မိုးကုတ်မြို့သို့ နိုင်ငံခြားသားဧည့်သည် သွားရောက်မည်ဆိုပါက ပြည်ထောင်စုအဆင့်ထိတင်ပြရန် မလိုတော့ဘဲ မန္တလေးတိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် သွားလာခွင့်ရရှိရန် ယခုတပတ်မှစ၍ ဖြေလျှော့ လိုက် ကြောင်း တိုင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးစန်းယု က ဧရာဝတီကို ပြောသည်။
ဦးစန်းယုက “ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ဖြေလျှော့မှုတွေက အဓိကကျပါတယ်။ ဒါ ကြောင့် Process တချို့ကို လျော့ချလိုက်တာပါ။ ဒါကလည်း လက်ရှိမှာ အကြောင်း အမျိုးမျိုး ကြောင့် ကျနော်တို့ နိုင်ငံရဲ့ ခရီးသွားကဏ္ဍနဲ့ နာမည်ဂုဏ်သတင်းအတွက် ထိခိုက်တာလေးတွေကို ကျော်လွှားနိုင်ဖို့အတွက် ရည်ရွယ် ပါတယ်” ဟု ရှင်းပြသည်။
စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်ကာ မိုးကုတ်မြို့သို့ နိုင်ငံခြားသား ခရီးသွား ခွင့်ပြုချက် ဖြေလျော့ခြင်းကို မန္တလေးတိုင်းအစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားဧည့်သည်များအနေဖြင့် မိုးကုတ်မြို့ပေါ်နှင့် မြို့တွင်းကို သွားရောက်နိုင်မည်ဖြစ်ပြီး ထို့အ တွက် မန္တလေး-မတ္တရာ-သပိတ်ကျင်း-မိုးကုတ် ကားလမ်း(လမ်းဟောင်း)တခုတည်းမှသာ သွား ရောက်ခွင့်ပြုပြီး အငှား(သို့မဟုတ်) ကုမ္ပဏီပိုင် မော်တော်ယာဉ်ဖြင့်သာ သွားလာ ခွင့်ရ မည်ဖြစ် ကြောင်း၊ သွားလာမည့် ခရီးစဉ်အား မန္တလေးတိုင်းအစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရရှိမှသာ ခရီးသွားလာနိုင်မည်ဟု သိရသည်။
ထို့အတူ နိုင်ငံခြားဧည့်သည်နှင့်အတူ ဧည့်လမ်းညွှန်ပါရှိရမည်ဖြစ်ပြီး ၎င်းတို့အား သက်ဆိုင်ရာ လိုင်စင်ရ ခရီးသွားအေဂျင်စီက တာဝန်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနလက်အောက်ရှိ နိုင်ငံခြားသား ဧည့်သည်များနှင့်ပတ်သက်သည့် ပြည်ဝင်ခွင့်ဗီဇာကိစ္စများကိုလည်း ဆောင်ရွက်ရ မည်ဟု သိရသည်။
လက်ရှိတွင် မိုးကုတ်မြို့သို့ အလည်အပတ်လာရောက်သည့် နိုင်ငံခြားသား ဧည့်သည်များထက် စီးပွားရေး အရ လာရောက်မှုများပြားပြီး သတ္တုတူးဖော်ရေးကုမ္ပဏီများမှ နိုင်ငံခြားသားဝန်ထမ်းများ လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့ခံ ဦးစိန်မြင့်က “လက်ရှိ အန်ကယ်တို့မြို့ကို လာတဲ့နိုင်ငံခြားသားအများစုက မိုးကုတ်ရဲ့ တွင်းထွက်ကျောက်မျက်တွေနဲ့ ဒေသ ပထဝီအနေအထားကို လာကြည့်တာများတယ်။ အဲဒီလိုပဲ ဒေသခံ ကလည်း နိုင်ငံခြားသားဆိုရင် ကျောက်ရောင်းဖို့ အလေ့အကျင့်လောက်ပဲရှိသေးတယ်။ အဲဒါကြောင့် ခရီး သွားတိုးဖို့ ဖြေလျှော့မှုတွေလုပ်သလိုပဲ ခရီးသွားတွေအတွက် လိုအပ်တဲ့ပြင်ဆင်မှု တွေလည်း လုပ်ပေးဖို့ လိုပါတယ်။”ဟု ဧရာဝတီကို ပြောသည်။
မိုးကုတ်မြို့သည် တိုင်းရင်းသားမျိုးနွယ် အများအပြားနေထိုင်ပြီး သဘာ၀ တောတောင် အလှများ ရှိသော်လည်း ခရီးသွားကဏ္ဍအတွက် ဆွဲဆောင်မှုဖြစ်စေမည့် အစီအမံများကို သက်ဆိုင်ရာ တာဝန်ရှိ ဌာနများက ဖော်ဆောင်သင့်သည်ဟု ၎င်းက ဆိုသည်။
ပတ္တမြားနှင့် တွင်းထွက်ကျောက်မျက်များထွက်ရှိရာ ဒေသတခုဖြစ်သည့် မိုးကုတ်မြို့ကို ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တိုက်ပွဲများမကြာခဏဖြစ်ပွားခြင်း၊ နယ်မြေ လုံခြုံ ရေး အခြေအနေများ ရှိခြင်းတို့ကြောင့် နိုင်ငံခြားသားဧည့်သည်များ ဝင်ထွက်သွားလာခွင့်ကို ကန့်သတ်ခဲ့ပြီး ပြည်ထောင်စုအဆင့် ခွင့်ပြုချက်ရရှိမှသာ သွားလာနိုင်သည့် ဒေသလည်းဖြစ်သည်။
မိုးကုတ်မြို့နယ်တွင် နိုင်ငံခြားသား ဧည့်သည်တည်းခိုနိုင်သည့် ဟိုတယ် ၃ လုံးရှိပြီး အခန်းအရေ အတွက်မှာ ၁၂၀၀ ကျော်ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က ကျင်းပသည့် မိုးကုတ်နှစ် ၈၀၀ ပြည့်ပွဲတွင် နိုင်ငံခြားသားဧည့်သည် ၂၀၀ နီးပါး လာရောက် ကြပြီး ၂၀၁၇ ခုနှစ်က မန္တလေးတိုင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည် အရေအတွက်မှာ ၄ သိန်း ၈ သောင်းကျော်ရှိ ကြောင်း တိုင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။