Google ဟာ ကမ္ဘာပေါ်က နေရာတိုင်းရဲ့ အကွာအဝေးနဲ့ ဧရိယာကို လွယ်ကူတိကျစွာ တွက်ပေးနိုင်မယ့် Feature သစ်တမျိုးကို Googl Earth အတွက် စတင်ထုတ်ပေးလိုက်ပါပြီ။
တနင်္လာနေ့က စတင်ထုတ်ပေးခဲ့တဲ့ ယခု Feature ကနေ Google Earth အသုံးပြုသူတဦးအနေနဲ့ ကမ္ဘာပေါ်က ကြိုက်တဲ့နေရာတခုနဲ့ တခုအကွာအဝေးကို အလွယ်တကူ Point ချ တိုင်းတာနိုင်မှာဖြစ်ပါတယ်။ Point နှစ်ခုတည်းမဟုတ်ဘဲ ကြိုက်သလောက် Point ချ၊ တိုင်းတာနိုင်တာဖြစ်တာကြောင့် သင့်အိမ်နားက ပန်းခြံ ဒါမှမဟုတ် ရှော့ပင်းမောလ်ရဲ့ ဧရိယာအကျယ်အဝန်းကိုလည်း အလွယ်တကူတွက်နိုင်မှာဖြစ်ပါတယ်။
Google ရဲ့ အဆိုအရ အခု “Measure Tool” Feature ဟာ User ပေါင်းများစွာ တောင်းဆိုနေတဲ့ Feature တခုဖြစ်တယ်လို့ သိရပါတယ်။ လောလောဆည် Chrome နဲ့ Android က Google Earth မှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး၊ iOS အတွက်လည်း မကြာခင်ရရှိမယ်လို့ သိရပါတယ်။
Google ဟာ Earth အတွက် အခုလို Feature အသစ် ထည့်ပေးလိုက်တာက Google Earth ကို ကုမ္ပဏီဘက်က မမေ့သေးဘူးဆိုတာလည်း ပြချင်တဲ့သဘောဖြစ်ပါတယ်။ အရင်တုန်းက ကမ္ဘာတခုလုံးရဲ့ ဂြိုလ်တုမြေပုံနဲ့ 3D Images တွေကို ကြည့်ချင်တယ်ဆိုရင် Google Earth ကိုပဲ အားကိုးခဲ့ရပေမယ့် အခုတော့ Google Maps မှာ Feature အားလုံး စုံစုံလင်လင် အသုံးပြုနေနိုင်တာကြောင့် လူတိုင်းက Maps ကိုပဲ အားလုံးပြောင်းသုံးနေကြပါပြီ။
ဒါပေမယ့် အခုလိုမျိုး Feature အသစ်တွေ Google Earth မှာလည်း ပါလာတာကြောင့် Google ဘက်က Earth အတွက် Development တွေဆက်လုပ်နေသေးတယ်ဆိုတာ သိသာပါတယ်။
Google Earth ရဲ့ Measure Tool ဟာ ပြောရမယ်ဆိုရင် လုံးဝ အသစ်အဆန်း Feature တော့ မဟုတ်ပါဘူး။ အရင်ကတည်းက Google Earth Pro Desktop Application နဲ့ Google Maps တို့မှာ Virtual Ruler နဲ့ အကွာအဝေးနဲ့ ဧရိယာကို တိုင်းတာနိုင်ပါတယ်။
ဒါပေမယ့် Google Earth ရဲ့ အခု Feature လောက်တော့ မလွယ်ကူပါဘူး။ Maps မှာဆို အကွာအဝေးတခုနဲ့ တခုတိုင်းဖို့ Right-click တချက်ချင်းစီ နှိပ်ပြီး တိုင်းနေရတာဖြစ်လို့ နည်းနည်းအလုပ်ရှုပ်ပါတယ်။
Ref: Google, The Verge