်ဆိုသည့် ဝေဖန်မှုကို ထိန်းချုပ်ရန် ရှီကျင့်ဖျင်အတွက် အချိန် အနည်းငယ် လိုပါလိမ့်မည်။ သို့သော်လည်း သူ၏ ခရီးရှည်ချီတက်ပွဲ အပြောအဆိုက နောက်ဆုံးတွင် မူကြမ်းကို ၎င်းရောက်ခဲ့သည့်နေရာမှ သို့မဟုတ် ရောက်ခဲ့သည့် နေရာနှင့် အနီးဆုံးမှ ပြန်လည်စတင်ရန် အထောက်အကူ ပေးနိုင်ပါသည်။
“တသက်တာ ခေါင်းဆောင်”နှင့် “အကောင်းမြင်” အမေရိကန်သမ္မတတို့က တူညီသော စာမျက်နှာသို့ သွားရန် လမ်းညွှန် ကြိုးကိုင်နေကြသည်လော။
(Nikkei Asian Review ပါ The new Long March — Xi’s 15-year battle plan with the US ကို ဘာသာပြန်ဆိုသည်။)
ဆက်စပ်ဖတ်ရှုရန်
အမေရိကန်က ပိတ်သော်လည်း ဟွာဝေးကို မြန်မာ ကြိုဆို
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ဘယ်သူနိုင်မလဲ
ရှားပါးသတ္တုဖြင့် အမေရိကန်ကို တန်ပြန်ထိုးနှက်ရန် တရုတ်အသင့်ရှိ
မဟာသီယာ အစိုးရ တနှစ်ပြည့်တဲ့အခါ